မြင့်ထွေး (ဟိုတယ်/ခရီး)

၂၀၁၇ ခုနှစ်၊ သင်္ကြန်ရုံးပိတ်ရက်ရှည်တွင် အပူဒဏ်ကိုရှောင်ရင်း မိသားစုများတွေ့ဆုံရန် အတွက် စိန်ပန်းပြာများ ဖုံးလွှမ်းရာ ကလောမြို့လေးသို့ရောက်ရှိခိုက် ဒုတိယကမ္ဘာစစ်အတွင်း ကလောမြို့၊ ဂျပန်စစ်ဆေးရုံ(အမေရိကန်သာသနာပြုကျောင်း)တွင် ဂျပန်စစ်သည်များအား ကုသပြုစု ပေးခဲ့သည့် ဂျပန်သူနာပြုဆရာ မလေး Mrs.Yoshiko ၏ အကြောင်းကို သိရှိခဲ့ရသည်။

Mrs.Yoshiko သည် အသက်(၂၀)ခန့်အရွယ် ၁၉၄၄ ခုနှစ်တွင် ကလောမြို့၌(၁)နှစ်ကျော် နေထိုင်ခဲ့စဉ်အတွင်း ကလောမြေ၊ ကလောရေ၊ ကလောလေတို့နှင့်ထိတွေ့ခွင့်ရခဲ့ပြီး၊ ရင်းနှီးခင်မင်ခဲ့ရ သော လုပ်ဖော်ကိုင်ဖက်များအပေါ် သံယောဇဉ်ကြီးစွာချည်နှောင်ခဲ့မိသည့် သူမအဖြစ်ကလွမ်းမောဖွယ်။ မြန်မာ့မြေမှ ဂျပန်များဆုံးရှုံးမှုများနှင့်အလောတကြီး ပြန်လည်ဆုတ်ခွာရာတွင် ဂျပန်နိုင်ငံ သို့မရောက်ရောက်အောင် ခက်ခဲပင်ပန်းကြီးစွာပြန်နိုင်ခဲ့သော်လည်း ခေတ္တနေထိုင်ခဲ့ရာ ကလောမြို့ လေးက ရှင်သန်ခဲ့ရာဘ၀တစ်လျှောက်လုံး သူမအပေါ် လွှမ်းမိုးထားဟန်တူသည်။ သူမကွယ်လွန် သည့်အချိန်တွင် သူမ၏အရိုးပြာအား သူမနေထိုင်ခဲ့ရာ၊ တာဝန်ထမ်းဆောင်ခဲ့ရာ ကလောမြို့၊ ဂျပန်စစ်ဆေးရုံအနီးရှိ ထင်းရှုးပင်အခြေတွင် သားဖြစ်သူမှ လာရောက်မြှုပ်နှံပေးခဲ့ သည့်အဖြစ်က ဆွတ်ပျံ့ဖွယ်ကောင်းလှသည်။ သူမနှင့်ရင်းနှီးခဲ့သော ကလောမြို့နေဖခင်ဖြစ်သူ၊ ဦးလှမြင့်ထံမှ ကြားသိရမိမှုကြောင့် တိုင်းတစ်ပါးနေ နိုင်ငံခြား သူတစ်ဦးမှပင် ခေတ္တနေထိုင်ခဲ့ရာ မြန်မာနိုင်ငံအပေါ် သည်မျှအထိ ချစ်မြတ်နိုးသည့် စိတ်ဖြစ်ပေါ်မှုအပေါ် ကျွန်တော်တို့ မြန်မာနိုင်ငံသားများအနေနှင့်လည်း မိမိနိုင်ငံအပေါ်မှန်မှန်ကန်ကန်ချစ်မြတ်နိုးကြစေရန်အတွက် “ချစ်ကြသည်ဟုဆိုရာဝယ်”  ဆောင်းပါး ကို ရေး၍မြန်မာ့အလင်းသတင်းစာသို့ပေးပို့ခဲ့ရာ (၂.၅.၂၀၁၇) ရက်နေ့တွင် ဖော်ပြပါရှိခဲ့ပါသည်။

သည်ဆောင်းပါးတွင် ပါဝင်ခဲ့သော၊ သည်ဆောင်းပါးကိုရေးဖြစ်ခဲ့သော၊ ရေးဖြစ်အောင် တိုက်တွန်းစေ့ဆော်ပေးသော ဂျပန်အမျိုးသမီး Mrs.Yoshiko ၏အကြောင်းကား သည်မှာတင်ပြီးစီး သွားခဲ့ပြီဟု ကျွန်တော့အနေဖြင့် မှတ်ထင်မိခဲ့သည်။ ကျွန်တော့်မှတ်ထင်ချက် တက်တက်စင်လွဲခဲ့ သည်။ အမှန်တစ်ကယ် ကား ပြီးစီးခြင်းမရှိဘဲ မိမိနောက်သို့လည်းကောင်း၊ မိမိစိတ်အတွေးထဲတွင် လည်းကောင်း၊ မသိစိတ်ရော အသိစိတ်ထဲတွင်ပါ သူမကအရိပ်ပမာလိုက် ပါနေခဲ့သည်။

၁၉၉၇ ခုနှစ် သင်္ကြန်ကာလ၊ ကလောမြို့သို့ ရောက်ခဲ့စဉ်က တိုက်ဆိုက်စွာပင် ဂျပန်နိုင်ငံမှ လာရောက်လည်ပတ်နေသော ဂျပန်မိသားစုတစ်ခုကို အိမ်တွင်တွေ့ဆုံခဲ့ရသည်။ အဆိုပါ ဧည့်သည် များတွင် Ms.Yoshiko နှင့် တွေ့ဆုံစကားပြောကာ အတူတကွစုပေါင်းဓာတ်ပုံရိုက်ခဲ့ဖူးသည်။

ထိုစဉ်က သာမန်ပင်သိခဲ့၊ ခင်ခဲ့၊ အမှတ်တရရှိရုံသာဖြစ်ခဲ့သော်လည်း တစ်ချိန်တွင် အဆိုပါအမျိုးသမီး သည် ကလောမြို့လေးတွင် ထာဝရလဲလျောင်းအိပ် စက်နေလိမ့်မည်ဟု စိုးစဉ်းမျှမထင်မိခဲ့။ ၂၀၁၇ ခုနှစ်၊ သင်္ကြန်ရုံးပိတ်ရက် ကလောသို့အလည်သွားခိုက် ဖခင်မှ ၁၉၉၇ ခုနှစ်တွင် ကျွန်တော်နှင့် ဓာတ်ပုံတွဲရိုက် ခဲ့သော မိသားစုထဲ၌ သူမ ပါဝင်ကြောင်းပြန်ပြောင်းပြောပြမှသိရှိရသည့်အခါ သူမအပေါ် ပို၍ စာနာ၊ နားလည်စိတ်၊ ကရုဏာစိတ်များဖြစ်မိကာ ဖော်မပြနိုင်သော ခံစားမှုကရင်ထဲသို့ နင့်နင့်ပိုးပိုး ထိုးဖောက်ခိုဝင်နေတော့သည်။

ဒုတိယကမ္ဘာစစ်အတွင်း အသက်(၂၀)နှစ်အရွယ်က သူမ သိကျွမ်းခင်မင်ခဲ့ရသော ကလောသူ၊ ကလောသားများကို အသက်(၇၄)နှစ်၊အရွယ်တွင် ကလောသို့ ပြန်လည်လာရောက်ပြီး ဇွဲနပဲကြီးစွာ ပြန်လည်ရှာဖွေခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် မိုင်ပေါင်းထောင်ချီဝေးကွာသော ဒေသမှ သူဖြစ်သော်လည်း ထင်းရှုးရနံ့များသင်းပျံ့ရာ၊ စိန်ပန်းပြာများဖုံးလွှမ်းရာ သည်ကလောမြို့လေးအပေါ် ခင်မင်တွယ်တာ လွန်းသော သူမ၏စိတ်ကိုအံ့သြမိသည်။ စစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ရာ ဂျပန်ခေတ်စစ်ဆေးရုံသို့ အရောက်သွားကာ သတိရအောင့်မေ့စွာ ထိတွေ့ကိုင်တွယ်ရင်း ငေးမော၊ တွေဝေစွာ ပြန်ပြောင်းခံစား နေမှုများအကြောင်းကို သိရှိနားထောင်ရသဖြင့် မိမိထံသို့ပင် သူမ၏ခံစားမှုများက ပူးဝင်ကူးစက် ရောက်ရှိလာသည်မှာတနင့်တပိုး။

ကလောမြို့ရှိ မိတ်ဆွေများနှင့်တွေ့ဆုံပြီး ဂျပန်နိုင်ငံသို့ ပြန်ရောက်ချိန်တွင် ကျန်းမာရေး အလွန်ဆိုးဝါးနေသည့်ကြားမှ ကျွန်တော့်ဖခင်ထံ စာရေးပေး ပို့ခဲ့သည်။ ထိုစာကို ဖခင်ဖြစ်သူမှ ကျွန်တော့်ကိုပေးအပ်ခဲ့ရာ ရှေးခေတ်ဂျပန်လူကြီးများ၏လက်ရေးစာများဖြစ်၍ ဘာသာပြန်ဆိုပေးနိုင် မည့်မိတ်ဆွေကို အကူအညီတောင်းခဲ့ရသည်။ ဘာသာပြန်ဆိုသူမိတ်ဆွေမှလည်း ဂျပန်ရှိသူ၏ မိတ်ဆွေထံသို့ ပေးပို့ကာ သူ့ပြန်ဆိုမှုနှင့် မလွဲချော်စေရန် ဂရုစိုက်ခဲ့ရသည်။

လက်ထဲရောက်ရှိလာသော သူမ၏ဘာသာပြန်စာအား စိတ်ကိုအတည်ငြိမ်ဆုံးထားရင်း ဖတ်နေသော်လည်း စာရွက်ကိုင်ထားသောကျွန်တော့်လက်များ တုန်နေသည်ကို သတိထားမိသည်။ သူမ၏၀ိဥာဉ်များအနားရောက်နေပြီလားမသိ။ တစ်လုံးချင်းတစ်ကြောင်းချင်း စတင်ဖတ်မိပါတော့ သည်။

ဂျပန်နိုင်ငံ၊ ရှိဇူအိုကခရိုင်၊ အတမိမြို့

မိဇုဂုချိ ရောရှိကို

ခင်မင်ရတဲ့ “မြင့်”ရေ…..

၁၉၄၄ ခုနှစ်၊ မတ်လမှာ ကျွန်မဟာ ဂျပန်နိုင်ငံကြက်ခြေနီအဖွဲ့ချုပ် ကယ်ဆယ်ရေးတပ်သား အဖြစ် ကလောမြို့ကို ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကလောမြို့မှာရှိတဲ့အမှတ် (၁၁၈)စစ်မြေပြင် ဆေးရုံတပ်ဆွယ်ရဲ့ ဖျားနာဆောင်မှာ သူနာပြုအဖြစ် အရင်ရောက်ရှိတာဝန်ထမ်းဆောင်နေတဲ့ နာဂနို တပ်ဖွဲ့နဲ့ ကျွန်မတို့ရှိဇူအိုကတပ်ဖွဲ့တို့ဟာ ကလောမြို့က အထက်တန်းကျောင်းဆင်းပြီးသူ မြန်မာ အမျိုးသမီး(၂၀)ဦးခန့်ရဲ့အကူအညီနဲ့ မြောက်များစွာသော ဂျပန်လူနာတွေကို ပြုစုစောင့်ရှောက် ခဲ့ပါတယ်။

လူနာတွေထဲမှာ ပြင်ပလူနာတွေရှိသလို၊ အတွင်းလူနာများမှာလည်း ငှက်ဖျား၊ အမီးဘား ၀မ်းကိုက်ပိုးလူနာများဟာ များပြားလှပါတယ်။ အင်ဖာတိုက်ပွဲများ စတင်ခဲ့တဲ့နောက်ပိုင်းမှာတော့ ထိခိုက်ဒဏ်ရာရတဲ့ဂျပန်စစ်သားလူနာများဟာ ဆေးရုံပြည့်လျှံသည်အထိ ရောက်ရှိလာတဲ့အတွက် ကျွန်မတို့ကြက်ခြေနီတပ်ဖွဲ့မှာ နားရက်လုံးဝမရခဲ့ကြသလောက်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မတို့နဲ့ မြန်မာအမျိုးသမီးသူနာပြုများဟာ စစ်သည်တွေကို မငြီးမငြူ ပြုစုကုသပေးခဲ့ကြပါတယ်။

အေးချမ်းဆိတ်ငြိမ်တဲ့ကလောမြို့လေးဟာ ထင်းရှုးပင်တွေ၊ အုပ်အုပ်ဆိုင်းဆိုင်းရှိပြီး ပန်းလေး တွေအရောင်အသွေးစုံလင်စွာ ပွင့်လန်းနေတာကြောင့် သာယာလှပလွန်းလို့ နံနက်ခင်း၊ ညနေခင်း၊ အချိန်လေးမှာ လမ်းလျှောက်ပြီးအပန်းဖြေချင်တဲ့ စိတ်ကလေးပေါ်လာတတ်ပေမယ့် ကုသရမယ့်လူနာ တွေ၊ အော်ညီးမြည်တွားနေတဲ့အသံတွေက ကျွန်မရဲ့တစ်ကိုယ်ရည်စိတ်ခံစားလိုမှုတွေကို တားဆီး အနိုင်ယူသွားကြပါတယ်။

၁၉၄၅ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ အင်္ဂလိပ်လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုများပြင်းထန်လာတဲ့ အတွက် ဒဏ်ရာပြင်းထန်တဲ့လူနာတွေကို မြေအောက်ဗုံးခိုကျင်းတွေထဲမှာ ထည့်သွင်းပြီး၊ လမ်း လျှောက်နိုင်တဲ့လူနာတွေကိုတော့ ကျွန်မတို့သူနာပြုတွေက တွဲလျှောက်လို့ တောင်တန်းရဲ့ တစ်ဖက် ခြမ်းလျှိုတွေထဲအထိ ဝေးဝေးသွားပုန်းခိုကာ ညနေမိုးချုပ်ခါနီးမှ ဆေးရုံကိုပြန်လာစေတဲ့ ဗုံးဒဏ် ရှောင်ရှားမှုကို နေ့စဉ်လုပ်ဆောင်ခဲ့ကြရပါတယ်။ ကျွန်မတို့လိုပဲ မြန်မာသူနာပြုတွေကလည်း ပင်ပန်း ကြီးစွာလုပ်ခဲ့ကြရပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ ဂျပန်စစ်သည်တွေဟာ ကုသရင်းနဲ့ပဲဘယ်နှစ်ယောက်ကွယ်လွန်ကုန်ကြ သလဲဆိုတာမရေတွက်နိုင်ခဲ့ပါဘူး။ ကျဆုံးကွယ်လွန်သွား ခဲ့ကြတဲ့ ဂျပန်စစ်သည်တွေကိုဆေးရုံ ရဲ့လျှိုအောက်ခြေမှာကောင်းမွန်စွာမြှုပ်နှံပေးခဲ့ကြပါတယ်။ မိတ္ထီလာမြို့တိုက်ပွဲပြင်းထန်လာတဲ့ အခါမှာ ဆကုရာမိချိ ကြက်ခြေနီတပ်ဖွဲ့ဟာလည်း ကလောမြို့ကိုစုစည်းရောက်ရှိလာပြီး သူနာပြု လုပ်ငန်းများကို ကျွန်မတို့ နဲ့အတူတကွ လုပ်ကိုင်ခဲ့ကြပါတယ်။

နာဂနိုတပ်ဖွဲ့၊ ဂိဖုတပ်ဖွဲ့၊ ကုမမိတိုတပ်ဖွဲ့၊ ဆဂါတပ်ဖွဲ့၊ ရှိဇူအိုကတပ်ဖွဲ့တွေကို အမှတ် (၁၂၄)စစ်မြေပြင်ဆေးတပ်ရင်းကိုပြောင်းရွေ့တာဝန်ပေးခဲ့ပြီး၊ နောက်မှာတော့ ၁၉၄၅ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့ခန့်မှာ ကျွန်မတို့ကြက်ခြေနီကယ်ဆယ်ရေးတပ်သားတွေကို မြန်မာနိုင်ငံကနေ ဆုတ်ခွာဖို့ အမိန့်ရခဲ့ပါတယ်။ အခုဒီစာကိုရေးနေတဲ့အချိန်ဟာ လွန်ခဲ့တဲ့ (၅၄)နှစ်က အချိန်လောက်ပါပဲရှင်။

ကျွန်မတို့အားလုံးကိုယ်ပိုင်ပစ္စည်းတွေကို မီးရှို့ပြီး ကလောမြို့လေးကမထွက်ခွာခင် ကျွန်မ တို့ကို ချင်ခင်ကြင်နာစွာ စောင့်ရှောက်ပြုစုပေးခဲ့တဲ့ မြန်မာအမျိုးသမီးသူနာပြုတွေနဲ့ ပြန်ဆုံနိုင်ပါစေလို့ ရင်ထဲမှာမချိစွာခံစားရင်း နှုတ်ဆက်ဆုတောင်းကာ ကျွန်မတို့ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဖြစ်သလို ဆုတ်ခွာခဲ့ကြပါတယ်။ ကျွန်မတို့ရဲ့ဆုတ်ခွာမှုဟာ ဘာမှမသေချာမရေရာတဲ့ လမ်းခရီး ဖြစ်တာမို့ မနက်ဖြန်ဆိုတာမပြောနဲ့၊ နာရီတိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ ဘာဖြစ်မလဲဆိုတာ မပြောနိုင်တဲ့ဘ၀ပါ။ ကျွန်မတို့နဲ့ပါလာတာကတော့ လမ်းခရီးတစ်လျှောက်လိုအပ်ရင်သုံးဖို့ အနာ ပိုးသတ်ဆေးအနည်းငယ်နဲ့ တစ်စုံ တစ်ခုကြုံတွေ့ရရင် ရင်ဆိုင်နိုင်ဖို့ လက်ပစ်ဗုံးတစ်ယောက် တစ်လုံးသာဖြစ်ပါတယ်။ ဒေသခံတစ်ယောက်က လမ်းပြပြီး၊ ဂျပန်စစ်သည်(၇)ယောက်က သူနာပြု တပ်ဖွဲ့တစ်ဖွဲ့လုံးကို ကာကွယ်စောင့်ရှောက်လို့ ကလောမြို့တောင်ပေါ်ကလေးကနေ ဆင်းလာခဲ့ကြပါ တယ်။ ကံမကုန်သေးရင်တော့ ပြန်ဆုံချင်ပါသေးရဲ့ ကလောလေးရယ်လို့ ပြေးရင်းဆုတ်ခွာရင်း စိတ်ထဲမှာ ရေရွတ်ပြောဆိုနေမိပါတယ်။

ကျွန်မတို့ဆုတ်ခွာခဲ့တဲ့လမ်းဟာ ထိုင်းနိုင်ငံကို ဖြတ်ကျော်ဆုတ်ခွာဖို့ ဦးတည်ခဲ့တာကြောင့် လမ်းမှာချောင်းတွေ၊ ဖြတ်ကူး၊ တောင်ကြော တစ်လျောက်ကျော်ဖြတ်လို့ တောနက်နက်ထဲမှာ ခက်ခက် ခဲခဲဆုတ်ခွာခဲ့ရပါတယ်။ မိုးရာသီဖြစ်နေတာကြောင့်လည်း မိုးရေတွေစိုရွှဲလို့ ချမ်းအေးတဲ့ဒဏ် ကိုလည်း မမှုနိုင်တော့ပါဘူး။ မှောင်မိုက်မှုတွေကိုလည်း မကြောက်လန့်နိုင်တော့ပါဘူး။ အိပ်စက်ဖို့လည်း အခွင့်အရေးမရခဲ့ပါဘူး။ စားရေရိက္ခာတွေ လည်းကုန်လို့ ငှက်ဖျားရောဂါလည်း ၀င်ရောက်လာတာ ကြောင့် အားအင်ကုန်ခမ်းပြီး နောက်ဆုံးဝါးလုံးတောင်ဝှေးကို အားပြုလို့ ကျန်ရှိတဲ့အားအင်နဲ့ နေ့စဉ်ဖြတ်ကျော်ခဲ့ရပါတယ်။

နောက်ဆုံးတော့ မြန်မာ-ထိုင်း နယ်စပ်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး ချင်းမိုင်မြို့ကို ရောက်ရှိတဲ့ အချိန်မှာ ဇွန်လကုန်ပိုင်းရှိနေပါပြီ။ ကျွန်မတို့ကီလို မီတာ(၆၀၀)လောက်ကို မရပ်မနားခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ကြတာပါလား။

အခု(၅၄)နှစ်ကြာခဲ့ပြီဆိုတော့ အခုကျွန်မအသက်(၇၄)နှစ်အရွယ်မှာ ကျန်းမာရေးမကောင်း ပေမယ့် ဒုတိယကမ္ဘာစစ်အတွင်း ကျွန်မငယ်ရွယ်စဉ်က လွမ်းဆွတ်ဖွယ်အတွေ့အကြုံများနဲ့ ကျွန်မကို ကူညီ စောင့်ရှောက်ခဲ့တဲ့ ကျွန်မခင်တွယ်ခဲ့ရတဲ့ ကလောမြို့နဲ့ ကလောသူ၊ ကလောသားတွေကို ပြန်လည် အောက်မေ့လွမ်းဆွတ်လို့ ကျွန်မသားနဲ့ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ ကလောမြို့ ကိုရောက်ရှိနေတဲ့ အချိန်လေးမှာ စစ်အတွင်းက ကျဆုံး၊ ကွယ်လွန်ခဲ့ ကြတဲ့ စစ်သည်တွေမြှုပ်နှံရာ လျှိုထဲကိုသွားပြီး သူတို့အတွက်ဆုတောင်းပေးခဲ့သလို ကျွန်မတို့နိုင်ငံအတွက် အသက်စွန့်ပေးခဲ့ ကြသော သိန်းချီတဲ့ဂျပန်စစ် သည်တော်တွေနဲ့ မြန်မာတိုင်းရင်းသားတွေအတွက် အာဇာနည်များ အဖြစ် နှလုံးသားထဲက နင့်နင့်နဲနဲအလေးပြုဆုတောင်းပေးလိုက်ပါတယ်။

မမေ့နိုင်တဲ့၊ မေ့လို့မရတဲ့၊ အမြဲတမ်းလွမ်းဆွတ်နေရမယ့် ကလောမြို့ရဲ့ သည်လမ်း၊ သည်ရှုခင်း တွေဟာ ဟိုးရှေးရှေးတုန်းကလိုပဲ အိပ်မက်ထဲက ပန်းဥယျာဉ်တစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်နေတာကို တွေ့ရလို့ အရမ်းကြည်နှုးချမ်းမြေ့ရပါတယ်။

ခင်မင်ရတဲ့“မြင့်”ရေ

ကျွန်မပြန်စဉ်းစားကြည့်လိုက်တဲ့အခါတိုင်း အဲသည်(၅၄)နှစ်ကျော်ကာလတုန်းက ဂျပန် စစ်သည်တွေကို ကြင်ကြင်နာနာနဲ့ သူနာပြုလုပ်ငန်းဆောင် ရွက်ပေးခဲ့ကြတဲ့ မြန်မာအမျိုးသမီးများကို သတိတရရှိနေဆဲဆိုတာ ကျွန်မကိုယ်ကျွန်မ၀န်ခံပါတယ်။ အဲသည်မြန်မာမိန်းကလေး များထဲက နှစ်ဦးနဲ့လည်း ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ သူတို့နဲ့တွေ့ရတဲ့အချိန်မှာ ကျွန်မဟာ အသက် (၂၀)အရွယ်ကို ပြန်ရောက်သွားသလိုပါပဲ။ ဟိုးတုန်းက အတူသီဆိုခဲ့ကြတဲ့ ဂျပန်သီချင်းတွေကို သူတို့နဲ့ အတူသီဆိုဖြစ်ပါတယ်။ သူတို့တွေ ဂျပန်သီချင်းတွေကို အခုထိအမှတ်ရနေကြတုန်းဖြစ်ပြီး

ကျွန်မနဲ့အတူ သီဆိုနိုင်ကြတာမို့  ကျွန်မအံ့သြမိပါတယ်။ ပြန်လည်တွေ့ဆုံမှုက လွမ်းဆွတ်အောက် မေ့သတိရဖွယ်များမို့ ကျွန်မနေပျော်သေပျော်ပါပြီရှင်။

ဒါ့အပြင် ကလောဟိုတယ်ရဲ့မန်နေဂျာဖြစ်တဲ့ ခင်မင်ရတဲ့“မြင့်”က ဂျပန်လူမျိုးတောင်ရှုံးရမယ့် ဂျပန်ဘာသာစကားကို ဂျပန်တွေအရှုံးပေးရလောက်အောင် ပြောဆိုနိုင်တာကတော့ ကျွန်မတို့နှစ် ယောက်ကြားမှာ ချစ်ခင်ရင်းနှီးမှုကို ပိုမိုတိုးပွားစေပါတယ်ရှင်။ ခင်မင်ရတဲ့“မြင့်”နဲ့ “မြင့်”တို့မိသားစုရဲ့ ဧည့်ဝတ်ကျေပွန်မှုများကို ကျွန်မတို့သားအမိလက်ခံရရှိခဲ့ပြီး၊ “မြင့်” တို့မိသားစုရဲ့ လိုက်လံပို့ဆောင် မှုကြောင့် မြန်မာဘုန်းတော်ကြီးကျောင်းကိုလည်း ရောက်ရှိခဲ့ရပါတယ်။ ဘုန်းတော်ကြီးတွေကို ဦးခိုက်ရင်း ဘုန်းတော်ကြီးကျွေးမွေးတဲ့ ဧည့်ခံစားသောက်ဖွယ်ရာတွေကလည်း ဘယ်လိုမှတွေးတော မထားနိုင်တဲ့၊ မထင်မှတ်ထားနိုင်တဲ့ နွေးထွေးတဲ့ နှလုံးသားနဲ့ ကျေးဇူးတင်ရှိမှုကို ကျွန်မရဲ့နှလုံးသားမှာ သော့ခတ်ရိုက်နှိပ် ထားပြီးဖြစ်နေပါပြီရှင်။ လှပတဲ့ကလောမြို့လေးမှာ (၄)ညအိပ်(၅)ရက်ခရီးဟာ မိုင်ပေါင်း ထောင်ချီဝေးတဲ့ ဂျပန်နိုင်ငံမြို့လေးကလာခဲ့ရတဲ့ ကျွန်မအဖို့ မလုံလောက်သလို မတင်းတိမ် နိုင်ပါဘူးရှင်။ အနှစ်နှစ်အလလက ယုံကြည်မျှော်လင့်ချက်ထားခဲ့တဲ့ ကလောမြို့လေးကို မသေခင် အရောက်သွားမယ်လို့ ဆုံးဖြတ်ပြီး၊ ကြိုးပမ်းအားစိုက်ခဲ့ရပါတယ်ရှင်။ ကျွန်မကလောမြို့လေးကို ချစ်တယ်။ စိတ်သဘောထားဖြူစင်နူးညံ့တဲ့ကလောသူ၊ ကလောသားတွေကိုလည်း ချစ်တယ်။ သဘာဝတရား တွေနဲ့လွှမ်းခြုံထားပြီး၊ အေးချမ်းသာယာလှတဲ့ ကလောမြို့လေးဟာ ကျွန်မဘ၀၊ ကျွန်မနှလုံးသားမြှုပ်နှံရာဖြစ်စေချင်လောက် အောင်ချစ်မြတ်နိုးလှပါတယ်ရှင်။

ကလောမြို့သူ၊ မြို့သားများရဲ့ နှလုံးသားထဲမှာ ကျွန်မ မရှိနိုင်ပေမယ့် ကျွန်မရဲ့နှလုံးသားထဲမှာ တော့ မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ ကလောမြို့လေးနဲ့ ကလောသူ၊ ကလောသားတွေအပေါ် နက်နက် ရှိုင်းရှိုင်းရှိနေပါတယ်ရှင်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက စွဲလမ်းခဲ့ရတဲ့ ကျွန်မနှလုံးသားဟာ “မြင့်”နဲ့တွေ့ရတော့ပိုပြီး လွမ်းမောစရာဖြစ်စေမိသွားပါပြီရှင်။ ကလောမြို့ရဲ့ နွေးထွေးမှု၊ အေးမြမှု၊ သာယာမှု၊ ကြည်နှုးဖွယ်ရာများဟာ ဒီနေ့ခေတ်ဂျပန်လူမျိုးတွေမေ့ပျောက်သွားပြီ ဖြစ်တဲ့သနားကြင်နာ မှု၊ ကိုယ်ချင်းစာမှုတွေကိုတွေ့ရပြီး ကျွန်မတို့ကို အရှက်ရစေခဲ့ပါတယ်ရှင်။

သည်ဘ၀အတွက်၊ ကျွန်မဘ၀အတွက် တိတ်ဆိတ်သော၊ အေးချမ်းသောနေရာလေးဟာ ကလောမြို့လေးပါ။

ခါးသီးခဲ့ရတဲ့ဖြစ်အင်တွေကတဆင့် ငြိမ်းချမ်းရေး၊ စည်ပင်ဖွံ့ဖြိုးရေးနဲ့ လူသားများအတွက် ပျော်ရွှင်မှုတွေကိုရရှိပါစေလို့ ဆုတောင်းလျှက်

နာကျင်ဝမ်းနည်းမှုနှလုံးသားဖြင့်

ဆာယိုနာရာ……..ပါ “မြင့်” ရေ

(မိဇုဂုချိ ရောရှိကို)

ကျန်းမာရေးဆိုးဝါးစွာခံစားနေရသည့်ကြားမှ သည်စာကို ရေးသားပေးပို့ခဲ့ပြီး၊ မကြာမီပင် အတမိမြို့တွင်ကွယ်လွန်ခဲ့ပြီးဖြစ်ပါသည်။ ကလောမြို့လေးသို့ အသက်ရှင်လျက် မည်သို့မျှပြန်လည် ရောက်ရှိနိုင်တော့မည် မဟုတ်သည်ကို သူမသိရှိနေပြီးမို့ ကျွန်တော့်အဖေအား (ထပ်မံနှုတ်ဆက် ခြင်း/ ထပ်မံနှုတ်မဆက်နိုင်တော့သော၊ ထပ်မံတွေ့ဆုံမှုမရှိနိုင်တော့သော၊ နောက်ဆုံးနှုတ်ဆက် ခြင်းဖြင့်) အပြီးတိုင် “ဆာယိုနာရာ” ဟု နှုတ်ဆက်သွားခဲ့ချေပြီ။

စာကသည်မှာတင်ဆုံးသွားပြီဖြစ်သော်လည်း ကျွန်တော်ဖတ်လို့မ၀သေး၊ အတွေးလည်းမဆုံး သေး၊ သူမရဲ့စာကို ကျွန်တော်ဖတ်ရသည့် အချိန်မတော့ မစ်မိဇုရုချိ ရောရှိကို အနေဖြင့် ကလောမြို့၊ ဂျပန်စစ်ဆေးရုံ(အမေရိကန်သာသနာပြုကျောင်း)အတွင်းရှိ ထင်းရှုးပင်ခြေရင်းတွင် အေးချမ်းစွာ ထာဝရအိပ်စက် လဲလျောင်းလျက်ရှိနေပြီးဖြစ်ပါသည်။ သူမချစ်သော၊ သူမမြတ်နိုးသော ကလော ထင်းရှုးတောင်ကြောတွင် မနိုးသောအိပ်စက်ခြင်းဖြင့် အေးချမ်းစွာအနား ယူနေပြီးဖြစ်ပါသည်။

သူမ မကွယ်လွန်မီ သူမ၏သားအား အသေအချာမှာထားခဲ့ဟန်တူပါသည်။ သူမ၏ အရိုးပြာ အား သားဖြစ်သူက ဂျပန်နိုင်ငံမှ ယူဆောင်လာကာ ကလောမြို့၊ ဂျပန်စစ်ဆေးရုံအတွင်းရှိ ထင်းရှုးပင် ခြေရင်းတွင် သူမဆန္ဒအတိုင်း ကောင်းမွန်စွာမြှုပ်နှံပေးခဲ့ပါသည်။

ဂျပန်လူမျိုးတို့၏ စိတ်ဓာတ်ကားလေးစားချစ်ခင်ဖွယ်ကောင်းလှသည်။ ပြာပုံဘ၀မှ နိုးထကာ ခေတ်မီတိုးတက်သော နိုင်ငံဖြစ်အောင် ကြိုးစားနိုင်ခဲ့ကြ သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဆောင်ရွက်ခဲ့ သည်များကို နောင်တရကြကာ သူတို့ပြုမူကျုးလွန်ခဲ့ကြသော နိုင်ငံများအပေါ် တောင်းပန်ခြင်း၊ ကူညီစောင့်ရှောက်ခြင်း၊ ဖေးမခြင်းလက်တွဲခေါ်ခြင်းများဖြင့် ဆောင်ရွက်ကြသည်။ အမှားကိုအမှားမှန်း သိ၍ ၀န်ခံကာအမှန်ကိုပြင်ကြသည်။ တာဝန်သိမှု၊တာဝန်ခံမှုပြုလုပ်ကြသည်။ ကျွန်တော်တို့မြန်မာနိုင်ငံ အပေါ် စေတနာမှန်စွာ အများဆုံးကူညီလှူဒါန်းနေသည်ကိုတွေ့ရသည်။

ကျွန်တော်ကလောမြို့သို့ ရောက်၍သူမအရိုးပြာမြှုပ်နှံထားရှိရာ ထင်းရှုးပင်ခြေရင်းသို့ သွား ရောက်ကြည့်ရှုသည့်အခါတိုင်း မဖော်ပြနိုင်သော ခံစားမှုများက ရင်ထဲသို့အမြဲဝင်ရောက်လာတတ် သည်။ ထင်းရှုးပင်ခြေရင်းတွင် ဖြူဖွေးလှပသော၊ မွှေးပျံ့သောရနံ့ရှိသည့် ပန်းကလေးများ ပွင့်လန်း လျက်ရှိနေသည်ကို မြင်တွေ့ရပြီး သူမလားလို့ အတွေးစိတ်ထဲအလိုလိုဖြစ်လာတတ်သည်။ သူမကို လည်း အေးချမ်းတဲ့ဘ၀လေးမှာ သူမချစ်မြတ်နိုးသော ကလောမြေ၊ ကလောရေ၊ ကလောလေနဲ့အတူ မွှေးပျံ့သာယာစွာလွင့်ပျံဝေ့၀ဲနိုင်ပါစေလို့သာ ဆုတောင်းပေးနေမိသည်။

ကလောမြို့လေးမှာ ပင်လယ်ရေမျက်နှာပြင်အထက်(၄၂၉၂)ပေတွင်တည်ရှိပြီး တောင်များ ၀န်ရံလျက်ရှိသဖြင့် ဒယ်အိုးပုံသဏ္ဍာန်ဖြင့်လည်း နှိုင်းကြ သည်။ ကလောသည် ပလောင်လူမျိုးများ၏ ကလောက် ဟူသောအသံထွက်မှ ဖြစ်ပေါ်ပြောင်းလဲလာကြောင်းသိရသည်။ ပလောင်စကားအရ ကလောက်သည် ဒယ်အိုး(သို့မဟုတ်)ဇလုံဟုအဓိပ္ပာယ်ရပါသည်။ ထင်းရှုးပင်များ ထိန်းသိမ်းကျန်ရှိ နေသဖြင့် ထင်းရှုးမြို့တော်ဟုလည်း တင်စားကြသည်။ ချယ်ရီပင်များ ပေါက်ရောက်ပွင့်လန်းသဖြင့် လည်း ချယ်ရီမြို့တော်ဟုဆိုကြပြန်သည်။ စိန်ပန်းပြာများ ဖုံးလွှမ်းတတ်၍လည်း  စိန်ပန်းမြို့တော်ဟု အမွှမ်းတင်ကြပြန်သည်။ အေးမြ၊ စိမ်းစို၊ သန့်ရှင်း၊ သာယာ၊ လှပလွန်း၍ ကလောမြို့သို့ ရောက်ဖူးသူ တိုင်း နှုတ်မှတဖွဖွတသသပြောဆိုကျန်ရှိကာ ထပ်မံလည်ပတ်လိုတတ်ကြသလို၊ မရောက်ဖူးသူများ အနေနှင့်လည်း မရောက်ရောက်အောင် လာရောက်လည်ပတ်တတ်ကြသည်။

ကလောမြို့နယ်အတွင်း ဗမာ၊ ရှမ်း၊ ဓနု၊ ပအို့ဝ်၊ တောင်ရိုး၊ ပလောင်၊ တိုင်းရင်းသားများ နေထိုင်ကြသဖြင့် တိုင်းရင်းသားတစ်မျိုးစီ၏ ဓလေ့ထုံးတမ်းများ၊ ၀တ်စားဆင်ယင်မှုများ၊ ရိုးရာ ယဉ်ကျေးမှုများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ရိုးရာပွဲတော်များ၊ တိုင်းရင်းသားအစားအစာများ၊ ရာသီအလိုက်ပွင့်သော ပန်းကလေးများက လာရောက်လည်ပတ်သူများကို စွဲမက်နှစ်ခြိုက်စေသည်။ သင်းပျံ့သော ထင်းရှုးရနံ့များရှုရှိုက်ကာ တောင်တက်တောင်ဆင်းလမ်းများအတိုင်း လမ်းလျှောက်ရင်း အပန်းဖြေ၊ လေ့ကျင့်ခန်းလုပ်နိုင်သည်။ သန့်ရှင်းသာယာလှပသောရှုခင်းများကို တ၀ကြီးခံစား ကြည့်ရှုနိုင်သည်။ ရာသီဥတုအေးမြခြင်းနှင့် အတူ အနောက်တိုင်းပုံစံ ရှေးဟောင်းအိမ်များ ကျန်ရှိနေ သေးခြင်း၊ ပုံစံတူတည်ဆောက်ထားခြင်းများကြောင့် ဥရောပနိုင်ငံတစ်ခုသို့ ရောက်ရှိသကဲ့သို့ ခံစားနိုင် သည်။ Small England ဟုပင်တင်စားခေါ်ဝေါ်ကြပါသည်။

ဤသို့စွဲမက်နှစ်ခြိုက်စရာကောင်းလှပြီး၊ လေ့လာစရာများစုံလင်လှသော အခြေအနေအရပ်ရပ် ကို ပိုင်ဆိုင်ထားမှုကြောင့် ကလောမြို့၏ခရီးသွားလုပ် ငန်းမှာ အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ကလောမြို့သို့ လာရောက်လည်ပတ်သော ပြည်တွင်းပြည်ပဧည့်သည်များ များပြားလာမှု ကြောင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ အပြိုင်အဆိုင်ပေါ်ထွက်လာခဲ့သည်။ မြို့ဧရိယာကျဉ်းသည့် ကလောမြို့လေးတစ်မြို့တွင် ဟိုတယ်(၂၈)လုံး၊ တည်းခိုခန်း (၁၇)လုံး၊ စုစုပေါင်းအခန်း (၉၃၀)ခန်း ရှိသဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့များတအဆင့်၌ရပ်တည်နေသည်။ ကလောမြို့လေးတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး လာခြင်းကြောင့် နံနက်မိုးလင်းသည်မှ မိုးချုပ်သည်အထိ ခရီးသွားလုပ်ငန်း ဆက်နွယ် သမျှသော အရာရာများ၏  လှုပ်ရှားမှုများက အမြဲတက်ကြွလတ်ဆက်စွာ တွေ့မြင်နေရ သည်။

ကလောမြို့လေးအား ဗဟိုပြု၍ Culture Tourism (Natural Cave, Ethnic Group), Sports Tourism(Marathon, Biking, Cycling, Caravan), Adventure Tourism(Trekking, Kayaking, Rafting), Eco-Tourism(Elephant Camp, Bird Watching), Community Based Tourism (Farm, Plantation) စသည့် ခရီးသွားလုပ်ငန်းမျိုးစုံကို ဆောင်ရွက်နိုင်ခြင်းကြောင့် မြို့သေးငယ် သော်လည်း အထင်သေး၍မရသည့် အလွန်စွဲမက်ဖွယ်ကောင်းလှသော မြို့လေးဖြစ်ပါသည်။

ဂျပန်နိုင်ငံသူ Mrs.Yoshiko မြတ်နိုးတွယ်တာခဲ့ပြီး၊ ထာဝရမှေးစက်ရာ ကလောမြို့လေးကား သူမဆုတောင်းသလို ငြိမ်းချမ်းစွာစည်ပင်ဖွံ့ဖြိုးစွာ၊ တိတ်ဆိတ်စွာ၊ အေးချမ်းစွာ၊ ပျော်ရွှင်မှုများရှိပါစေ၊ ခရီးသွားလုပ်ငန်းဖြင့် နွေးထွေးမှု၊ အေးမြမှု၊ သာယာမှု၊ ကြည်နှုးမှုများ ဆက်လက်ရှင်သန်ဖြစ်ထွန်း ပါစေဟုသာ Mrs.Yoshiko နှင့်ထပ်တူ ဆုတောင်းနေမိပါတော့သည်။