မြင့်ထွေး (ဟိုတယ်/ခရီး)

ကိစ္စများပြီး၍ စက်နှိုးထားသောကားမှာ စတင်ထွက်ခွာစဉ် အင်ဂျင်သံနှင့် ရုန်းအားကြောင့် ကားအလေးချိန်က စီးစီးပိုးပိုးရှိသလို ဖြစ်နေသည်ဟုမြင်သည်။ သဲသောင်ပြင်တွင် ဖြတ်မောင်းခြင်းကြောင့်လားဟုလည်း တွေးမိသည်။ သည်လိုအဖြစ်မျိုး၊ ကြားဖူးသော်လည်း တစ်ခါမျှမကြုံဖူး။

ယာဉ်မောင်းက ဂီယာကြီးဖြင့် သောင်ပြင်တစ်လျှောက် မှန်မှန်မောင်းနေသည်။ မော်တော်ကား၏နောက်တွင် ဆိုင်ကယ်တစ်စီးလျှင် လူနှစ်ယောက်စီဖြင့်ဆိုင်ကယ်ငါးစီးကလိုက်ပါလာသည်။ ဆိုင်ကယ်ငါးစီးတွင် ဆိုင်ကယ်မောင်းသူ၊ မိမိတစ်စီး၊ နောက်တစ်စီးတွင် ဧရာဝတီတိုင်းတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး၊ နောက်တစ်စီးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျန်သူများကတော့ ဆောက်လုပ်ရေးအဖွဲ့မှဖြစ်သည်။ ယာဉ်မောင်းမှာ သဲများ၏ အခြေအနေကိုကြည့်၍ ကမ်းခြေသို့ရောက်သွားလိုက်၊ ကမ်းခြေနှင့်ဝေးရာသို့ ရောက်သွားလိုက်ဖြစ်နေသည်။ အမြင်မှား၊ ဆုံးဖြတ်ချက်မှား၍ သဲပွထဲမောင်းမိပြီး ယာဉ်နစ်သွားလျှင် ပြန်ရုန်းထွက်ရန်မလွယ်၊ ရုန်းထွက်၍မရမီ ပင်လယ်ရေတက်ချိန်နှင့်ကြုံပါကပင်လယ်ထဲယာဉ်မြုပ်သွားနိုင်သည်။ ဒါကြောင့် ယာဉ်မောင်းမှာ သဲအကြောကိုကြည့်ပြီး၊ သတိထားမောင်းနှင်နေခြင်းဖြစ်သည်။ ယာဉ်နစ်သွားလျှင် နောက်ထပ်မော်တော်ကားတစ်စီးကို ထပ်မံခေါ်ယူဖို့ရန်မလွယ်။သည်ပစ်ကပ်ကားတစ်စီးကိုပင် သည်ဒေသမှာ ခက်ခက်ခဲခဲရှာဖွေ၍ အကူအညီတောင်းထားရခြင်းဖြစ်သည်။

သည်လိုအတွေ့အကြုံမျိုးတစ်ခါဖူးမျှ မကြုံခဲ့ဖူး၍ ကိုယ့်ကိုယ်ကိုလည်း အံ့သြနေမိသည်။ သည်ထက်ဆိုးဝါးသော အခြေအနေများကို ကြုံတွေ့ခဲ့ဖူးပြီး၊ ခက်ခဲသော ဆုံးဖြတ်ချက်များကိုချကာ ကိုယ့်တပည့်၏ မိုင်းနင်းမိထားသော ခြေထောက်တစ်ဖက်မှ အကြောများ၊ အသားများတန်းလန်းဖြင့် သွင်သွင်ကျိုးနေသည့် အရိုးအား သွေးထွက်မလွန်စေရန်အတွက် ကိုယ်တိုင်လှီးခုတ်ဖြတ်တောက်ကာ အရေးပေါ်ကုသပေးခဲ့ရမှုများ၊ ယခုပင်စကားပြောနေဆဲ၊ အမိန့်ပေးနေဆဲ၊ တပည့်များ၏ ရုတ်ချည်းအသက်ခန္ဓာစွန့်လွှတ်ခဲ့မှုများ၊ ညာဥ့်နက်သန်းခေါင်အချိန်များတွင် လူသေကောင်များ၏ ခန္ဓာကိုယ်များကို မြုပ်နှံခဲ့ရမှုများ၊ များစွာကြုံတွေ့ရင်ဆိုင်ခဲ့ရသော်လည်း ယခုကြုံတွေ့ရသော အတွေ့အကြုံကတော့ အထူးအဆန်းလိုဖြစ်နေသည်ကိုတွေးရင်း သည်ခရီးစဉ်၏အစကို ပြန်လည်စဉ်းစားမိသည်။

သည်ခရီးက ဟိုင်းကြီးကျွန်းဒေသတွင် ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ကနဦးကြိုးစားမှုဟုဆိုရမည်။ မော်တင်စွန်းဘုရားပွဲတော်အား ရွှေစက်တော်ဘုရားပွဲတော်ကဲ့သို့ ကာလရှည်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သော တည်းခိုနေထိုင်ရေး၊ လေ့လာလည်ပတ်နိုင်ရေး ဆောင်ရွက်ရန် တာဝန်ပေးအပ်ချက်အရ၊ နေပြည်တော်မှ ရန်ကုန်၊ ရန်ကုန်မှ ပုသိမ်၊ ပုသိမ်မှ မော်တင်စွန်းသို့ ခရီးရှည်လာရောက်ခဲ့ခြင်းဖြစ်သည်။

နေပြည်တော်မှ ပုသိမ်သို့သွားရောက်ရာလမ်းခရီးမှာ မြို့ပြများနှင့် လယ်ကွင်း၊ ငါးကန်များအား ဖြတ်သန်းမောင်းနှင်ခြင်းဖြစ်၍ မိမိအတွက် မထူးဆန်းလှသော်လည်း၊ ပုသိမ်မြို့မှ ထွက်သည်နှင့် ရာဘာသစ်တောကြီးများကို ဖြတ်သန်းပြီး တောင်များကိုတက်၊ တောင်ကြောတစ်လျှောက်မောင်း၍ တောင်စောင်းများအတိုင်း စုန်ဆင်းကာ အကွေ့အကောက်များဖြင့် ရခိုင်ရိုးမ၏ တောင်ကြောအဆုံး၊ အဖျားကို ဖြတ်သန်းနေခြင်းကတော့ ဒေသစိမ်းဖြစ်၍ ဆန်းလှသည်။

ယာဉ်မောင်း၏ ပြောပြချက်အရ သည်လမ်းခရီးတွင် တောဆင်များ ဖြတ်သန်းသွားလာမှုကို ကြုံတွေ့ရတတ်ပြီး၊ ထိုသို့ဆုံတွေ့ရချိန်တွင် ယာဉ်ကိုရပ်တန့်ကာ အသင့်စောင့်ကြည့်နေရကြောင်း၊ ရန်မူရန်အပြုအမူမျိုးဖြစ်လာပါက ခြောက်လှန့်ခြင်း (သို့မဟုတ်) လွတ်ရာသို့ ရှောင်ပြေးရကြောင်း ကြိုတင်ပြောပြထား၍ စိတ်လှုပ်ရှားဖွယ်လည်းရှိလှသည်။ လမ်းခရီးတစ်လျှောက်ရာဘာတောကြီးများဖြင့် စိမ်းစိုညို့မှိုင်းကာ ဂေဟစနစ်အား အထောက်အကူပြုနေသည်ကို အားရဖွယ်တွေ့ရသည်။ ကားတစ်စီးစာကျော်ကျော်သာ လမ်းမှာကျယ်ပြီး လမ်းခရီးတစ်လျှောက် ပြင်ဆင်နေဆဲဖြစ်၍ ချောမွေ့မှုမရှိလှသော်လည်း တစ်နာရီ(၅၀)မိုင်ခန့်တော့ မောင်းနှင်နိုင်သဖြင့် အဆင်ပြေသည်ဟုဆိုရမည်။ မနက်စောစော ပုသိမ်မှ ထွက်လာခဲ့သဖြင့် ခရီးတစ်ဝက်၊ ငရုပ်ကောင်းကျေးရွာရှိ ထမင်းဆိုင်တွင်ရှိသည့် ဟင်းလျာနှင့်စားဖြစ်သည်။ ငရုပ်ကောင်းကျေးရွာတွင် နေ့လည်စာမစားဖြစ်ပါက ရှေ့ခရီးတွင် စားသောက်ရန် အဆင်မပြေနိုင်တော့ကြောင်းလည်း သိရသည်။ မော်တင်စွန်းရောက်တော့ ညနေစောင်းနေပြီ။ တည်းခိုမည့် Silence တည်းခိုခန်းသို့ ၀င်ရောက်ပြီး ပစ္စည်းများနေရာချကာ စားသောက်ရေးအတွက် စီစဉ်ရသည်။ ဒေသဖွံ့ဖြိုးရေးအတွက် လာရောက်ခြင်းဖြစ်၍ တည်းခိုခန်းပိုင်ရှင်မှ တည်းခိုနေထိုင်မှုအား မေတ္တာဖြင့် ကူညီပေးသော်လည်း၊ စားသောက်မှုကတော့ မိမိတို့မှတစ်ဦး၊ တစ်ရက်ကုန်ကျစရိတ်ကို ညှိနှိုင်းသတ်မှတ်ကာပေးချေသည်။ (၃)ရက်ခန့်တည်းခိုပြီး နောက်ပိုင်းတွင် ရက်ကြာမြင့်မည်ဖြစ်၍ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်ပြီး၊ ကိုယ်တိုင်ချက်ပြုတ်စားသောက်ကြသည်။

ထိုအချိန်က မော်တင်စွန်းတွင် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ တည်းခိုခန်းများမှာ (၄)လုံးသာရှိသဖြင့် အခန်းအရေအတွက်မှာ ဘုရားပွဲသို့လာရောက်သော ပြည်တွင်းပြည်ပဧည့်သည်များအတွက် လုံလောက်မှုမရှိသည့်အပြင် အဆင့်အတန်းလည်းမမီသည့်အတွက် သန့်ရှင်းသပ်ရပ်မှုနှင့် သင့်တင့်လျှောက်ပတ်သော အဆင့်အတန်းမျိုးရောက်ရှိစေရန်နှင့် ခရီးစဉ်ဒေသတစ်ခုအဖြစ်ဖြစ်ပေါ်ရန်စတင်ကြိုးပမ်းတွန်းအားပေးကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ခရီးစဉ်ဒေသတစ်ခုဖြစ်ပေါ်စေရန် အကြောင်းအချက်များအခိုင်အမာအပြည့်အစုံရှိရန် လိုအပ်ပါသည်။ အဆိုပါအချက်များတွင် သမိုင်းကြောင်းရှိခြင်း၊ လည်ပတ်စရာများရှိခြင်း၊ လေ့လာစရာများရှိခြင်း၊ တည်းခိုနေထိုင်မှုများရှိခြင်း၊ စားသောက်ဆိုင်များ၊ ဒေသထွက်အမှတ်တရပစ္စည်းအရောင်းဆိုင်များရှိခြင်း၊ ဒေသနေပြည်သူတို့၏ ရိုးရာဝတ်စားဆင်ယင်မှု၊ အသက်မွေးဝမ်းကြောင်းပြုမှု၊ ဓလေ့ထုံးတမ်းစဉ်လာများရှိခြင်း၊ သဘာဝတရားများပြည့်စုံစွာရှိခြင်း၊ လမ်းပန်းဆက်သွယ်သွားလာမှုလွယ်ကူခြင်း စသည့်အခြေအနေများသည် ခရီးစဉ်ဒေသတစ်ခုဖြစ်ပေါ်ရန် အဓိကအထောက်အကူပြုစေပါသည်။

မော်တင်စွန်းဘုရားတည်ရှိရာ ဟိုင်းကြီးကျွန်းသည် အလောင်းဘုရားလက်ထက်မှသည်၊ ဘကြီးတော်မင်းလက်ထက်အထိ မြန်မာဘုရင်များနှင့် အင်္ဂလိပ်တို့၏ သမိုင်းအခြေခံအကြောင်းအရာများရှိနေခြင်း၊ မော်တင်စွန်းဘုရား၏ ကြီးမြတ်သော ထူးခြားဆန်းကြယ်သည့် ဂုဏ်အင်္ဂါများရှိခြင်း၊ ရခိုင်ပြည်နယ်မှ ဆင်းဆက်လာသော ရခိုင်ရိုးမတောင်တန်းမှာ မော်တင်စွန်းရှိ ပင်လယ်ကြမ်းပြင်သို့တိုင်အောင် အဆုံးသတ်ငုတ်ဆင်းသွားခြင်း၊ ရခိုင်တိုင်းရင်းသားများ အများစုနေထိုင်ရာဖြစ်ခြင်း၊  ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခြင်း၊ ဟိုင်းကြီးကျွန်းနှင့် မနီးမဝေးတွင် သမီးလှကျွန်း(လိပ်ကျွန်း)ရှိခြင်း၊ အဆိုပါကျွန်းတွင် ငါးလုပ်ငန်းဦးစီးဌာနမှ ပင်လယ်လိပ်သားဖောက်မွေးမြူခြင်းလုပ်ငန်းရှိခြင်း၊ ပြန့်ပြူးသောသဲသောင်ဖြူဖြူရှိခြင်း၊ ပင်လယ်ထဲ ရေချိုးဆင်းရန်နှင့် သဲသောင်တွင်ဆော့ကစားရန် ကောင်းမွန်ခြင်း၊ နေမင်းကြီး ပင်လယ်ထဲမှ ထွက်ပေါ်လာသည်မှ ပင်လယ်ထဲသို့ နစ်ဝင်သွားသည်အထိ လှပသည့်ရှုခင်းကို တစ်နေရာတည်းမှ ကြည့်ရှုနိုင်ခြင်း၊ စသည့်အကြောင်းအရာများ စုံလင်စွာတည်ရှိနေသည့်အတွက် ပြည်တွင်းပြည်ပခရီးသွားများ အလွန်ကြိုက်နှစ်သက်မည့် ခရီးစဉ်ဒေသတစ်ခုဖြစ်၍ ဖော်ထုတ်မြှင့်တင်ကြော်ငြာဆောင်ရွက်မည်ဆိုပါက ဧရာဝတီတိုင်းအတွင်း ကမ်းခြေများ၌ အပန်းဖြေခရီးစဉ်များအပြင် ဒေသန္တရဗဟုသုတများပါလေ့လာနိုင်သော ခရီးစဉ်တစ်ခုအဖြစ်ထပ်မံဖြစ်ထွန်းလာနိုင်ပါသည်။

မော်တင်စွန်းဘုရားပွဲသို့ လာရောက်သော ဧည့်သည်များ တည်းခိုနိုင်ရန်အတွက် တည်းခိုခန်းများဆောက်လုပ်ရန် မြေနေရာများရွေးချယ်ရှာဖွေရာတွင် ဘုရားနှင့်နီးသောနေရာ၊ သွားလာရန် လွယ်ကူသောနေရာ၊ မြေလွတ်မြေလပ်ရှိသောနေရာ၊ ရေရရှိနိုင်သောနေရာ၊ နိုင်ငံတော်အကြီးအကဲများ ရဟတ်ယာဉ်ဖြင့် လာရောက်ပါက ဆင်းသက်နိုင်သောနေရာ၊ ပင်လယ်နှင့်နီးသောနေရာ၊ ရေချိုး၍ ရသောနေရာ၊ သဘာဝအလှအပများကို ကြည့်ရှုခံစားနိုင်သော နေရာစသည်ဖြင့် ဘက်စုံထောင့်စုံကောင်းမွန်သောနေရာကို ဟိုင်းကြီးကျွန်းမြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှာဖွေကြရာ မော်တင်စွန်းစေတီတော် တောင်ဘက်လမ်းဘေးတွင် စားကျက်မြေ(၆.၂၂)ဧကကို တွေ့ရှိခဲ့ကြသည်။

အဆိုပါ(၆.၂၂)ဧကတွင် အမှန်တစ်ကယ်တည်းခိုခန်းဆောက်လုပ်နိုင်သည့်မြေမှာ (၃.၇၈)ဧက ရှိပါသည်။ ပင်လယ်ကမ်းခြေဧရိယာ(၁.၃၄)ဧက၊ သုဿန်မြေ(၀.၄၆)ဧက၊ ရဟတ်ယာဉ်ကွင်း(၀.၆၄)ဧကကို ချန်လှပ်ထားခဲ့ရသည်။ တည်းခိုခန်းတည်ဆောက်နိုင်မည့် ဧရိယာ၏ ပင်လယ်ဖက်မျက်နှာစာကမ်းခြေအရှည်မှာ (၁၄၇၀) ပေရှည်သဖြင့် တည်းခိုခန်းဆောက်လုပ်မည့် လုပ်ငန်းရှင်(၃)ဦးကို အပိုင်းလိုက်ခွဲခြားသတ်မှတ်ပေးပြီး၊ မော်တင်စွန်းပွဲတော်အမီ အပြီးတည်ဆောက်နိုင်ရန် အနီးကပ်ကြီးကြပ်ကာ ကိုယ်တိုင်လည်း အပင်ပန်းခံ ပံ့ပိုးကူညီဆောင်ရွက်ခဲ့ကြရသည်။

တည်းခိုခန်းတည်ဆောက်မှုအတွက် ကိုယ်တိုင်မြေတိုင်းခြင်း၊ မြေရှင်းခြင်း၊ ပဋက်ရိုက်ခြင်း၊ တည်ဆောက်ရေးပစ္စည်းများ အချိန်မီရောက်ရှိရေးအတွက် ဆောင်ရွက်ခြင်း၊ အချိန်မီပြီးစီးရေးအတွက် ကြပ်မတ်ခြင်း၊ နေ့စဉ်ပြီးစီးမှုအခြေအနေများနှင့် မှတ်တမ်းဓာတ်ပုံများကို ဟိုင်းကြီးကျွန်းရေတပ်စခန်းဌာနချုပ်သို့ သွားရောက်ကာနေပြည်တော်သို့ Viber ၊ ကြေးနန်းဖြင့်ပေးပို့ဆောင်ရွက်ခြင်း၊ ရေကန်တူးရန် နေရာရွေးချယ်ခြင်း၊ စမ်းချောင်းအားတမံပိတ်ကာ ရေချိုစုဆောင်းခြင်း၊ ရေဆိုးစွန့်ပစ်မှုများရွေးချယ်ခြင်း စသည်တို့ကို စေ့ငအောင်ဆောင်ရွက်သလို၊ လူကြီးများလာရောက်စစ်ဆေးကြည့်ရှုပါက ရှင်းလင်းတင်ပြနိုင်ရန်အတွက်လည်းရှင်းလင်းဆောင်ပြင်ဆင်ခြင်းကို အခက်အခဲများကြားမှ အချိန်ကန့်သတ်ချက်အတွင်း ပြင်ဆင်ဆောင်ရွက်ကြရသည်။

သည်ကြားထဲ တည်းခိုခန်းတည်ဆောက်သည့် ဧရိယာ(၂)ခုကြား သုဿန်တစ်ခုတည်ရှိနေ၍ သုဿန်ရွှေ့ပြောင်းရေးကို မော်တင်စွန်းဘုရားကျောင်းထိုင်ဆရာတော်ဘုရားကြီးထံ သြ၀ါဒခံယူကာ ရပ်မိရပ်ဖများခေါ်ယူအသိပေးညှိနှိုင်းခြင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၏ အထောက်အပံ့အကူအညီများကို  ရယူခြင်းများကို ဆောင်ရွက်ခဲ့ရသည်။ သုဿန်ရွှေ့ပြောင်းမှုအတွက် သယ်ယူပို့ဆောင်ပေးမည့် မော်တော်ကားအား ငှားရမ်းရာတွင် ကားရှားပါးမှုကြောင့် အတော်အခက်တွေ့ရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမိန့်ဖတ်ကြားပြီးသည်နှင့် သင်္ချိုင်းမှ ပရလောကသားများကို ကားပေါ်တက်ခိုင်းသည်။ မကျန်ရှိစေရန် လူကြီး၊ ကလေးအကုန်အပါခေါ်ခိုင်းသည်။ ကားပေါ်အကုန်တက်ရန်၊ အချိန်အနည်းငယ်ပေးလိုက်ပြီး ကုန်ပြီလား၊ အကုန်တက်ပြီးပြီလားမေးသည်။ ကဲကဲကုန်ပြီ။ နောက်တံခါးပိတ်ဟုပြောသူကပြောသည်။ တစ်ကယ်လည်းတံခါးပိတ်သည်။ ထိုအချိန်တွင် မိမိအနီးတွင်ရှိနေသော ဧရာဝတီတိုင်းတာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးအောင်သူဦးမှ အစ်ကိုကြီးအပုပ်နံ့ရတယ်ဗျဟု အလန့်ထညက်ပြောသည်။

မောင်းလာသော သုဿန်ပြောင်းရွှေ့ကားက စက်သံပြင်းလာ၍ ပြန်ပြောင်းစဉ်းစားနေမှုမှာ ရပ်တန့်သွားသလို အပုတ်နံ့ကလည်း ထောင်းခနဲထွက်လာသည်။ အာဏာပိုင်၏အမိန့်အရ ပြောင်းရွှေ့ခြင်းဖြစ်သော်လည်း၊ သူတို့ကသူတို့ရဲ့ဝိဥာဏ်ကိန်းအောင်းရာ ဂူဗိမ္မာန်ကိုတော့ နှစ်ပေါင်းများစွာကြာမြင့်ပြီးဖြစ်၍ ခင်တွယ်နေပေလိမ့်မည်။ နေရာချထားပေးမည့် ကံချိုင်သုဿန်သို့ရောက်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကောင်းမွန်စွာနေထိုင်ရန် အမိန့်ထုတ်ပြန်ဖတ်ကြားသည်။ သုဿန်ပြောင်းရွှေ့မှုကို ပထမဦးဆုံးအကြိမ်တွေ့ကြုံမှုဖြစ်ပြီး၊ ဓလေ့ထုံးတမ်းစဉ်လာကြီးမားသော တိုင်းရင်းသားများ၏ သဘောတူညီမှုရရှိအောင် အတော်ပင်ကြိုးစားညှိနှိုင်းဆောင်ရွက်ကာ အစစအဆင်ပြေစွာပြီးမြောက်ခဲ့ကြောင်းကိုလည်း အထက်အကြီးအကဲထံ သတင်းပို့ရသေးသည်။

သုဿန်မပြောင်းရွှေ့မီ၊ အဆိုပါ သုဿန်တွင် မြှပ်နှံထားခဲ့သော ဖခင်ဖြစ်သူ၏ အုတ်ဂူအတွက် စိုးရိမ်စိတ်ဖြင့် ရန်ကုန်မြို့ရှိ မြန်မာ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ လုပ်ဖော်ကိုင်ဖက်အငြိမ်းစားမန်နေဂျာဒေါ်သန်းစိန်မှဖုန်းလှမ်းဆက်သည်။ သူတို့မိသားစု၊ ရန်ကုန်မှ မော်တင်စွန်းသို့ ဘုရားဖူးလာရောက်စဉ် ဖခင်ဖြစ်သူမော်တင်စွန်း၌ ကွယ်လွန်ခဲ့သဖြင့် မော်တင်စွန်းဘုရားအနီး၊ သုဿန်တွင် ဂူသွင်းသင်္ဂြိုလ်ခဲ့ရကြောင်း၊ ကောင်းကောင်းမွန်မွန်ပြောင်းရွှေ့ပေးစေလိုသဖြင့် မိမိထံအကူအညီတောင်းခံလာခြင်းဖြစ်သည်။

သုဿန်ရွှေ့ပြောင်းပြီးဖြစ်၍ ပြည်တွင်းပြည်ပဧည့်သည်များ လာရောက်ရာတွင် အုတ်ဂူများတွေ့ရှိပါက စိတ်အနှောင့်အယှက်ဖြစ်နိုင်သဖြင့် မြေရှင်းနေသော  မြေထိုးစက်မောင်းနှင်သူကို အုတ်ဂူအား မြေထိုးဖြိုဖျက်ဆောင်ရွက်ရန် အကြိမ်ကြိမ်ပြောကြားသော်လည်း မဆောင်ရွက်ရဲ။ နောက်ဆုံးအုတ်ဂူများကို မြေများဖြင့်သာ ဖုံးအုပ်ခဲ့ရသည်။

မိမိတို့၏ တာဝန်များမှာ တည်းခိုခန်းအချိန်မီတည်ဆောက်ရေးအပြင် ခရီးသွားများသွားလာလည်ပတ်နိုင်မည့် ခရီးစဉ်အသစ်များ ရှာဖွေဖော်ထုတ်ရန်ပါ တာဝန်ပေးအပ်ထားသဖြင့် ဟိုင်းကြီးကျွန်းမှ ရေမိုင်(၁၂)မိုင်၊ ခမောက်မော်၊ မော်တင်စွန်းမှ ရေမိုင်(၆)မိုင်အကွာတွင် တည်ရှိသော သမီးလှကျွန်း (လိပ်ကျွန်း)သို့ ပင်လယ်ပြင်ကို ဖြတ်၍ သွားရောက်လေ့လာခဲ့သည်။

သမီးလှကျွန်း၏အမည်မှာ သမိုင်းရာဇ၀င်အရ ပုဂံခေတ်၊ မဏိစည်သူမင်းလက်ထက်တွင် ပုသိမ်မြို့စားတစ်ဦးမှ မော်တင်စွန်းဘုရားအားဖူးပြီးနောက် ပင်လယ်ပြင်အတွင်းသာယာလှပသော ကျွန်းတစ်ကျွန်းကိုတွေ့ရှိပြီး၊ နောက်ပါအခြွေအရံများနှင့် သွားရောက်လည်ပတ်ခဲ့ကြောင်း၊ ၄င်း၏ တစ်ဦးတည်းသော အလွန်လှပသည့် သမီးတော်မှာ ကျွန်းပေါ်တွင်အပူရှပ်ကွယ်လွန်ခဲ့သဖြင့် ဖခင်မြို့စားက ကျွန်းပေါ်၌ လွမ်းစေတီငယ်တစ်ဆူကို တည်ထားကာ သမီးလှကျွန်းဟု သမုတ်ခေါ်ဆိုခဲ့ကြောင်း၊အင်္ဂလိပ်အစိုးရလက်ထက်တွင် စိန်ကျွန်းဟုခေါ်ဆို၍ တော်လှန်ရေးကောင်စီလက်ထက်တွင် ပင်လယ်လိပ်များ စီမံချက်ချမွေးမြူဆောင်ရွက်ခဲ့သဖြင့် ဒေသအခေါ်လိပ်ကျွန်းဟု အမည်တွင်လာခဲ့ကြောင်း လေ့လာမှတ်သားရပါသည်။

သမီးလှကျွန်း(ခေါ်)လိပ်ကျွန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း၏ တောင်ဘက်ပင်လယ်ပြင်ကျောက်ကလပ်စွန်းနှင့် မော်တင်စွန်းအကြားတွင် တည်ရှိပါသည်။သမီးလှကျွန်း၏ အရှေ့ဘက်တွင် ကျောက်ကလပ်စွန်း၊ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ မြောက်ဘက်တွင် ဟိုင်းကျွန်းကြီးတည်ရှိပါသည်။ ကျွန်း၏ အနောက်ပိုင်းသည်မြင့်ပြီး၊ အရှေ့ပိုင်းသည် အနောက်ပိုင်းထက် နိမ့်ဆင်းသည်။ အမြင့်ဆုံးအပိုင်းသည် ပင်လယ်ရေ မျက်နှာပြင်အထက် (၁၁၆)ပေမြင့်၍၊ မိုးရာသီတွင် ဒီရေအတိုး၊ အဆုတ်(၈)ပေနှင့် နွေရာသီတွင် (၄)ပေမှ (၅)ပေအထိ ရှိတတ်ပါသည်။

ဒီရေတက်သောအခါ ကျွန်းပတ်လည်အောက်ခြေသည် ကျောက်သားပကတိရှိပြီး ကျွန်း၏ အနောက်ဘက်ခြမ်းသည် သဲဆန်သော နုန်းမြေဖြစ်၍ ကျန်အပိုင်းမှာ အများအားဖြင့် ဂ၀ံကျောက်ရောကာ အနည်းငယ်စေးသော မြေမျိုးဖြစ်ပါသည်။ သမီးလှကျွန်းတွင် မိုးရေချိန်တိုင်းတာသတ်မှတ်ထားခြင်းမရှိသော်လည်း အနီးဆုံးဖြစ်သော လပွတ္တာမြို့တွင် တိုင်းထွာမှတ်သားချက်အရ နှစ်စဉ်မိုးရေချိန်မှာ (၁၀၀)လက်မရှိ၍ အပူအအေးမျှတပါသည်။

သာမန်အချိန်များတွင် သဘာဝဘေးအန္တရာယ်ကျရောက်မှုမရှိနိုင်သော်လည်း မိုးတွင်းကာလတွင် လှိုင်းကြီးလေထန်နိုင်ခြင်း၊ လေဖိအားနည်းရပ်ဝန်းများဖြစ်ပေါ်ပါက မုန်တိုင်းဒဏ်များ၊ မုန်တိုင်းလမ်းကြောင်းများအတွင်းတွင် ကျရောက်နိုင်ပါသည်။ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ်ကို ဟိုင်းကြီးကျွန်း၊ မော်တင်စွန်း၊ ကျောက်ချောင်း၊ ဇီးချိုင်၊ ငွေတောင်၊ ခမောက်မော်တို့ ပြင်းထန်စွာခံစားခဲ့ရသည်။ သမီးလှကျွန်းလည်း နာဂစ်ဒဏ်ကို ခံစားရင်ဆိုင်ခဲ့ရသည်။ မိမိတို့ သမီးလှကျွန်းအတွင်း လှည့်လည်ကြည့်ရှုစဉ်၊ နာဂစ်ကာလက လဲပြိုခဲ့သော သစ်ပင်များစွာကိုတွေ့ရသည်။ ထိုလဲပြိုနေသောအပင်များမှ သစ်ပင်၊ သစ်ကိုင်းများ၊ ထပ်မံထွက်ရှိကာ တည့်မတ်စွာ ရှင်သန်ကြီးထွားနေသည်ကို တွေ့ရသည်။

သမီးလှကျွန်း(လိပ်ကျွန်း)ပေါ်တွင် အမြဲစိမ်းတော (Evergreen Forest) အမျိုးအစား၊ တန်ဖိုးနည်းသစ်မျိုးများ ပေါက်ရောက်ကာ ပရဆေးပင်နှင့် သစ်ခွမျိုးများ တောရိုင်းတိရစ္ဆာန်မျိုးစိတ်များ၊ ငါးလုပ်ငန်းဦးစီးဌာနမှ လိပ်သားဖောက်ခြင်းလုပ်ငန်းနှင့် ကျွန်း၏သဘာဝဂေဟစနစ်များလေ့လာနိုင်သည့်အပြင် ကျွန်းအနီး၊ တံငါသည်များ၏ ငါးဖမ်းခြင်းလုပ်ငန်းများကိုလည်း လေ့လာနိုင်ပါသည်။

မိမိတို့၏ အဖွဲ့၏ ခရီးစဉ်ရှာဖွေဖော်ထုတ်ရေးအတွက် သမီးလှကျွန်း(လိပ်ကျွန်း)သို့ သွားရောက်ရန် ဟိုင်းကျွန်းကြီးရှိ ပမ္မ၀တီရေတပ်စခန်းဌာနချုပ်မှအဓိကပံ့ပိုးကူညီပေးခဲ့သည်။ ပမ္မ၀တီရေတပ်စခန်းဌာနချုပ်မှ တပ်မတော်စစ်ရေယာဉ်ဖြင့် သမီးလှကျွန်းသို့ ပို့ဆောင်ပေးသဖြင့် အဆင်ပြေချောမွေ့စွာ ရောက်ရှိခဲ့သည်။ စစ်ရေယာဉ်ဖြစ်၍ ကမ်းခြေသောင်ပြင်သို့ ကမ်းကပ်နိုင်မှုမရှိသဖြင့် ငါးဖမ်းစက်လှေများ၏အကူအညီနှင့်ကျွန်းသို့ ကူးခဲ့ရသည်။

မိမိတို့အဖွဲ့ သမီးလှကျွန်းသို့ ရောက်ရှိသည်နှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးမှ စောင့်ကြို၍ လိပ်သားဖောက်မွေးမြူရေးလုပ်ငန်းအကြောင်းကို ရှင်းပြကာ၊ သဲကျင်းအတွင်း သားဖောက်ထားသော လိပ်ပေါက်လေးများကို တူးဖော်ကာပြသသည်။

သဲကျင်းထဲတွင် လိပ်အကောင်ပေါက်လေးများ ရာချီရှိမည်ထင်သည်။ သဲကျင်းအတွင်း ရေယက်ကလေးများဖြင့် ယက်ကန် ယက်ကန်ရွေ့လျားနေကြသည်မှာ ချစ်စရာကောင်းလှသည်။ လက်ဖ၀ါးပေါ်သို့ တင်ရာတွင် သူတို့၏အသားအရေများမှာ နူးညံ့လွန်းကြောင်း သတိထားမိသည်။

ပင်လယ်ကမ်းစပ်သို့ဆင်း၍ လိပ်များကို လွှတ်ရာတွင် ပင်လယ်လှိုင်းများကြောင့် မိမိတို့ထံ ပြန်လည်ရောက်ရှိလာလိုက်၊ ပင်လယ်ထဲရောက်သွားလိုက်ဖြင့် လိပ်ကလေးများကို မြင်ကွင်းမှ ပျောက်ကွယ်သည်အထိ၊ ကြည့်ရင်းကြည်နူးမိသည်။ ပင်လယ်ထဲမလွှတ်မီ သဲသောင်ပြင်တွင် ချထားစဉ် ပင်လယ်ဘက်သို့ တူရှုကာ အပြေးအလွှားဆင်းကြသည်။ သဲကျင်းထဲမှ  ယခုမှပင် ထုတ်လိုက်သော်လည်း၊ သဲကျင်းအမှောင်ထဲတွင် ကာလရှည်နေနေကြသော်လည်း သဘာဝကပေးသော အသိကြောင့် ပင်လယ်ရေမည်သည့်ဘက်တွင် ရှိသည်ကို အလိုအလျောက်သိနေကြသည်။

ပြည်ပနိုင်ငံများတွင် အဆိုပါလိပ်ပေါက်ကလေးများ ပင်လယ်ထဲလွှတ်မှုကိုပင် ပိုက်ဆံယူ၍ ဆောင်ရွက်ကြသည်။ ဤမျှထိ ခရီးသွားဧည့်သည်များထံမှ ပိုက်ဆံများအလိုအလျှောက်ခုန်ထွက်လာ အောင် ပြုလုပ်တတ်သော သူတို့၏ပညာများအား အတုယူကြရမည်ဖြစ်သည်။

မိမိတို့အဖွဲ့သမီးလှကျွန်းအတွင်းသို့ မ၀င်မီ ကမ်းခြေသဲသောင်ပြင်သို့ လှည့်လည်ကြည့်ရှုရာ ပင်လယ်လိပ်ကြီးများ၊ သဲသောင်သို့လာရောက်ကာ ဥချပြီး ပြန်လည်ထွက်ခွာသွားသော စွပ်ကြောင်းကြီးများကို တွေ့ရသည်။ စွပ်ကြောင်းကြီးများ ကြီးမားမှုကြောင့် ပင်လယ်လိပ်ကြီးများ၏ ကြီးမားမှုကို ဂရုပြုမိသည်။ ညအိပ်၍ လျှို့ဝှက်စောင့်ကြည့်မည်ဆိုလျှင် ပင်လယ်လိပ်ကြီးများ၊ ပင်လယ်ထဲမှ ကမ်းခြေသို့ တက်ရောက်လာပုံ၊ သဲသောင်ပြင်တစ်လျောက် ဥကျင်းများရှာဖွေပုံ၊ ဥချနိုင်ရန်အတွက် သဲကျင်းများတူးပုံ၊ ဥချပုံ၊ ဥကျင်းများ ပြန်လည်ဖုံးကွယ်ပုံ၊ ဥကျင်းအတုများပြုလုပ်ပုံ၊ ပင်လယ်အတွင်း ပြန်လည်ဆင်းကာ ငုတ်လျှိုးပျောက်ကွယ်သွားပုံများကို ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

သဲသောင်ကမ်းခြေမှတဆင့် မိမိတို့အဖွဲ့တောတွင်းသို့ ၀င်ရောက်ခဲ့သည်။ သမီးလှကျွန်းမှာ အင်္ဂလိပ်တို့ မြန်မာနိုင်ငံအား သိမ်းပိုက်ထားစဉ်၊ ကမ်းခြေလုံခြုံရေးအတွက် အစောင့်စခန်းထားရှိကြောင်းသိရှိရပြီး၊ ကျွန်းတွင်လုံခြုံရေးစောင့်ရှောက်နေသော အင်္ဂလိပ်လူမျိုးများကစားခဲ့ရာ ဘောလုံးကွင်း(သို့) တင်းနစ်ကွင်းဟု ယူဆရသည့် မြေကွက်လပ်ကိုလည်းတွေ့ရသည်။ ရေချိုရရှိသော ရေတွင်းတစ်တွင်း၊ ရေကန်နှစ်ကန်ကိုလည်း တွေ့ရသည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်တွင် ဂျပန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျွန်းပေါ်တွင် တွင်းချိုင့်ကြီးများကို များစွာတွေ့ရသည်။ အင်္ဂလိပ်တို့နေထိုင်ခဲ့သော တိုက်အဆောက်အဦးကြီးမှာ ပျက်စီးနေပြီး၊ ကျန်ရှိအုတ်နံရံများတွင် နှစ်ကာလကြာမြင့်မှုကြောင့် အဆောက်အဦအတွင်းပိုင်းတွင်၊ အပင်ကြီးများ နွယ်ပင်ကြီးများ တွယ်ကပ်ပေါက်ရောက်လျက်ရှိသည်ကိုလည်း တွေ့ရသည်။ တောအုပ်ကြီးအတွင်း ဟောင်းနွမ်းယိုယွင်းမှုနှင့် ရှင်သန်ရုန်းကန်နေမှုတို့ကို ယှဉ်တွဲမြင်ရသည်မှာ တရားရဖွယ်ဖြစ်စေသလို စိတ်ဓာတ်ကြံ့ခိုင်မှုကိုလည်း ဖြစ်စေသည်။ တစ်ဆက်တည်းပင် ကမ္ဘောဒီးယားနိုင်ငံ၊ အန်ကောသွမ်ရှိ ရှေးဟောင်းဘုရားများတွင် နှစ်ပေါင်းများစွာတွယ်ကပ်ရှင်သန်ကြီးထွားနေသော သက်တမ်းအိုသစ်ပင်ကြီးများကို ပြသကာ ပိုက်ဆံသဲ့ယူနေမှုကို မြင်ယောင်မိသည်။

ကျွန်း၏ အမြင့်ဆုံးအပိုင်းတွင် လွမ်းစေတီကို ဖူးမျှော်နိုင်ပြီး၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးမှ ပင်လယ်ပြင်ရှုခင်းနှင့် ကမ်းခြေရှုခင်းများကို တောင်ပေါ်တက်လို့ မောပန်းသမျှ အေးချမ်းစွာ အမောဖြေကြည့်ရှုခံစားနိုင်ပါသည်။ သမီးလှကျွန်းမှာ အလျား( ၀.၈)မိုင်၊ အနံအကျယ်ဆုံးနေရာတွင် (၀.၄)မိုင်၊ ကျယ်ဝန်း၍ ကျွန်းတစ်ပတ်လှည့်လည်ကြည့်ရှုခဲ့ရာ ရှေးမီးပြတိုက်ကို တွေ့ရှိလေ့လာရသလို ကျွန်းပေါ်တွင် ခေတ္တနားခိုနေသော တံငါသည်များကို တွေ့ရ၍ တံငါလုပ်ငန်းအခြေအနေများကို မေးမြန်းလေ့လာမိသည်။

သမီးလှကျွန်းမှ အပြန်တွင် လှိုင်းအနည်းငယ်ထန်လာ၍ လှိုင်းမူးလာပြီး၊ တပ်မတော်ရေယာဉ်မှ ဧည့်ခံကျွေးမွေးသော ဧည့်ဝတ်ပြုမှုများကိုပင် မခံစားနိုင်၊လှိုင်းမူးဒဏ်အား သက်သာစေရန်၊ ရေယာဉ်အခန်းအတွင်းမနေနိုင်တော့ဘဲ အပြင်တွင်ထိုင်ကာ လေကိုပြင်းပြင်းရှုရှိုက်ရင်းလိုက်ပါခဲ့ရသည်။ သင်္ဘောကုန်းပတ်လက်ရန်းအခြေတွင် ခြေပစ်လက်ပစ်ထိုင်နေသဖြင့် ရေတပ်သားရဲဘော်လေးမှ ဟိုင်းကြီးကျွန်းပြန်ရောက်သည်အထိ အနားတွင် စောင့်ကြပ်လိုက်ပါပေးခဲ့သည်ကို သတိတရကျေးဇူးတင်မိသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ ငွေဆောင်၊ချောင်းသာသို့ လာရောက်သော ပြည်တွင်းပြည်ပခရီးသည်များအနေဖြင့် သာယာလှပမှုနှင့်ပြည့်စုံနေသော ဟိုင်းကြီးကျွန်းဒေသတွင်လည်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာနိုင်မည့် အခြေအနေများရှိနေခြင်းကို ပိုမိုသိရှိရန်လိုအပ်မည်ဖြစ်ပါသည်။ ပုသိမ်မြို့မှ ဟိုင်းကြီးကျွန်းနှင့် မော်တင်စွန်းသို့ မော်တော်ကားဖြင့် သွားရောက်ပါက မြတ်မော်၊ မြတ်ကောင်းကင်၊ ကံထူးအောင်အမြန် မော်တော်ယာဉ်လိုင်းများဖြင့် (၁၁၁)မိုင်ကွာဝေး ခရီးကို(၆)နာရီကြာခရီးဖြင့်လည်းကောင်း၊ ရေလမ်းခရီးဖြင့် သွားရောက်ပါက ရေလှိုင်း၊ ပုသိမ်သူ၊ ရွှေစင်္ကြာပင်၊ မြတ်ပြည့်စုံ၊ ပိုလှိုင်းကြီး၊ စိုးလင်းကျော်၊ ရှပ်ပြေးရေယာဉ်များကိုစီးကာ (၉) နာရီကြာခရီးဖြင့်လည်းကောင်းလွယ်ကူစွာသွားရောက်နိုင်ပါသည်။ ခရီးစဉ်ဒေသထင်ရှားအောင်မြင်လာပါက မော်တင်စွန်းမှ သမီးလှကျွန်းသို့ သွားရောက်လည်ပတ်ရန် ကြိုဆိုပို့ဆောင်ပေးမည့် လုံခြုံစိတ်ချရသော အမြန်ရေယာဉ်များကို ရင်းနှီးမြှပ်နှံခြင်းဖြင့် အကျိုးစီးပွားဖြစ်ထွန်းကာ ဟိုင်းကြီးကျွန်းဒေသ၊ ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်ပါသည်။

မော်တင်စွန်းတွင် (၂၀၁၄)ခုနှစ်၌ ယာယီတည်းခိုခန်း(၁)လုံး၊ အခန်း(၃၄)ခန်းသာရှိခဲ့ပြီး၊ ပြည်တွင်းဧည့်သည်(၂၀၀၀)ဦးခန့် ၀င်ရောက်လည်ပတ်ခဲ့သော်လည်း၊ မိမိတို့ရောက်ရှိဆောင်ရွက်သည့် (၂၀၁၅) ခုနှစ်တွင် ယာယီတည်းခိုခန်း(၁၃)လုံး၊ အခန်း(၃၉၂)ခန်း၊ ရွက်ဖျင်တဲ(၃၇)ခုရှိလာခဲ့ကာ ပြည်ပဧည့်သည်(၁၁)ဦး၊ ပြည်တွင်းဧည့်သည်(၅၀၀၃)ဦး ၀င်ရောက်လည်ပတ်ခဲ့ပါသည်။ (၂၀၁၆) ခုနှစ်တွင် တည်းခိုရိပ်သာ(၁၉)လုံး၊ အမြဲတမ်းအခန်း(၂၇၂)ခန်း၊ ယာယီအခန်း(၃၁၉)ခန်းရှိလာပြီး၊ ပြည်ပဧည့်သည်(၅၀)ဦး၊ ပြည်တွင်းဧည့်သည်(၁၇၃၉၁)ဦး ၀င်ရောက်လည်ပတ်ခဲ့သဖြင့် မော်တင်စွန်းတွင် တစ်နှစ်ထက်တစ်နှစ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်ရပါသည်။

မော်တင်စွန်းတွင် တစ်လနီးပါးအကြာရောက်ရှိနေစဉ်အတွင်း တည်းခိုခန်းတည်ဆောက်ရေး လုပ်ငန်းအပြင် ပြည်တွင်းပြည်ပခရီးသည်များ လေ့လာနိုင်သည့် ရေလုပ်ငန်း၊ တံငါသည်များ၏ လူနေမှု ဘ၀ပုံစံများကို လေ့လာခြင်း၊ ခရီးစဉ်အသစ် ရှာဖွေရန်၊ ဟိုင်းကြီးကျွန်း၊ ကျောက်ချောင်း၊ ခမောက်မော်၊ ဇီးချိုင်၊ ငွေတောင်စေတီ စသည့်နေရာများသို့ အနှံ့လေ့လာမိသည်။ တစ်နေကုန်ပင်ပန်းသမျှကို ညဘက်တွင်မော်တင်စွန်းဘုရားတက်၍ ဘုရားရှိခိုး၊ ပုတီးစိပ်၊ ပဋ္ဌာန်းရွတ်ပူဇော်ခြင်းများဖြင့် ကုသိုလ်ယူရင်း အပန်းဖြေသည်။

တစ်ခါတစ်ရံမအိပ်ချင်သေးလျင် ကမ်းခြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်၍ဆောက်လုပ်ရေးလုပ်သားများနှင့် စကားပြောကာ၊ ၄င်းတို့၏ ဘ၀အကြောင်းကို နားထောင်ခြင်း၊ ၄င်းတို့မှ ကျောက်ဆောင်ကျောက်ကြားအကြားတွင် ခိုအောင်းနေသောငါးများကို လက်နှိပ်ဓာတ်မီးဖြင့် ရှာဖွေဖမ်းဆီးမှုကို လိုက်ပါကြည့်ရှုခြင်းဖြင့်လည်း ဗဟုသုတစုဆောင်းသည်။ နံနက်ပိုင်းတည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရာကမ်းခြေတစ်လျှောက်၊ ညဒီရေအတက်ပြန်အကျတွင် ကျန်ရှိခဲ့သော ခရု၊ ကမာ၊ အခွံလေးများကို ကောက်ယူခြင်း၊ တံငါသည်များ ကမ်းခြေတွင် ငါးရောင်းခြင်း၊ နိုင်ငံတကာကုန်တင် သင်္ဘောကြီးများဖြတ်သန်းမောင်းနှင်ခြင်းများကို အမှတ်တရ ဓာတ်ပုံရိုက်ကူးမှတ်တမ်းတင်ခြင်းဖြင့် သာယာလှပသော မော်တင်စွန်း၏ နံနက်ခင်းအလှကို ကြိုဆိုကြသည်။ ညနေအလုပ်သိမ်းချိန်ပြန်ဝင်လာသော တံငါလှေများ၊ ပင်လယ်ထဲငုတ်ဝင်တော့မည့် နီနီရဲရဲနေမင်းကြီးကိုလည်းနှုတ်ဆက်ကြသည်။

ခရီးသွားခြင်း၌ မွေ့ပျော်နေသော မိမိအဖို့၊ မော်တင်စွန်းတွင် ရောက်ရှိနေစဉ်အတွင်း တာဝန်ကြီးမားသော်လည်း ရနိုင်သမျှအခွင့်အရေးများကို အမိအရ၊ရယူနိုင်ခဲ့သလို အပြန်ခရီးတွင်လည်း၊ ရင်းနှီးခင်မင်ခဲ့ရသော မိတ်ဆွေများမှ မိမိနှစ်သက်သော ကနု၊ကမာလေးများကို တယုတယလက်ဆောင်ပေးလိုက်သေးသည်။ သဘောထားဖြူစင်သော ရခိုင်လူမျိုးတို့၏ သူတို့ကို သတိရစေရန်၊ မမေ့စေရန် လုပ်ခြင်းလား၊ လွမ်းအောင်ပြုစားခြင်းလားရယ်တော့မသိတော့ပါ။

၂၁-၈-၂၀၁၇