နေပြည်တော် မတ်လ ၇ ရက်

ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ စနစ်တကျနှင့်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(မန္တလေးရုံးခွဲ)၏ကြီးကြပ်မှု၊ ပုဂ္ဂလိကအသင်းအဖွဲ့များပူးပေါင်းပါဝင်မှုနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ ပံ့ပိုးကူညီမှုတို့ဖြင့် (၄.၂.၂၀၁၉)ရက်နေ့မှ (၃.၃.၂၀၁၉)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည် တရုတ်၊ ကိုရီးယားနှင့် ဂျပန်ဘာသာတို့အတွက် ဒေသဆိုင်ရာဧည့်လမ်းညွှန် (အခြေခံ)သင်တန်းအမှတ်စဉ် (၄၃)သင်တန်းဆင်းပွဲ အခမ်းအနားကို (၄-၃-၂၀၁၉)ရက်နေ့ နေ့လယ်ပိုင်းတွင် မန္တလေးမြို့ အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်း အစည်းအဝေးခန်းမ၌် ကျင်းပပြုလုပ်ခဲ့ပါသည်။

          သင်တန်းဆင်းပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံခွဲ)မှ ညွှန်ကြားရေးမှူး ဦးခင်မောင်ရွှေနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာဆရာမများနှင့်  ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/သင်တန်းသူ(၁၁၈)ဦး၊ စုစုပေါင်း (၁၄၉)ဦး တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ညွှန်ကြားရေးမှူး ဦးခင်မောင်ရွှေ၊ မန္တလေးဧည့်လမ်းညွှန်များ အသင်းဥက္ကဌ ဦးဝင်းဇော်ဦးနှင့် Myan Mandalay International Travel Co.,ltd မှ ဦးအောင်သန်းကျော်တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး ထူးချွန်ဆုရသင်တန်းသားသင်တန်းသူများအား ဆုများကို လည်းကောင်း၊ သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များကို လည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြပါသည်။

          ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့တွင် ဟိုတယ်ဆိုင်ရာ ၀န်ဆောင်မှုသင်တန်း အမှတ်စဉ်(၁) မှ (၁၅) အထိ သင်တန်းသား/ သင်တန်းသူ (၂၄၉၈)ဦး၊ မိတ္ထီလာမြို့ တွင် သင်တန်းသား/သင်တန်းသူ(၆၀)ဦး စုစုပေါင်း(၂၅၅၈)ဦး၊ မိုးကုတ်မြို့နှင့်မန္တလေးမြို့တို့တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် (အခြေခံ) သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၄၁၈)ဦးနှင့် လူဇင်ဘတ်နိုင်ငံ Lux-dev ၏ ကူညီမှုဖြင့် Hotel Operation Management နှင့် Supervisory Management သင်တန်းသား/ သင်တန်းသူ(၁၈၀)ဦး တို့ကိုအောင်မြင်စွာ မွေးထုတ်နိုင်ခဲ့ပြီး ၂၀၁၉ခုနှစ်တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းများ၊ Hotel Operation Management နှင့် Supervisory Management သင်တန်းများကိုလည်း စဉ်ဆက်မပျက် ဆက်လက်ဖွင့်လှစ် သွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။