နေပြည်တော်၊ ဒီဇင်ဘာ (၇) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့(၇) ဦးသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့မှ ဒီဇင်ဘာလ (၁)ရက်နေ့ အထိကိုရီးယား သမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိConvention and Exhibition Center (COEX) ၌ကျင်းပသည့် အာဆီယံအစားအစာချက်ပြုတ်ခြင်းပွဲတော် (ASEAN Culinary Festival-2018)သို့ တက်ရောက် ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်  (၂၈-၁၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ဆိုးလ်မြို့ရှိအင်ချွန်းလေဆိပ်သို့ ရောက်ရှိရာ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးသူရဦးသက်ဦးမောင်နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပါသည်။ နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အာဆီယံ-ကိုရီးယားဗဟိုဌာနသို့ သွားရောက်၍ ASEAN Korea Centre (AKC) မှ အထွေထွေအတွင်းရေးမှူးချုပ် H.E Mr. Lee Hyuk၊ ယဉ်ကျေးမှုနှင့်ခရီးသွား လုပ်ငန်းဌာန၏ ညွှန်ကြားရေးမှူး ဒေါ်ခိုင်မီမီထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံကာ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ကိစ္စရပ်များကိုဆွေးနွေးခဲ့ပါသည်။

(၂၉-၁၁-၂၀၁၈)ရက်နေ့နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် COEXCenterတွင် ကျင်းပသည့် ASEAN Culinary Festival-2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ ပါသည်။ အခမ်းအနားတွင်အာဆီယံ-ကိုရီးယားဗဟိုဌာန၏အထွေထွေအတွင်းရေမှူးချုပ် H.E Mr. Lee Hyukမှအဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ကဂုဏ်ပြု စကားပြောကြားခဲ့ပါသည်။

 

ဆက်လက်၍ လာအိုပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက ဆုတောင်းစကားပြောကြားပြီး အာဆီယံနိုင်ငံအသီးသီး၏ အကြီးအကဲများက နိုင်ငံကိုယ်စားပြုစားဖိုမှူးများ အားစားဖိုမှူးခေါင်းဆောင်း များအပ်နှင်းတပ်ဆင်ပေးခြင်းအခမ်းအနား (Toque Ceremony)ကိုကျင်းပပြုလုပ်ပြီး မှတ်တမ်းတင်ဓါတ်ပုံ များ ရိုက်ကူးခဲ့ကြပါသည်။ ၄င်းနောက် ကိုးရီးယားနိုင်ငံနှင့် မလေးရှားနိုင်ငံကိုယ်စားပြု စားဖိုမှူး (၂)ဦးကကိုရီးယား-မလေးပေါင်းစပ်ကြက်သားဟင်းလျာနှင့် ထမင်းတို့ကို (Live Cooking Show)ချက်ပြုတ်သရုပ်ပြခဲ့ပါသည်။ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဆန်ကိုအခြေခံ၍ ပြုလုပ်ထားသော ရိုးရာအစားအစာများနှင့်အချိုပွဲများခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး အစားအစာများကို မြည်းစမ်းခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားတက်ရောက်စဉ်ကာလအတွင်း သတင်းမီဒီယာများ ဖြစ်သော မြန်မာနိုင်ငံမှ Eleven Media ၊ ကိုရီးယားနိုင်ငံမှ Maeil Business Newspaper နှင့် Joongang Daily Newspaper တို့ကမေးမြန်းသော မြန်မာနိုင်ငံ၏ လက်တလောခရီးသွားလုပ်ငန်းအခြေအနေများနှင့် အစားအစာခရီးသွားလုပ်ငန်းဆိုင်ရာအကြောင်းအရာများကို ဖြေကြားပေးခဲ့ပါသည်။

အခမ်းအနားတွင်  မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့်အင်းဝစားသောက်ဆိုင်မှ စားဖိုမှူး ဒေါ်ခင်ဝင်းမြင့်က မြန်မာနန်းကြီးသုပ်နှင့် ရွှေကြည်ဆနွင်းမကင်းအားပါဝင်ပြသခဲ့ပါကြောင်းသိရပါသည်။ အဆိုပါ အခမ်းအနားသို့ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊အထူးဧည့်သည်တော် များ၊ အာဆီယံ-ကိုရီးယားဗဟိုဌာန၏ မိတ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာ သမားများတက်ရောက် ခဲ့ကြပြီး ပွဲတော်ကျင်းပသည့် (၄) ရက်တာကာလအတွင်း ဧည့်ပရိတ်သတ် (၅၀၈၃) ဦးခန့် လာရောက် ကြည့်ရှုအားပေးခဲ့ပါသည်။

(၃၀-၁၁-၂၀၁၈)ရက်နေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ ၊ ဆိုးလ်မြို့ ၊ အင်ချွန်းလေဆိပ်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ ခဲ့ရာညပိုင်းတွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိ ပါသည်။