နေပြည်တော် မတ်လ ၁၂ ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ သည် ၆-၃-၂၀၁၉ ရက်နေ့မှ ၁၀-၃-၂၀၁၉ ရက်နေ့အထိဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပပြုလုပ်သည့် ဘာလင် နိုင်ငံတကာ ခရီးသွားပြပွဲ-၂၀၁၉နှင့် (၉)ကြိမ်မြောက် ပိုးလမ်းမခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (World Tourism Organization) ၏ အတွင်းရေးမှူးချုပ် Mr. ZurabPololikashvili နှင့် မလေးရှားနိုင်ငံ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ခရီးသွားဝန်ကြီး Mr. Datuk Mohamaddin Ketapiw တို့၏ ဖိတ်ကြားချက်ဖြင့် မတ်လ(၅)ရက်နေ့တွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ Messe Berlin ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ဘာလင်နိုင်ငံတကာခရီးသွားပြပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံပေါင်း(၁၆)နိုင်ငံမှ ဝန်ကြီးများနှင့်အတူတက်ရောက်ခဲ့ပါသည်။

          မတ်လ (၆)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏(၉)ကြိမ်မြောက် ပိုလမ်းမ ခရီးသွားဝန်ကြီးများအဆင့်အစည်း အဝေးသို့ တက်ရောက်ခဲ့ပြီးနောက် TTG Asia Media နှင့် မြန်မာနိုင်ငံ၏ လက်ရှိဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများတိုးတက်မှု၊ ကြုံတွေ့နေရသောအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုတွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ဘာလင်မြို့တွင် Messe Berlin ခန်းမခရီးသွားပြခန်းတွင်  ပိုလန်နိုင်ငံ၏ အားကစားနှင့် ခရီးသွားဝန်ကြီးဌာန၊ Secretary of State၊ Mrs. Anna Krupka နှင့်တွေ့ဆုံကာ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ပြောကြားခဲ့ပါသည်။

          ယင်းနောက် American Society of Travel Advisors ၏ ဒုတိယဥက္ကဌဖြစ်သူ Mr. Bob Duglinသည် ပြည်ထောင်စုဝန်ကြီးအား မြန်မာနိုင်ငံ၏ခရီးသွားပြခန်း၌ လာရောက်တွေ့ဆုံကာ မြန်မာနိုင်ငံသို့ အမေရိကန်ခရီးသွား ဧည့်သည်များ ပိုမိုလာရောက်နိုင်ရန်ရည်ရွယ်၍ FAM Trip တစ်ခုစီစဉ်နေပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု သို့ပါသွားရောက်၍ရေငုပ်ခြင်းများ၊ ပင်လယ်ရေအောက်ရှိရေသတ္တဝါများကြည့်ရှုခြင်းများစသည့် ခရီးစဉ်ဒေသများအထိ သွားရောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်ထောင်စုဝန်ကြီးမှလည်းမြန်မာနိုင်ငံသို့ အမေရိကန် ခရီသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာရေးကိုကြိုဆိုပါကြောင်း၊ လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ခရီးသွားပြခန်းတွင် ပြုလုပ်သော မြန်မာ ညနေခင်းအစီအစဉ်သို့ တက်ရောက်အမှာစကားပြောကြားကာ နိုင်ငံတကာမှလာရောက်ပြသနေသည့် ခရီးသွားပြခန်းများသို့ လှည့်လည်ကြည့်ရှုခဲ့ပါသည်။ အဆိုပါပြပွဲသို့ မြန်မာနိုင်ငံ၏ခရီးသွားပြခန်းတွင် ဟိုတယ်နှင့်ခရီးသွားကုမ္ပဏီများမှ စုစုပေါင်း ကုမ္ပဏီ(၁၇)ခုဝင်ရောက်ပြသခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် Mecklenburg-Vorpommern ပြည်နယ် Schwerin ကန်ပေါ်တွင်တည်ရှိသော ပြည်နယ်လွှတ်တော်နှင့် ခရစ်ယာန်ဘုရားကျောင်းအဖြစ် ပြုလုပ်ထားသည့် ရှေးဟောင်း Schwerin နန်းတော်သို့သွားရောက်ကာ ရှေးဟောင်းလက်မှုအနုပညာများဖြင့် တည်ဆောက်ထားခြင်းကို လက်ရာမပျက်စေဘဲ ပြန်လည်ပြုပြင်ထိန်းသိမ်းထားခြင်းများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ရုံးခန်းများ၊ အစည်း အဝေးသဘင်ခန်းမဆောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြရာပြည်နယ်လွှတ်တော်၊ ဒုတိယဥက္ကဌ(၁) က လက်ခံတွေ့ဆုံပြီး ရှင်းလင်း ပြောကြားပြသခဲ့ပါကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)