မျိုးမြင့်သန်း (မန်းစက်မြေ)

ကျွန်ုပ်တို့မြန်မာနိုင်ငံတော်၏ Green Cityဟု တင်စားခေါ်ဝေါ်ကြပြီး အမှန်တကယ်လည်း စိမ်းလန်းစိုပြေသည့် နေပြည်တော်ပရဝုဏ်ရှိ တာဝန်ထမ်းဆောင်ရာ ရုံးခန်းပြတင်းပေါက်မှတဆင့် နွေရာသီ၏ သဘာဝလေပြေများကို ခံစားရင်း၊ မွေးရပ်မြေအညာဒေသ မကွေးတိုင်းဒေသကြီး ဧရာဝတီ မြစ်အနောက်ဘက်ကမ်း စကုမြို့ကလေးကို လွမ်းဆွတ်သတိရမိသည်။ ဇာတိမြေရှိ တစ်ခုတည်းသော အထက်တန်းကျောင်းမှ (၁၀)တန်းအောင်မြင်ခဲ့သည့်နောက် (၁၉၈၆)ခုနှစ်တွင် စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရပြီး ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့သို့ ဝင်ရောက်ဖြေဆိုကာ (၁၉၉၂)ခုနှစ်တွင် ပြန်တမ်းဝင် အရာရှိဖြစ်ခဲ့ပါသည်။ အသက်(၅၀)ဝန်းကျင်တွင် အကြီးတန်းအရာထမ်းတစ်ဦးအဖြစ် တာဝန်ထမ်း ဆောင်နေရ အလုပ်တာဝန်များပြားသော်လည်း မွေးရပ်မြေကိုတော့ သတိရတမ်းတမိဆဲပါ။

ဖခင်ဖြစ်သူမှာ ကုန်သွယ်ရေးဝန်ကြီးဌာနမှဝန်ထမ်းဖြစ်သဖြင့် ရုံးဝန်ထမ်းများအကြားတွင် ကြီးပြင်း လာခဲ့ရပြီး ရုံးဝန်ထမ်းဘဝကို နှစ်ခြိုက်မိခဲ့သည့် ဝါသနာအရ နိုင်ငံ့ဝန်ထမ်းဖြစ်ခဲ့ပါပြီ။ မိခင်ဖြစ်သူက ကုန်စုံဆိုင်ဖွင့်လှစ်ခဲ့သဖြင့် ဈေးသည်/ဈေးဝယ်ဘ၀ဖြင့် ငယ်စဉ်ကပင် ကျွမ်းဝင်ခဲ့သဖြင့် ကုန်သည်ဘဝ ဆက်စပ် ပတ်ဝန်းကျင်နှင့် ရင်းနှီးခဲ့သော ကျွန်တော့်ဘဝမှာ “ဈေးဦးပေါက်” ဟူသော ဝေါဟာရလေးကို လွန်စွာနှစ်ခြိုက်မိပါသည်။ နံနက်ခင်း မိခင်၏ဈေးဆိုင် တွင် ကူလုပ်ရင်း ဈေးဦးပေါက် ရောင်းရသောငွေ လေးဖြင့် ကုန်ပစ္စည်းများကိုပုတ် ဗုဒတရားတော်နှင့်အညီ လာဘ်ယူခြင်း၊ ကုန်ပစ္စည်းသယ်ယူသော တက္ကစီ၊ ဆိုက္ကား၊ မြင်းလှည်းဆရာကြီးများမှာလည်း နေ့တစ်နေ့အတွက် ပထမဦးဆုံးရရှိသော ဝင်ငွေကို ဈေးဦးပေါက်ဟူ မိမိယာဉ်အသီးသီး၏ ဦးပိုင်းနေရာတစ်ခုခုကို ပုတ် မဂလာယူခြင်းများမှာ ငယ်စဉ် ကပင် စွဲထင်ခဲ့သောဓလေ့တစ်ခုဖြစ်ပါသည်။ ထိုတစ်နေ့တာလုံး ရောင်းရငွေနှင့် ယမန်နေ့ ရောင်းရငွေကို ယှဉ်ထိုး သုံးသပ်တင်ပြလိုခြင်းမဟုတ်ပါ။ ဗုဒတရားတော်နှင့်အညီ မဂလာနှင့်ပြည့်စုံသော လာဘ်ဦး လာဘ်ဖျားကို ပီတိဖြစ်မှု သဘောသဘာဝကိုသာ တင်ပြ လိုခြင်းဖြစ်ပါသည်။

သို့ စာကားချီး၊နိဒါန်းဖြင့် အဘယ့်ကြောင့် သိုင်းဝိုင်းတင်ပြနေရပါသနည်း။ အဖြေရှိပါသည်။ မိခင်ဝန်ကြီးဌာနဖြစ်သော ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် (၂၀၁၇)နှစ်တွင် နိုင်ငံခြား ခရီးသည် အနည်းဆုံး (၃.၅)သန်းဝင်ရောက်မည်ဟု မျှော်မှန်းကြိုးပမ်းခဲ့သော်လည်း  အမျိုးမျိုးသော အနှောက်အယှက်များကြောင့်  ထင်တိုင်းမပေါက်ခဲ့သော အခြေနေအရ (၃.၄၄)သန်းသာ ဝင်ရောက် မှုရှိခဲ့ပါသည်။သို့ရာတွင် မပြောပလောက်သော အနှောက်အယှက်များက သာယာလှပ သဘာဝအရင်း မြစ်များ ပေါကြွယ်ဝသည့်မိမိတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍကို ဆိုးရွားစွာထိခိုက် ကာလကြာရှည် အောင်ပြုလုပ်နိုင်စွမ်းမရှိပါ။

နိုင်ငံခြားခရီးသွားဧည့်သည်များကြား တဆင့်စကား တဆင့်နားဖြင့် အမှန်တရားများကို လက်ဆင့် ကမ်းဖြန့်ဝေမှု၏ အကျိုးရလဒ်အဖြစ်(၂၀၁၈)ခုနှစ် ဇန်နဝါရီအတွင်း နိုင်ငံခြားခရီးသည် ဝင်ရောက်မှုကို လေ့လာသုံးသပ်ရာတွင် ငယ်စဉ်ကမိခင်၏ဈေးဆိုင်တွင် ဈေးရောင်းသကဲ့သို့ ဈေးဦးပေါက်ကောင်းခဲ့ပါပြီ ။ လာဘ်ဦးလာဘ်ဖျားဖြစ်သဖြင့် ဗုဒတရားတော်နှင့်အညီ ပီတိဝေဖြာခဲ့ရပါပြီ။ (၂၀၁၇)ခုနှစ် ဇန်နဝါရီလနှင့် (၂၀၁၈)ခုနှစ် ဇန်နဝါရီလတို့ နှိုင်းယှဉ်ပါက ယခုနှစ်ဇန်နဝါရီလတွင် (၃၂၄၅၀၅) ဦးဝင်ရောက်ခဲ့ပြီး (၁%)တိုးတက်ခဲ့ပါသည်။

ယင်းနောက်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂၀၁၈)ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံခြား ဧည့်သည်ရောက်ရှိမှုကို ဆန်းစစ်ရာတွင် တစ်မြေထဲနေ တစ်ရေထဲသောက်ဆိုသကဲ့သို့တည်ရှိနေသော အာရှနိုင်ငံများ၏ ဧည့်သည်ဝင်ရောက်မှုမှာ ထိုင်း(၁၇%)၊ တရုတ်(၃၆%)၊ ကိုရီးယား(၁၆%)၊ မလေးရှား (၈%)၊  အိန္ဒိယ(၆%) စသည်ဖြင့် တိုးတက်ခဲ့ပြီး အာရှဒေသ တစ်ခုလုံးအနေဖြင့် (၁၁%) တိုးတက်ခဲ့ပါ သည်။ အလားတူဆက်စပ်ရုံးပိတ်ရက်ရှည်များနှင့် ဒေသနာမည်ကြီး ပွဲတော်ကာလများတွင် တဖြည်း ဖြည်းတိုးတက်များပြားလာသည့် ပြည်တွင်းခရီးသွားဧည့်သည်များမှာလည်း (၂၀၁၈)ခုနှစ် ဇန်နဝါရီလ တွင် မန္တလေးဒေသ (၁၆%)၊ ငွေဆောင်ဒေသ (၄၅%)၊ ငပလီဒေသ(၁၅%)၊ အင်းလေးဒေသ(၅၀%) တိုးတက်ခဲ့ပြီး ယခင်ကာလအဆက်ဆက်က ဧည့်သည်ဝင်ရောက်မှုနည်းပါး ခဲ့သော ကယားပြည်နယ် ဒေသတွင်(၆၁၄၄)ဦးဝင်ရောက်ကာ (၂၀၄%) တိုးတက်ခဲ့ကြောင်း အံ့သြဖွယ် တွေ့ရှိရပါသည်။

သို့ရာတွင် တချို့သော ဝေဖန်မှုများက တိုးတက်မှုကိုသာတင်ပြသည်။ လျော့နည်းမှုကို မတင်ပြရဲ သလောဟုမေးစရာရှိပါသည်။ မှန်ပါသည်။ ဖြစ်စဉ်တိုင်းတွင် အကြောင်းအကျိုး၊ အကောင်းအဆိုးများ ရှိစမြဲ ဓမ္မတာအရ အချို့သောနိုင်ငံများမှ ဧည့်သည်ဝင်ရောက်မှု လျော့နည်းမှုများရှိပါသည်။ ၄င်းတို့မှာ တဖက်သတ် မကောင်းမြင်မှုများအရလည်းကောင်း၊ တွေဝေမှုအရလည်းကောင်း ဖြစ်ပေါ်နိုင်ပါသည်။ မိမိတို့နိုင်ငံ၏ အမှန်ပကတိရိုးသားစွာ ဆောင်ရွက်မှုများအပေါ်တွင် ရှုမြင်သုံးသပ်မှုအမျိုးမျိုးရှိနိုင်ပါသည်။ ငယ်စဉ်ကတည်းက ရိုသေလေးစားရသည့် စာရေးဆရာကြီး (ဦး)မင်းကျော်၏ ဝတ္ထုခေါင်းစဉ် စာသား လေးအား ပမာပြုတင်ပြရပါလျှင် “အဖြူကိုမည်သူအနက်ဆိုးသနည်း” ။ စာဖတ်သူများ သိမြင်နိုင်ပါသည်။

မည်သို့ပင်ဆိုစေကာမူ(၂၀၁၈)ခုနှစ် နှစ်ဦးပိုင်းကာလ ဇန်နဝါရီလတွင်  ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်း တိုးတက်မှုကို ဗုဒဘာသာထုံးတမ်းအစဉ်အလာအရ အတိတ်နမိတ်ကောင်းသည့် ဈေးဦးပေါက်ကောင်းပြီဟု ရဲဝံ့စွာ ဝင့်ကြွားနိုင်မည်ဖြစ်သည်။ငယ်စဉ်က မိခင်၏ဈေးဆိုင် ဈေးဦးပေါက် ကောင်းပြီးနောက် ဘာ ဆက်လုပ်ပါသနည်း။

တစ်နေ့တာ၊ တစ်လတာ၊တစ်နှစ်တာ ဆက်လက်ရှင်သန် တိုးတက်စေရန်အတွက် ရောင်းကုန် ပစ္စည်းများအား သန့်စင် အမွှေးနံ့သာ ပက်ဖြန်းခြင်း၊ ဖော်ရွေ ပျူငှာစွာ ဖိတ်ခေါ်ခြင်း၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အလေးမှန် ဆောင်ရွက်ခြင်းများ စသည်ဖြင့် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်ခဲ့ရပါသည်။

ယခုခရီးသွားကဏ္ဍ ဈေးဦးပေါက်ကောင်းပြီးနောက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်နေရသည့် မိခင်ဝန်ကြီးဌာနမှ မည်ကဲ့သို့ဆောင်ရွက်ပါ မည်နည်း။ အနာဂါတ်မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းပြမြေပုံအဖြစ် ခံယူ ကျင့်သုံး လျှက်ရှိသည့် “ခရီးသွားလုပ်ငန်းပင်မစီမံကိန်း ၂၀၁၃-၂၀၂၀”  အရ ဆောင်ရွက်ရန် ကျန်ရှိသည် များအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းဖြင့် မြန်မာနိုင်ငံအား ပိုမိုကောင်း မွန်သောနေရာတစ်ခု ဖြစ်စေရန်ရည်ရွယ်ပြီး အလုပ်အကိုင်ပိုမိုဖန်တီးရေး၊ ကောင်းမွန် ကြီးမားသော စီးပွားရေးအခွင့်အလမ်းကောင်းများ ပိုမိုရရှိရေး၊ သဘာဝသယံဇာတများနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းဆောင်ရွက်ရေး၊ ကွဲပြားသောယဉ်ကျေးမှုတို့ မျှဝေခံစားစေရေးတို့အတွက် တာဝန်သိသော ခရီးသွားလုပ်ငန်းအားဖြင့် ပံ့ပိုးပေးရမည်ဖြစ် ထုတ်ပြန်ခဲ့သည့် “တာဝန်သိခရီးသွား မူဝါဒ” ကို လိုက်နာ ကျင့်သုံးစေရန်လည်း ကြီးကြပ်ဆောင်ရွက်လျှက်ရှိပါသည်။အလားတူ ဒေသခံများ၏ချမ်းသာကြွယ်ဝမှုကို ဖန်တီးပေးနိုင်ရန်၊ နိုင်ငံတစ်လျားတွင်ရှိသည့် တိုင်းရင်းသားလူမျိုးစုအားလုံး၊ လူမှုအဖွဲ့အစည်း အားလုံး ပါဝင်ကြရန် “မြန်မာနိုင်ငံခရီးသွားလုပ်ငန်းတွင်လူမှုအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ရေးမူဝါဒ” နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အကောင်အထည်ဖော်လျှက်ရှိသည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism) လုပ်ငန်းများ တိုးတက်အောင်မြင်အောင် လည်း ဆောင်ရွက်လျှက်ရှိပါသည်။

ထို့အပြင် (၂၀၁၈)ခုနှစ်အတွင်း (ASEAN+3)နိုင်ငံများဖြစ်သည့် တရုတ်၊ဂျပန်၊ ကိုရီးယား ဧည့်သည်များ ပိုမိုရောက်ရှိရေး၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသ ကြီးတို့တွင် ခရီးသွား လုပ်ငန်း ကဏ္ဍ ထူးခြားစွာတိုးတက်အောင်မြင်မှု မှတ်တိုင်စိုက်ထူနိုင်ရေး၊ ခရီးစဉ်ဒေသအသစ်များ ပေါ်ထွန်း လာရေး၊ ခရီးစဉ်ဒေသအ သီးသီးသို့ အလွယ်တကူသွားရောက်နိုင်ရေးနှင့် အခြားလိုအပ်သည့် အခြေခံ အဆောက်အဦများ၊ အများသုံးသန့်စင်ခန်းများ ပြည့်စုံစေရေး၊ လက်ရှိခရီးစဉ်ဒေသ များ ရေရှည် တည်တံ့ခိုင်မြဲရေး၊ ပြည်တွင်း/ပြည်ပဈေးကွက်မြင့်တင်နိုင်ရေး၊ သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင် ရွက်နိုင်ရေး၊လူ့စွမ်းအားအရင်းမြစ် ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးတို့အား အင်တိုက်အားတိုက် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ အလားတူခရီးသွားလုပ်ငန်းကဏ္ဍအတွင်းရှိ အင်အားနည်းပါးသည့် လုပ်ငန်း ရှင် များလုပ်ငန်းတိုးချဲ့ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်စေရေးအတွက် ခရီးသွားလုပ်ငန်းဘဏ် တစ်ခုပေါ်ထွန်းလာရေးနှင့်ဝန်ကြီးဌာန၏ လုပ်ငန်းများ ပိုမိုတိုးချဲ့လျင်မြန်သွက်လက်စွာ ဆောင်ရွက်နိုင်ရေးအတွက်လိုအပ်သည့် ဦးစီးဌာနအသစ်တစ်ခု ပေါ်ထွန်းလာစေရေး၊ မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်း ဥပဒေသစ် ပေါ်ထွန်းလာစေရေးတို့ အတွက်လည်း ကြိုးပမ်းဆောင်ရွက် လျှက်ရှိပါသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရနှင့်အထက်ဌာန အဖွဲ့အစည်းအဆင့်ဆင့်၏ လမ်းညွှန်မှု အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု ဗဟိုကော်မတီ၏  အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။ ပြည်ထောင်စုအစိုးရလက်ထက်တွင် ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်လျှက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်းအဖွဲ့များ၏ ကူညီဆောင်ရွက်မှုများမှာလည်း လေးစားစွာအသိအမှတ်ပြုထိုက်ပါသည်။

အထက်တွင်တင်ပြခဲ့သည့် ဈေးဦးပေါက်ကောင်းခဲ့ပြီး ဆက်လက်တိုးတက်မည် ဆိုသော အချက် နှင့်ပတ်သက် ငယ်စဉ် ကျောင်းသားဘဝက သင်ကြားခဲ့ ရသော အခြေခံဘာသာရပ်များအလိုက် စေ့ငု တင်ပြလိုပါသေးသည်။ မြန်မာစာဘာသာရပ်အရ “အစကောင်းမှအနှောင်းသေချာ”ဆိုသော ဆိုရိုး စကားနှင့် ကိုက်ညီပါသည်။ သင်္ချာဘာသာရပ်အရ အချို့သောမကောင်းမြင်မှုများ(အနှုတ်လက္ခဏာ)များ သည် ပကတိဖြူစင်သော မိမိတို့နိုင်ငံအပေါ် ထပ်မံ (အနှုတ် လက္ခဏာ)ပေါ်ပေါက်ခဲ့ပါက အလို အလျောက် (အပေါင်းလက္ခဏာ) ဖြစ်ပေါ်လာမည်ဟု ယုံကြည်ပါသည်။ ပထဝီဝင်သဘောအရ မိမိတို့ နိုင်ငံ၏တည်ရှိမှုမှာ အချက်အချာဒေသအဖြစ်ကမ္ဘာကအသိမှတ်ပြု စာရင်းဝင်ဖြစ်ပါသည်။သိပဘာသာ ရပ်တွင် နယူတန်၏တတိယနိယာမအရ “သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသဖြင့်“ ပကတိဖြူစင်သောမေတ္တာဖြင့် လက်ကမ်းကြိုဆိုလျှက်ရှိသည့် မိမိတို့နိုင်ငံမှာ တူညီသောကောင်းကျိုးများ သာခံစားရ မည်ဖြစ်ပါသည်။ သမိုင်းကြောင်းအရလည်း ရှေးဟောင်းယဉ်ကျေးမှု၊ သဘာဝအမွေအနှစ်များ ပြည့်စုံနေသည်မှာ ပြောဖွယ်ရာ မရှိပါ။

အချုပ်အားဖြင့် တင်ပြရပါလျှင် ဈေးဦးပေါက်ကောင်းခဲ့သော မိခင်ဆိုင်ကလေး၏ဝင်ငွေ၊ နိုင်ငံ့တာဝန်ကျေပွန်ခဲ့သော အငြိမ်းစားဝန်ထမ်းဖခင်တို့၏ သွန်သင်ဆုံး မထောက်ပံ့မှုတို့ဖြင့် အကြီးတန်း အရာထမ်းဖြစ်ခဲ့ရသော ကျွန်တော့်အနေဖြင့် မိခင်ဝန်ကြီးဌာနနှင့်ဆက်စပ် တတ်စွမ်းသမျှ လေ့လာ တင်ပြခြင်း သာဖြစ်ပါ သည်။ ယခုကျွန်တော့်၏ တင်ပြချက်များအပေါ်တွင်ဖြူစင်မှန်ကန်စွာ ဝေဖန်သုံးသပ် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားခေါင်းဆောင်ကြိး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့ သကဲ့သို့ “အခြားသူများခြေလှမ်းတစ်လှမ်း လှမ်းလျှင်ကျွန်ုပ်တို့က လေးငါးဆယ်လှမ်း လှမ်းနိုင်မှ တော်ကာကြမည်” ဟူသော အတွေးမြင်လေးတစ်ခု ပေါ်ထွန်းခဲ့ပါလျှင် ကျေနပ်ရပါပြီဟု မှတ်ယူတင်ပြအပ်ပါသည်။