ဖိုးညို(မင်းကင်း)

မြူခိုးအုံ့ဆိုင်း မှိုင်းမှုံပျပျ လှပနေသော နာဂဒေသရှိ လေရှီးမြို့လေးသည် (၂၀၁၉)ခုနှစ် နာဂရိုးရာ ကျင်းပမည့် မြို့ငယ်လေး တစ်မြို့ဖြစ်သည်။ နွေရာသီဟူသော ဥတုမရှိလောက်အောင်ပင် အေးချမ်းသာယာ ပြီး နေချင့်စဖွယ်ရှိသော နာဂလူမျိုးအများစုနေထိုင်ရာဒေသဖြစ်သည်။ လေရှီးမြို့ရှိ နာဂလူမျိုးများမှာ ရိုးရာ နှစ်သစ် ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အားအင်စိုက်ထုတ် ကြိုးပမ်းလုပ်ဆောင်လျှက်ရှိ ကြပါသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပနိုင်ရေးဆောင်ရွက်မှုများ

(၂၀၁၉)ခုနှစ်နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၉.၉.၂၀၁၈) ရက်နေ့တွင် လေရှီးမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်မ၌ စစ်ကိုင်းတိုင်း ဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးသန်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဆောင်ကာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ရေး ဦးစီးအဖွဲ့၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိ သူများတက်ရောက်ပြီး နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဆောင်ရွက်မည့် အစီအမံများ၊ လာရောက် လေ့လာ လည်ပတ်မည့် ခရီးသွားများအတွက်တည်းခိုနေထိုင်ရေး၊ လေ့လာလည်ပတ်နိုင်သည့် နေရာများ၊ ပွဲတော် အတွင်းတင်ဆက်ပြသမည့်အစီအစဉ်များကို ညှိနှိုင်းခဲ့ကြကြောင်း သိရှိရပါသည်။

လေရှီးမြို့နယ်အတွင်းနေထိုင်ကြသော နာဂလူမျိုးများ

လေရှီးမြို့နယ်အတွင်း နာဂလူမျိုး(၆)မျိုးနေထိုင်ကြပြီး နာဂလူမျိုး မျိုးနွယ်စုစုပေါင်း(၃၀)ကျော်ရှိ ကြောင်းကိုလည်းလေ့လာသိရှိရပါသည်။ (၂၀၁၉)ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လေရှီးမြို့နယ်ရှိ ပါရာ၊ ကိုးကာ၊ တန်ကွန်၊ မကူရီ၊ လောင်ဖူရီ၊ ခဲမြူငမ် ဟူသော နာဂလူမျိုးစု(၆)မျိုးတို့၏ ရိုးရာဓလေ့ ကပွဲများဖြင့် ဖျော်ဖြေခြင်း၊ ပြခန်း အိမ်(၆)လုံးတွင် ရိုးရာအသုံးအဆောင်များကြည့်ရှုနိုင်ခြင်းအပြင် နတ်တို့ ဖန်ဆင်းထားလေသလောဟူ၍ ထင်မှတ်ရလောက်သော လေရှီးမြို့ ၏အလှအပများကို ခံစားတွေ့မြင် ရမည်ဖြစ်ပါသည်။

လေရှီးမြို့သို့သွားရောက်နိုင်သောလမ်းကြောင်းများ

လေရှီးမြို့သည် တောင်ပေါ်ဒေသဖြစ်သော်လည်း သွားလာရန်များစွာခက်ခဲသည့်ဒေသတစ်ခု မဟုတ်ပေ။ ဟုမ္မလင်းမြို့နှင့်ခန္တီးမြို့တို့သည် လေဆိပ်ရှိကြ သဖြင့် လေကြောင်းဖြင့်အဆိုပါမြို့များသို့ လေယာဉ်ဖြင့်သွားရောက်နိုင်သည်။ မန္တလေးမြို့မှ ဟုမ္မလင်းနှင့်ခန္တီးမြို့များသို့ Myanmar National Airline ဖြင့် သွားရောက်နိုင်ပြီး မန္တလေး-ခန္တီးလေကြောင်းမှာ နေ့စဉ်သွားလာနိုင်ကြောင်း၊ မန္တလေး-ဟုမ္မလင်း လေကြောင်းသည် ကြာသပတေးနေ့တွင်သွားလာနိုင်ကြောင်း သိရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မုံရွာမြို့မှ သွားမည်ဆိုလျှင် လေကြောင်း၊ ရေကြောင်း၊ မော်တော်ကားလမ်းကြောင်း (၃)မျိုးမှ သွားလာနိုင်မည်ဖြစ်ပါသည်။ မုံရွာ-ဟုမ္မလင်း(MNA) လေကြောင်းလိုင်းသည် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် ပြေးဆွဲလျှက်ရှိပါသည်။ ရေကြောင်းမှ စက်လှေ(အမြန်ယာဉ်)ဖြင့် ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့ များသို့ နေ့စဉ်ထွက်ခွာ သွားလာနိုင်ပြီး ချင်းတွင်းမြစ်၏အလှတရားများကိုပါတစ်ပါတည်းခံစားနိုင်ပါမည်။ မော်တော်ကားလမ်း ဖြင့်သွားလာမည်ဆိုပါက မုံရွာ- ရေဦး- နောင်ပိုအောင်ကားလမ်းမှ သွားလာနိုင်ပြီး (၃၃၄) မိုင်ခန့် ကွာဝေး ကာတောတောင် သဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပါသည်။

ထမံသီစံပြကျေးရွာ တစ်ဖက်ကမ်းရှိ ပင်းမသို့ဟုမ္မလင်းမှမိုင်(၅၀)၊ ခန္တီးမြို့မှ မိုင် (၈၀)ကွာဝေးပြီး မော်တော်ကား (သို့) ရေကြောင်းမှသွားနိုင်ပါမည်။ ပင်းမမှ ထမံသီစံပြကျေးရွာသို့ ကိုယ်ပိုင်မော်တော်ကား များဖြင့် လာရောက်သောခရီးသွားများအတွက် ကူးတို့တွဲ သင်္ဘောဖြင့်ကူးသန်းသွားလာနိုင်ရန်စီစဉ်ထားရှိ မည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

ထမံသီမှလေရှီး

ထမံသီစံပြကျေးရွာသည် ချင်းတွင်းမြစ်၏အနောက်ဘက်ကမ်းတွင် တည်ရှိပြီး သင်္ဘော၊ စက်လှေ များ လွယ်လင့်တကူ ဆိုက်ကပ်ရန်ဆိပ်ခံဗောများ တည်ဆောက်ထားရှိပါသည်။ တည်းခိုခန်းနှင့် စားသောက် ဆိုင်များရှိ၍ ခေတ္တနားခိုအပန်းဖြေနိုင်သော စံပြကျေးရွာလေးတစ်ရွာဖြစ်နေပါသည်။ ထမံသီမှ လေရှီးမြို့ သို့ (၃၁)မိုင် ကွာဝေးပြီး မော်တော်ကားဖြင့်သွားရောက်ရချိန်မှာ(၂:၃၀)ခန့်သာ ကြာမြင့်မည်ဖြစ်ပါသည် တောင်တန်းများကိုဖြတ်ကျော်ကာ ကွေ့ပတ်သွယ်တန်းထားသော ကားလမ်းသည် (4W) ဖိုးဝှီးကားများ ဖြင့်သာ သွားလာနိုင်ပါသည်။ ထမံသီ-လေရှီး မော်တော်ကားအငှားယာဉ်များလည်းရှိပါသည်။ စင်းလုံးငှား မည်ဆိုပါ ကအသွား/အပြန်(၁၅၀၀၀ဝိ/-)ကျပ်ဈေးနှုန်းရှိပြီး ခရီးသည်တစ်ဦးချင်းအတွက် ယာဉ်လိုင်းခမှာ အသွား (၁၀၀၀ဝိ/-)ကျပ်၊ အပြန် (၁၀၀၀ဝိ/-) ကျပ်ခန့်သာ ကျသင့်မည်ဖြစ်ပါသည်။

ထမံသီစံပြကျေးရွာမှ လေရှီးမြို့သို့ သွားလာရာလမ်းကြောင်းတွင် အောင်မြင်သာကျေးရွာ၊ ရန်နွေး၊ အေးချမ်းဖြိုး၊ အောင်ဇေယျ၊ ထိန်နယ်လျှံ ကျေးရွာများ ကိုဖြတ်သန်း၍ (၂၅)မိုင်(လိမ္မော်ခြံ)တွင် စာရာမေရိ တောင်သို့သွားရောက်နိုင်သော လမ်းခွဲရှိပြီး အမှတ်တရအဖြစ်မှတ်တမ်းတင်နိုင်သော နေရာလေးရှိပါသည်။ ထိုမှတဆင့် လှန်လှိုင်လှကျေးရွာ၊ ဆုံကင်းကျေးရွာများကို ဖြတ်သန်းပြီးကားလမ်းနံဘေးရှိ တောင်ကျ ချောင်းငယ်များ၊ တောင်ယာလယ်ကွင်းများ၊ တောတောင် ရှုခင်းများ၊ အလှအပများကိုခံစားကာ လေရှီးမြို့ ကိုရောက်ရှိမည်ဖြစ်ပါသည်။

တွေ့မြင်ရမည့်အောင်မြင်မှုများ

လေရှီးမြို့တွင် ကျင်းပမည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို (၂၀၁၉)ခုနှစ်၊ ဇန်နဝါရီလ(၁၃,၁၄,၁၅) ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ် ပါသည်။ နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ Rally  ကားမောင်းအဖွဲ့သားများလည်း တက်ရောက်ကြမည်ဖြစ်ကြောင်းနှင့် အဖွဲ့သားများနှင့်အတူ ရိုက်ကူးရေး အဖွဲ့များ ၊ သရုပ်ဆောင်၊ မော်ဒယ်လ်များလည်းတက်ရောက်ကြမည်ဖြစ်ကြောင်းသိရှိရပါသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပမည့်အချိန်သည် ပွင့်လင်းသောရာသီဥတုလည်းဖြစ်သည်နှင့် အညီခေါင်းဆောင်ကြီးများ၊ နာမည်ကြီးသရုပ်ဆောင်များလည်း တက်ရောက်ကြသည့် ပွဲတော်ဖြစ်သောကြောင့် ပွဲတော်ချိန်အတွင်း ပွဲတော်ကျင်းပသည့်ကွင်းအတွင်း ပြည့်လျှံနေမည်မှာ မြင်ယောင်မိပါသည်။ ခရီးသွား ကုမ္ပဏီများအနေဖြင့်လည်း လေရှီးမြို့တွင် ကျင်းပမည့် (၂၀၁၉) ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို လာရောက် လေ့လာလည်ပတ်လိုသော ခရီးသွားဧည့် သည်တော်များကို ကြိုတင်အသိပေး ရောင်းချနိုင် ကြပြီး ပွဲတော်သို့ သွားရောက်မည့် ခရီးသွားကုမ္ပဏီများသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(မုံရွာ)ရုံးသို့ ဆက်သွယ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သတင်း ကောင်းပါးရင်း (၂၀၁၉)ခုနှစ် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကြီး ကြက်ပျံမက စည်ကားပါစေကြောင်း ဆုမွန် ကောင်းတောင်းလိုက်ရပါသည်။