ရန်ကုန်၊ ဇန်န၀ါရီလ (၁၅) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွင်း ခရီးသွားကဏ္ဍဖွံဖြိုး တိုးတက် စေရန်နှင့် မြန်မာ – ဂျပန် ချစ်ကြည်ရင်းနှီးမှုပြယုဒ်အဖြစ် တတိယအကြိမ်မြောက် ချယ်ရီပန်းပင် စိုက်ပျိုးပွဲ တော်အတွက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာနိုင်ငံ ခရီးသွား အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်တို့သည် ရန်ကုန်မြို့ အင်းယား လိတ်ဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

ယနေ့နံနက် (၈း၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးသည် Accolade Nawarat Co.,Ltd မှ Professor Robert Liberman နှင့်တွေ့ဆုံလျက် မြန်မာနိုင်ငံ၏ သာယာလှပသော ခရီးစဉ်ဒေသများအား ကမ္ဘာ့နိုင်ငံများမှ ပိုမိုသိရှိနိုင်ရေးအတွက် ရုပ်မြင်သံကြား (Documentary) ရိုက်၍ ထုတ်လွှင့်ပြသ ကူညီနိုင်ရေး အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် American society of Travel Advisors (asta) မှ ဒုဥက္ကဌ Mr.Robert Duglin နှင့် တွေ့ဆုံရာတွင် Mr.Robert Duglin မှ အမေရိကန်နိုင်ငံ၏ ကမ္ဘာ့ဒေသ အသီးသီးသို့ ခရီးသွားသည့်အခြေအနေအား (၂၀၁၇) ခုနှစ်အထိ နှစ်အလိုက် တင်ပြခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးမှလည်း  မြန်မာနိုင်ငံ၏ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံ၏ တည်ငြိမ် အေးချမ်းသော  ပုံရိပ်အမှန်နှင့် ခရီးစဉ်ဒေသများ၏ သာယာလှပမှုအား အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာ့ အနောက်ခြမ်းမှ နိုင်ငံကြီးများသိရှိနိုင်ရေး ခရီးသွားကဏ္ဍမှတဆင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ အင်းယားလိတ်ဟိုတယ်တွင် ပြည်ထောင်စုဝန်ကြီးသည် တတိယအကြိမ် မြန်မာ – ဂျပန် ချစ်ကြည်ရေးချယ်ရီပင်စိုက်ပျိုးပွဲတော် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ရေးအတွက် ‌ဆွေးနွေးခဲ့ပြီး အစည်းအဝေး တက်ရောက်လာသူများမှလည်း လိုအပ်သည်များဆွေးနွေးခဲ့ကြပါသည်။

နေ့လည်(၁း၁၅)နာရီအချိန်တွင် အစည်းအဝေးအခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။