မြင့်ထွေး (ဟိုတယ်/ခရီး)

“DDG …….ကျွန်တော်မိသားစုနဲ့ ပြန်လာဦးမယ်ဗျာ”

မှိုင်းညို့ညို့ရှမ်းတောင်တန်းကြီးနှင့် ကြည်လင်သော အင်းလေးရေပြင်အကြား ငုံ့ဆင်းနေ သော တိမ်စိုင်များကို ငေးကြည့်နေရင်း Mr.Ehlers မှ ကျွန်တော့်အား မကြည့်ဘဲ၊ ဆိုင်းမဆင့်ဗုံမဆင့် ပြောလိုက်သော စကားကြောင့် ကြောင်တောင်တောင်ဖြစ်သွားသည်။

“အမ်…… ဘာများဖြစ်လို့လဲ” ဟုအမေးအပေါ် သူက…

“DDG ခင်များကြည့်ဗျာ၊ အခုကျွန်တော်တို့မိုင်ပေါင်း(၅၅၀)ကျော်ရှည်လျားတဲ့ တနသာင်္ရီကမ်းရိုး တန်းရဲ့ လှပတဲ့ကမ်းခြေအချို့ကို ရောက်ခဲ့တယ်။ ဒေသကပြည်သူလူထုတွေနဲ့ ထိတွေ့ခွင့်ရခဲ့တယ်။ ရန်ကုန်မြို့တော်ကိုလည်းရောက်တယ်၊ နာမည်ကြီးလှတဲ့ ဗိုလ်ချုပ်ဈေးကိုလည်ပတ်ခဲ့တယ်၊ ဗိုလ်တစ်ထောင် ကောလိပ်က BA Tourism ကျောင်းသားတွေနဲ့ စကားပြောခွင့်ရခဲ့တယ်။ နောက်ပြီး AD (၁၁)ရာစုက တည်ဆောက်ခဲ့တဲ့ ပုဂံဘုရားတွေကိုလည်း လေ့လာခဲ့ရတယ်။ ဘယ်နိုင်ငံမှမရှိတဲ့ ရှေးဟောင်းအမွေအနှစ် တွေကို တစ်နေရာတည်းမှာ စုံလင်စွာကြည့်ရှုရတဲ့အပြင် ခေတ်အဆက်ဆက်ပြောင်းလဲလာမှုတွေကို လေ့လာခဲ့ရတယ်။ မန္တလာကောလိပ်က B.A Tourism ကျောင်းသား၊ ကျောင်းသူတွေနဲ့လည်း အမှတ်တရဓာတ်ပုံရိုက်ခဲ့ရတယ်”

ကျွန်တော့်အမည်ကို ခေါ်ရခက်သဖြင့် အလွယ်တကူ ရာထူးကိုတပ်၍ ခေါ်ဆိုခြင်းဖြစ်ပါသည်။ စကားအနည်းငယ်ရှည်သွား၍ သူခေတ္တနားလိုက်ပြီးနောက် ဆက်၍

“ပိုပြီးထူးခြားတာက တွေ့လိုက်တဲ့လူတိုင်းက ပြုံးပြီးဖော်ရွေနေတာဗျ၊ သူတို့အပြုံး၊ သူတို့ရဲ့ အမူအရာ တွေက ငယ်ပေါင်းမိတ်ဆွေတွေ ပြန်တွေ့ရလို့ ၀မ်းသာတဲ့ပုံ၊ ကူညီဖို့ စောင့်ကြိုနေတဲ့ပုံတွေလို့ အဓိပ္ပာယ် ဖော်လို့ရတယ်”

မိမိ၌ သူ့အားပြောရန်စကားများ အစီအရီရှိသော်လည်း သူ့ရဲ့စိတ်အားထက်သန်စွာ ပြောဆိုမှု အပေါ် အနှောင့်အယှက်မပြုလို၍ သူ့ပြောစကားများကို ဆက်လက်နားထောင်နေမိသည်။

“မန္တလေးရောက်တုန်းကလည်း မင်းတုန်းမင်းတည်ထားခဲ့ပြီး သီပေါမင်း နောက်ဆုံးနန်းထိုင် ခဲ့တဲ့ မြနန်းစံကျော်၊ မန္တလေးတောင်၊ ကမ္ဘာကျော် ဦးပိန်တံတား၊ မဟာမြတ်မုနိဘုရားတို့ကို လေ့လာ တဲ့အခါ မြန်မာ့အငွေ့အသက်ကို ခံစားမိတယ်ဗျ”

“အခု အင်းလေးကန်ကြီးကတော့ အထူးခြားဆုံး၊ အလှပဆုံး၊ အအေးချမ်းဆုံးနေရာပဲဗျာ၊ လောကနိဗ္ဗာန်ပါပဲ” ဟု မနားတမ်းပြောသည်။

Mr.Ehlers အနေဖြင့် အမှန်တကယ်ပင် သူ့ရင်ထဲ၊ နှလုံးသားထဲက ခံစားရမှုကို ဖွင့်ဟ၀န်ခံနေ မှန်းသိသာလွန်းလှသည်။ အာရှနိုင်ငံများသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ခဲ့ဖူးသော သူ့အဖို့၊ တွေ့သမျှ၊ မြင်သမျှအထူးအဆန်းကြီးပဲဖြစ်သမို့၊ သူ့မိသားစုကိုလည်း ဒီလိုဒေသမျိုးရောက်ဖူးစေချင်သည်ထင်ပါသည်။ နောက်တစ်ကြိမ်မက ထပ်မံပြန်လာဖို့လည်း အခွင့်အလမ်းရှိနေပါသည်။ ပြန်လာနိုင်ရန်အတွက်လည်း မြန်မာနိုင်ငံအတွက် ဆောင်ကျဉ်းပေးရမည့် တာဝန်များသူ့ဆီမှာ ရှိနေသည်။

သူ့စကားဆုံးပြီးချိန်မှာတော့ ကျွန်တော်ပြောချင်သောစကား၊ သူ့နှလုံးသား၊ သူ့ရင်ထဲအထိ ရောက်အောင် တိုက်ရိုက်ပစ်ခတ်လိုသော စကားများကို စတင်မိသည်။

“Ehlers ရေ တို့မြန်မာနိုင်ငံဟာ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယစတဲ့ နိုင်ငံတွေနဲ့ ဘူမိပထ၀ီအခြေအနေများအရရော၊ ပထ၀ီနိုင်ငံရေးအခြေအနေများအရရော ဆက်စပ်နေပြီး မဟာဗျူဟာ ကျတဲ့ဒေသတစ်ခုဖြစ်နေတယ်။ ဒါ့အပြင် လူဦးရေပေါက်ကွဲနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း နယ်နိမိတ် ထိစပ်နေလို့ မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတစ်ခုလိုဖြစ်နေတယ်”

“တို့မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှနိုင်ငံတွေမှာတောင်မရှိတဲ့ မြောက်ဖျားက နှင်းခဲဖုံးလွှမ်း တောင်တန်းတွေကနေ Virgin Land လို့အခေါ်ခံရတဲ့ တောင်ဖျားက မြိတ်ကျွန်းစုတွေအကြားမှာ ဓလေ့ ထုံးတမ်းအစဉ်အလာ၊ ၀တ်စားဆင်ယင်မှု၊ ဘာသာစကားမတူညီတဲ့ တိုင်းရင်းသား(၁၃၅)မျိုးစုပေါင်း နေထိုင်ကြတယ်”

“ထူးခြားဆန်းကြယ်ပြီး၊ အံ့သြဖွယ်ကောင်းလှစွာ သာယာလှပတဲ့ မြင်ကွင်းတွေဟာ မြန်မာနိုင်ငံ မှာ မရေမတွက်နိုင်လောက်အောင်များပြားလှသလို၊ ရာသီအလိုက်ပွင့်တဲ့ရှားပါးတဲ့ ပန်းတွေလည်း အရောင်အသွေးစုံအောင် ပေါက်ရောက်နေကြတယ်”

ကျွန်တော့်ပြောဆိုမှုအပေါ် Mr.Ehlers စူးစိုက်စွာနားထောင်နေကြောင်း သတိထားမိသည်။ မြန်မာနိုင်ငံ၏ အနောက်ပိုင်းအခြေအနေများအပေါ် မီဒီယာများမှ ရည်ရွယ်ချက်ရှိရှိ မှားယွင်းစွာ ပုံဖော် ဆောင်ရွက်ခဲ့ကြခြင်းကြောင့် မြန်မာနိုင်ငံအပေါ် လူမျိုးရေးခွဲခြားမှု၊ လူမျိုးတုန်းသတ်ဖြတ်မှု၊ တစ်နိုင်ငံလုံး တိုက်ပွဲများဖြစ်ပွားနေသယောင်၊ လုပ်ကြံလိမ်လည်ဆောင်ရွက်ခဲ့မှုများကြောင့် မြန်မာနိုင်ငံသို့ လာရောက် လိုသော၊ လာရောက်လျှက်ရှိသော အနောက်ဥရောပနိုင်ငံသားများ၏ ခရီးစဉ်များပျက်သွားခြင်း၊ ရွှေ့ဆိုင်း ခြင်း၊ အခြားနိုင်ငံများသို့ ပြောင်းရွှေ့ရောက်ရှိသွားခြင်းများကို ကြုံတွေ့နေရသဖြင့် ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုမှာ အတန်ငယ်ကျဆင်းသွားခဲ့ရသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် ၀န်ကြီးဌာနနှင့် မိတ်ဖက်အသင်းအဖွဲ့များမှ ပြည်တွင်း၊ ပြည်ပမျှတစွာ မြှင့်တင်ကြိုးစားဖော်ဆောင်လျက်ရှိသဖြင့်၊ ခရီးသွားဧည့်သည်များပိုမိုတိုးတက်ဝင်ရောက် မည်ဟု ယုံကြည်ခဲ့သော်လည်း၊ ရခိုင်ပြည်နယ်အရေးကြောင့် အရှိုက်ထိုးခံရသလိုရှိလှသည်။ ပြည်တွင်း မီဒီယာများမှ မှန်မှန်ကန်ကန်ကျယ်ကျယ်ပြန့်ပြန့်လွှင့်ထုတ်ဆောင်ရွက်လျှက်ရှိသော်လည်း ပြည်ပမီဒီယာ များ၏ နည်းညာ၊ ငွေကြေးနှင့် အထောက်အပံ့များအပေါ် လွှမ်းမိုးနိုင်မှုမရှိခဲ့ချေ။

သို့အတွက်မီဒီယာအပိုင်းသာ အားကိုး၍မရတော့ဘဲ၊ အာရှနိုင်ငံများအပေါ်ပိုမိုဆွဲဆောင်ခြင်း၊ အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် အကောင်းရှုမြင်သော ခရီးသွားမိတ်ဖက်နိုင်ငံများအား ရှာဖွေဖော် ထုတ်၍ ပကတိအခြေအနေမှန်များကို ဖိတ်ခေါ်ပြသအသိပေးခြင်း၊ ဗီဇာစနစ်များ ဖြေလျှော့ကာ ဆွဲဆောင် ခြင်းများကို အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူ ပိုမိုပူပေါင်းဆောင်ရွက်ကာ (၂၀၁၈)ခုနှစ် ခရီးသွားရာသီအတွက် နည်းလမ်းမျိုးစုံဖြင့် အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

အကြောင်းအားလျော်စွာ ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံတွင် ဟိုတယ်နှင့်ခရီးသွားဘာသာရပ်ဒီပလိုမာသင်တန်းကျောင်း တည်ထောင်နိုင်ရန် ထောက်ပံ့ကူညီပေးမည် ဖြစ်၍ သင်တန်းကျောင်းဖြစ်မြောက်ရေးအတွက် မြေပြင်ကွင်းဆင်းကာ ဖြစ်နိုင်ချေရှိ/မရှိ ကနဦးလေ့လာ ရန် ဂျာမနီနိုင်ငံမှအစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Senior Experten Services (SES) အဖွဲ့မှ ကျွမ်းကျင်ပညာရှင်ဂျာမနီနိုင်ငံသား Mr.Helmut Lindthaler နှင့် Mr.Hajo Eike Ehlers တို့နှစ်ဦးအား မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပါသည်။ အဆိုပါဂျာမန်လူမျိုး(၂)ဦးအား သင်တန်းကျောင်း တည်ဆောက်မည့် တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ သို့လိုက်လံပို့ဆောင်ရန်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် တွေ့ဆုံရန်နှင့် မြန်မာနိုင်ငံတွင် သင်တန်းကျောင်းများ ဖွင့်လှစ်ပို့ချနေမှုများပြသရန် တာဝန် ပေးအပ်ခံရပါသည်။ သို့အတွက် အခွင့်အခါတိုက်ဆိုင်စွာ မြန်မာနိုင်ငံ၏ သာယာလှပသော ရှုခင်းများနှင့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ပြသနိုင်ခွင့်ရရှိခဲ့ပါသည်။

ဤသို့ မြန်မာနိုင်ငံတွင် ဂျာမနီနိုင်ငံ၏ နည်းပညာ၊ ငွေကြေးအထောက်အပံ့ဖြင့် ဟိုတယ်နှင့် ခရီးသွားသင်တန်းကျောင်းတစ်ခုဖြစ်ပေါ်စေရန် အစပြုခဲ့ခြင်းမှာ ၂၀၁၆ ခုနှစ်၊ ဘာလင်မြို့တွင် ကျင်းပပြု လုပ်သော Internationale Tourismus-Börse Berlin(ITB-Berlin-2016)သို့ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတက်ရောက်ခဲ့စဉ် ဂျာမဏီနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီးနှင့်အတူ ဟမ်းဘတ်မြို့ Constituency  မှ ရွေးချယ်ခံရသော  ၀ါရင့်လွှတ်တော်အမတ် Mr.Jurgen Klimke အား တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံသို့ အကူအညီပေးနိုင်မည့် အခြေအခြေများကို ဆွေးနွေးခဲ့ကြရာမှ ထွက်ပေါ်လာခဲ့သည့် အကျိုးရလာဒ်ဖြစ်ပါသည်။

သို့အတွက် မိမိနိုင်ငံ၊ မိမိဒေသနှင့် ၀န်ကြီးဌာနအတွက် အကျိုးကို ယူဆောင်ပေးလာမည့်  ဂျာမနီနိုင်ငံသားပညာရှင်နှစ်ဦးအား အထူးပုဂ္ဂိုလ်များအဖြစ် အနီးကပ်လိုက်ပါပို့ဆောင်၍ လိုအပ်သည့် ကိစ္စများ ဆောင်ရွက်ပေးရန် တာဝန်များအပြင် ရခိုင်ပြည်နယ်အရေးနှင့် ဆက်နွယ်၍ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအပေါ်အမြင်လွဲမှားနေမှုများကိုလည်း ၄င်းတို့နှင့်အတူ လိုက်ပါဆောင်ရွက်ရင်း အဖြစ်မှန်များကို ရှင်းပြခွင့်ရရှိခဲ့ခြင်းဖြစ်ပါသည်။ သူက ကျွန်တော်ဆက်လက်ပြောဆိုမည့် စကားကို စောင့်မျှော်နေသည်ထင် သည် ကျွန်တော့်ကို စောင်းငဲ့ကြည့်နေသဖြင့်…..

“Ehlers, အခုခင်များရောက်ခဲ့တဲ့ ရန်ကုန်၊ တနင်္သာရီ၊ ပုဂံ၊ မန္တလေး၊ ညောင်ရွှေ၊ အင်းလေး ဒေသတွေကို အချိန်ကန့်သတ်ချက်အရ ဒီလောက်ပဲပြနိုင်သေးတာ”

စကားမဆက်သေးဘဲ သူ့ကိုကြည့်လိုက်ရာ အလေးအနက်အာရုံစိုက်နားထောင်မှုကိုတွေ့ရ သည်။ ဆက်၍……

“တို့နိုင်ငံမှာတိုင်းဒေသကြီး(၇)ခု၊ ပြည်နယ်(၇)ခု၊ နေပြည်တော်ကောင်စီနယ်မြေ(၁)ခု စုစုပေါင်း (၁၅) ခုရှိတယ်။ ဒီ(၁၅)ခုစလုံးကို အေးချမ်းစွာလည်ပတ်နိုင်တယ်။ လုံခြုံရေးအခြေအနေအရ အချို့နေရာ လေးတွေမှာတော့ ကန့်သတ်မှုလေးတွေရှိတယ်။ ဒါကလည်း ဘယ်နိုင်ငံမှာမဆို ရှိတာပဲ”

“ရခိုင်ပြည်နယ်မြောက်ဖက်မှာဖြစ်ပွားခဲ့တဲ့နေရာဟာ ကမ္ဘာလှည့်ခရီးသွားတွေသွားလာလည်ပတ် တဲ့ နေရာမဟုတ်ဘူးဗျ။ မတည်မငြိမ်ဖြစ်ပွားခဲ့တဲ့ နေရာအ၀န်းအ၀ိုင်းလေးကလွဲလို့ ကျန်တဲ့ရခိုင်ပြည်နယ်၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ ငပလီနေရာအစုံသွားလာလည်ပတ်လို့ရတယ်၊ ကမ္ဘာလှည့်ခရီးသည် တွေ သွားလာလည်ပတ်လျှက်လည်းရှိတယ်”

ကျွန်တော်စကားဆက်ရန် ပြင်ဆင်နေစဉ်မှာပင် Mr.Ehlers မှ

“ဟုတ်တယ် DDG အခုကျွန်တော်တို့ သွားရောက်ခဲ့တဲ့ ဒေသတိုင်းမှာ လူတွေအားလုံးဟာ သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကို အေးအေးချမ်းချမ်း၊ လုပ်ကိုင်နေကြသလို ပျော်ပျော်ရွှင်ရွင်ဖြစ်နေကြ တာ သတိထားမိတယ်ဗျ”

သူကဆက်၍……

“မြန်မာနိုင်ငံမှာ ဒီပလိုမာသင်တန်းကျောင်းတည်ထောင်ဖို့အတွက် Feasibility Study သွားဖို့ SES က တာဝန်ပေးတော့ ကျွန်တော်တို့ ဒီမလာခင် မြန်မာနိုင်ငံအကြောင်း မိတ်ဆွေတွေကို မေးမြန်းတဲ့အခါ မြန်မာနိုင်ငံကို တစ်ယောက်မှ မသိကြဘူး၊ စာတွေလိုက် ရှာဖတ်ကြည့်တော့လည်း ရခိုင် ပြည်နယ် အခြေအနေတွေကို ဆိုးဆိုးဝါးဝါးရေးထားတာကိုဖတ်ရတော့ လာရောက်ရမယ့် ရည်မှန်းချက် တာဝန်ဟာ လုံးဝမဖြစ်နိုင်ဘူး (၀)ဇီးရိုးလို့ မှတ်ယူထားခဲ့တယ် DDG။ အခုရောက်တဲ့ အခါကျမှ အထင်နဲ့ အမြင် တစ်ခြားစီဆိုတာတွေ့မြင်ရတယ်”

ခရီးစဉ်တစ်လျောက်လုံး၏ အနှစ်သာရနှင့် ရည်ရွယ်ရာ မြားချက်က ပကတိအခြေအနေမှန် များကို သူ့ကို သိစေချင်သော၊ သူ့ရင်ထဲအထိ ၀င်ရောက်စေချင်သော ဆန္ဒဖြစ်၍ ကျွန်တော့်ဘက်သို့ ပါလာပြီ ဟုယုံကြည်လိုက်သည်။ ယခုခရီးစဉ်မှသာ ဂျာမန်လူမျိုှးနှစ်ဦးနှင့် ပထမဦးဆုံးအကြိမ်ရက်ရှည်ခရီး သွားရောက်ရခြင်းဖြစ်၍ သူတို့၏ စိတ်ဓာတ်နှင့် လူမှုကျင့်ဝတ်အပေါ် တန်ဖိုးထားမှုများကို သိရှိခဲ့ရသည်။

ခရီးစဉ်တွင် ပါလာသော ဂျာမန်ပညာရှင်တစ်ဦးဖြစ်သူ Mr.Helmut မှာ အသက်(၇၅)နှစ် အရွယ်ရှိသော်လည်း၊ မည်သူတစ်ဦးတစ်ယောက်၏ ဖေးမဆွဲထူ၊ တွဲကူခြင်းကိုလက်မခံ၊ ယဉ်ကျေးစွာ ငြင်းဆန်သည်။ သူ့အိတ်ကို သူ့ဘာသာသယ်ယူသည်။ သူ့ထီးသူဖွင့်ဆောင်းသည်။ ကျွန်တော်တို့၏ ဧည့်ခံမှုများ၊ ဂရုစိုက်မှုများက အပန်းမကြီးလှသော်လည်း ဂျာမန်(၂)ဦးမှ ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါ ပြောကြားနေမှုမှာ ကျွန်တော်ပင်ပြန်အားနာလှသည်။

မထင်မှတ်စွာ Mr.Helmut ကျန်းမာရေးမကောင်း၍ ဆေးခန်းပြရသည်။ မြန်မာနိုင်ငံမှ ဆရာဝန် ကလေးဖြစ်စေကာမူ အဆိုပါဆရာဝန်၏ ဆေးကုသမှုကို လေးစားစွာလိုက်နာဆောင်ရွက်သည်။ ဆေးခန်း မှ သောက်ဆေးများကို ထည့်ရန် ပလတ်စတစ်အိတ်ပေးရာ လုံးဝမယူ။ ဆေးများကို လက်ထဲတွင် ဆုပ်ကိုင် ပြီး ၄င်း၏ဘေးလွယ်အိတ်ထဲသို့ ထည့်သည်။ ကျွန်တော်တို့ အတုယူ၍ အလေ့အထဖြစ်နိုင်ရန် နှစ်ကာလ အတန်ကြာလေ့ကျင့်ယူရပါဦးမည်။

မြန်မာလူမျိုးတို့၏ စိတ်ရင်းနှင့်အညီ ဧည့်ဝတ်ကျေပွန်ခြင်း၊ ဂရုတစိုက်ရှိခြင်းများကြောင့် ဂျာမန် (၂)ဦးအတွက် သီးခြားစီစဉ်ပေးထားသော ဧည့်လမ်းညွှန်၏ ဧည့်ဝတ်ကျေပွန်မှုအပေါ်တွင်လည်း  “အမေနဲ့ တူလိုက်တာ” ဟု မကြာခဏ ပြောတတ်သည်။

ကျန်းမာရေး အခြေအနေအရ Mr.Helmut မှာ ညောင်ရွှေ၊အင်းလေးသို့ ဆက်လက်မလိုက် ပါတော့ဘဲ၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ထိုမှတဆင့် ဗီယက်နမ်နိုင်ငံမှ ဂျာမနီနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ Mr.Helmut အား မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်လံ ပို့ဆောင်နှုတ်ဆက်ပြီး၊ သူနှင့် သူ့ဇနီးအတွက် အမှတ်တရကျောက်စိမ်းလက်ကောက်(၂)ကွင်း ပေးအပ်ရာ ချက်ချင်းပင် သူ၏ လက်ကောက်ဝတ်တွင် ၀တ်ဆင်ပြီး၊ ကျွန်တော့်အား ကျန်းမာရေးကောင်းမွန်ပါက နောက်တစ်ခေါက်မိသားစုနှင့် ပြန်လာဦးမည်ဖြစ်ကြောင်း၊ လှိုက်လှိုက်လှဲလှဲအထပ်ထပ်အခါခါပြောဆိုရာ ကျွန်တော်မှလည်း မြန်မာနိုင်ငံအပေါ် အမြင်လွဲမှားနေသော အမြင်များအပေါ် ယခုလာရောက်သော ခရီးစဉ်များအရ မျက်မြင်တွေ့ကြုံရပြီဖြစ်၍ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေများနှင့် တပည့်များကို ထပ်ဆင့် ပြောပြပေးဖို့ လေးလေးနက်နက်မေတ္တာရပ်ခံလိုပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားဒီပလိုသင်တန်းကျောင်း ဖြစ်မြောက်ရေးအတွက် ထပ်မံလာရောက်နိုင်မယ်လို့ ယုံကြည်ပါကြောင်း၊ ကြိုဆိုပါကြောင်း၊ ပြန်လည် ဆုံတွေ့ကြမည်ဖြစ်ကြောင်း၊ လမ်းခရီးဖြောင့်ဖြူးပါစေကြောင်း ပြောကြားရင်း နှုတ်ဆက်ခွဲခွာခဲ့ကြသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အေးချမ်းသာယာလှပမှု၊ မြန်မာလူမျိုးတို့၏ စိတ်သဘောထား ဖြူစင်ဖော်ရွေမှု၊ ဧည့်သည်အပေါ်ဧည့်ဝတ်ကျေပွန်မှုများအပေါ်၊ အသိအမှတ်ပြုဝန်ခံလာခြင်းနှင့် ဟိုတယ် နှင့်ခရီးသွားဘာသာရပ် ဒီပလိုမာသင်တန်းကျောင်းတည်ဆောက်နိုင်ရေးအတွက် (၀) ဇီးရိုးအဆင့်မှ (+) အပေါင်းလက္ခဏာဆောင်လာရုံသာမက တည်ထောင်သင့်သည်ဟု Mr.Ehlers မှ မှတ်ချက်ပြုဝန်ခံလာ ပြီဖြစ်၍ တနသာင်္ရီတိုင်းဒေသကြီးတွင် ဖြစ်ထွန်းလာမည့် ဟိုတယ်နှင့်ခရီးသွားဘာသာရပ် ဒီပလိုမာ သင်တန်းကျောင်းအတွက် ကြိုတင်ရင်ခုန်မိသလို၊ Mr.Ehlers နှင့် Mr.Helmut တို့မှတဆင့် ၄င်းတို့၏ မိသားစု၊ မိတ်ဆွေ၊ တပည့်များထံသို့ ထပ်ဆင့်ရောက်ရှိသွားမည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာလှပမှု သတင်း ကောင်းများအတွက်လည်း ကျေနပ်မိသည်။

Mr.Ehlers က ဟိုတယ်နှင့်ခရီးသွားဘာသာရပ်ဆိုင်ရာဒီပလိုမာ သင်တန်းကျောင်း၏ အခွင့် အလမ်းအခြေအနေကို ပြောနေရင်းတစ်ဆက်တည်းပင်…..

“DDG  အခု အင်းလေးကန်ထဲက Inle Heritage ကို လေ့လာတဲ့အခါ လူငယ်တွေရဲ့ ဘ၀ရှေ့ရေးအတွက် အခိုင်အမာပြင်ဆင်ပေးထားတဲ့ ရေရှည်စီမံကိန်းချမှတ်ထားရှိမှုကို တွေ့ရတယ်။ စနစ်တကျ စီမံခန့်ခွဲမှုနဲ့အတူ သင်တန်းသားတွေကို စာတွေ့၊ လက်တွေ့အပြင် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့် ပျိုးထောင်မှု၊ တစ်ဦးချင်းစီရဲ့ ဖန်တီးနိုင်မှု၊ စိတ်ကူးစိတ်သန်းပုံဖော်ခွင့်တွေကို ဆောင်ရွက်နိုင်ခွင့်ပေးထား တာတွေဟာ တကယ့်ကို အတုယူစရာကောင်းတယ်ဗျာ၊ နောက်တစ်ကြိမ် ဒီပလိုမာသင်တန်းကျောင်းကိစ္စ အတွက် ထပ်မံလာရောက်တဲ့အခါ ကျွန်တော့်ကျောင်းသားတွေကိုလည်း ဒီကိုခေါ်လာပြီး လေ့လာစေဦး မယ်ဗျာ”

မြန်မာနိုင်ငံထက်များစွာသာလွန်တိုးတက်ဖွံ့ဖြိုးသော ဂျာမနီနိုင်ငံမှပင် အင်းလေးကန်ထဲမှ သင်တန်းကျောင်းလေးသို့ လာရောက်လေ့လာရန် ဖြစ်ပေါ်လာသော သူ၏စိတ်ဆန္ဒများက ကျွန်တော်တို့ နိုင်ငံအတွက်ဂုဏ်ယူစရာပင်။

Feasibility Study ပြီးဆုံး၍ ကွင်းဆင်းလေ့လာဆောင်ရွက်မှုတွေ့ရှိချက်များအား Mr.Ehlers မှ ပြည်ထောင်စုဝန်ကြီးအား တွေ့ဆုံကာ ထားဝယ်မြို့တွင် ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်ရန်အတွက် ကူညီထောက်ပံ့ပေးနိုင်မည့်ကိစ္စများကို အသေးစိတ်တင်ပြသွားပြီး နေပြည်တော်မှ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံမှတဆင့် ဂျာမနီနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။

ကျွန်တော်မအားလပ်သဖြင့် Mr.Ehlers အား လေယာဉ်ကွင်းသို့ လိုက်ပါမပို့ဆောင်နိုင်သော်လည်း လေယာဉ်ကွင်းသို့ မထွက်ခွာမီ ကျွန်တော့်ရုံးခန်းတွင် သူနှင့်စကားပြောဖြစ်ကြသည်။

Mr.Ehlers မှ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလှည့်ခရီးသည်များ လာရောက်ရန် အခြေခံကောင်း တွေအများကြီးရှိကြောင်း၊ လူ့စွမ်းအားအတွက် အရင်းအမြစ်များ အလုံအလောက်ရှိကြောင်း၊ နေထိုင် ခဲ့ရသော ကာလအတွင်း မြန်မာလူမျိုးများ၏ စိတ်ရင်းစေတနာများကို အနီးကပ်လေ့လာ ခွင့်ရရှိခဲ့ကြောင်း၊ သို့အတွက် ဂျာမနီနိုင်ငံအနေနှင့် ဟိုတယ်နှင့်ခရီးသွားဘာသာရပ် ဒီပလိုမာသင်တန်း ကျောင်းတည်ထောင် နိုင်ရန် ငွေကြေး၊ နည်းပညာများကို အထောက်အပံ့ပြုနိုင်ရန် အစွမ်းကုန်ကြိုးစားပြီး ၄င်းတို့ကိုယ်တိုင်လည်း အဆိုပါသင်တန်းကျောင်းအတွက် ထပ်မံလာရောက်ဦးမှာဖြစ်ကြောင်း အထပ်ထပ်အခါခါ ပြောကြားပါသည်။

ကျွန်တော်လည်း သူနှင့်သူ့ဇနီးအတွက် အမှတ်တရလက်ဆောင်ကို ပေးအပ်ရင်း ကျွန်တော် သိချင်သော မေးခွန်းတစ်ခုကိုမေးမိသည်။ မေးရသည်ကလည်း အကြောင်းရှိသည်။ ပုဂံရောက်စဉ်မိတ်ဆွေ တစ်ယောက်က ဘူးဘုရားအနားရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားသော သူ၏ Erawati Raft တွင် Sunset ကြည့်ရှုရန် ဖိတ်ကြားသဖြင့် Mr.Helmut ၊ Mr.Ehlers တို့နှင့်အတူ Sunset ကြည့်ရှုရင်း ညစာအတူစားဖြစ်ကြသည်။

“ Ehlers ခင်ဗျားတို့နဲ့ ကျွန်တော်ဧရာဝတီမြစ်ကမ်းစပ် Erawati Raft မှာ Sunset ကြည့်ကြ တယ်။ ခင်များတို့ဥရောပနိုင်ငံသားတွေဟာ ဘာဖြစ်လို့များ Sunset နဲ့ Sun Rise ကို အရမ်းနှစ်သက် ကြတာလဲ ”ဟုဖြစ်သည်။

Mr.Ehlers  က ကျွန်တော်မေးတာကို မဖြေသေးဘဲ ပြုံးပြီး  ကျွန်တော်လက်ဆောင်ပေးတဲ့ ကျောက်စိမ်းလက်ကောက်ကို သူ့လက်မှာအရင်စွပ်သည်။ ပြီးမှ ………

̏“DDG  ဒါဟာ Romantic ပဲလေ” တဲ့

သူ့ရင်ထဲဝင်အောင် ခရီးစဉ်တစ်လျှောက်လုံး ကျွန်တော်ပစ်ခဲ့သော မြားချက်များကမနည်း။ ကျွန်တော်ပစ်ခဲ့သော မြားချက်က ထိရောက်ခဲ့သလို သူပြန်ပစ်ခဲ့သော မြားကလည်း ထိရောက်ပါပေသည်။

နှုတ်ဆက်ကာ ထွက်ခွာသွားသော သူ့အားခေါ်ဆောင်သွားသည့် ကားလေးက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီသို့ တူရှုသွားနေပြီ ဖြစ်သည်။

မိုးသည်းထန်မှုကြောင့် မကြာမီမြင်ကွင်းက ပျောက်ကွယ်တော့မည့် ကားနောက်ပိုင်းမီးအား ၀ိုးတ၀ါးလှမ်းကြည့်ရင်း……..

မြန်မာပြည်အတွက် ကောင်းကျိုးများ ဆောင်ကျဉ်းယူဆောင်ကာ Erawati Raft တွင် Romantic ခံစားဖို့ Mr.Helmut နှင့် Mr.Ehlers တို့ နှစ်ဦးမိသားစုများနှင့်အတူ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည်ရောက်ရှိလာမည်ဟု ယုံကြည်လိုက်ပါသည်။

မြင့်ထွေး(ဟိုတယ်/ခရီး)

(၁၆.၈.၂၀၁၈)