မြန်မာနိုင်ငံသည် လှပတင့်တယ်သော ခရီးစဉ်ဒေသများစွာတည်ရှိနေပြီး နိုင်ငံတကာတွင် တွေ့မြင် ရခဲ လှသော သဘာဝရသစုံလင်စွာဖြင့် ဖွဲ့စည်းထားသည့် တိုင်းပြည်တစ်ပြည်ဖြစ်ပါသည်။ ထို့အတူ အနောက်မြောက် ဒေသဖြစ်သည့် သလ္လာဝတီမြို့တော်တည်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးသည်လည်း မပျက်စီးသေးသော သဘာဝအခြေခံ ရေမြေတောတောင်များနှင့် သာယာလှပသော(သလ္လာ) ချင်းတွင်းမြစ် ကြောင်းတစ်လျှောက် မြို့နယ်တိုင်းနီးပါးတွင် အထင်ကရ သမိုင်းဝင်တန်ခိုးကြီးဘုရားများနှင့် ဘာသာရေး အဆောက် အဦများ တည်ရှိနေခြင်း ဓလေ့ထုံးတမ်းများနှင့်အညီ ရိုးရာမပျက်ပွဲတော်ကြီးများ စည်ကားစွာ ဆောင် ရွက်ကြခြင်း ဒေသခံလူမျိုး စုံလင်စွာနေထိုင်ကြသော်လည်း ငြိမ်းချမ်းသောနယ်မြေဖြစ်သည့်အပြင် ဖော်ရွေ ပျူငှာသော ဓလေ့စရိုက်များကြောင့်  ခရီးသွားပြည်သူများစွာ စိတ်ဝင်စားစရာ တိုင်းဒေသကြီး ဖြစ်နေပါ သည်။

ပြည်သူ့အစိုးရတက်လာပြီးနောက် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်သော စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့လက်ထက်တွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းနှင့် တစ်ဖက်တစ် လမ်းမှ ဝင်ငွေရရှိစေရန်၊ ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်စေရန် ရည်ရွယ်၍  ခရီးသွားဇုန်(၆)ဇုန်ကို သတ်မှတ် ဖော်ဆောင်ပြီး ခရီးသွားလုပ်ငန်းကို အဖက်ဖက်မှ ဖွံ့ဖြိုးတိုး တက်အောင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ အစွမ်းကုန် ဆောင်ရွက်လျှက်ရှိပါသည်။ အဆိုပါ ခရီးသွားဇုန် (၆) ဇုန်ရှိ ခရီးစဉ်ဒေသများကို ဇုန်အလိုက် တင်ပြလို ပါသည်။

စစ်ကိုင်းဇုန်

“သာယာဝိုင်း၊ စစ်ကိုင်းတည်”ဟူသည့်အဆိုနှင့်အညီ မြန်မာသက္ကရာဇ် (၆၈၄) ခုနှစ်တွင် အသ င်္ခယာ စောယွန်း တည်ထောင်ခဲ့သည့် စစ်ကိုင်းမြို့တော်သည် ယခင်ကစစ်ကိုင်းတိုင်းဒေ သကြီး၏ မြို့တော် ဖြစ်ခဲ့ပြီး ယခုအခါ စစ်ကိုင်းခရိုင်မြို့ အဖြစ် တည်ရှိနေပါသည်။ စစ်ကိုင်းမြို့သို့ မန္တလေးလေဆိပ်မှ လာ ရောက်မည်ဆိုပါက (၁၃) မိုင်ခန့် မော်တော်ကားစီးကာ (၄၅) မိနစ်ခန့် အတွင်း ရောက်ရှိနိုင်ပါသည်။

စစ်ကိုင်းမြို့သို့ ရောက်ရှိပါက ပြည်တွင်းပြည်ပခရီးသွားများ တည်းခိုနိုင်ရန် ဟိုတယ် (၇) လုံးနှင့် ပြည်တွင်း ခရီးသွားများတည်းခိုနိုင်ရန် စည်ပင်လိုင်စင်ရ တည်းခိုခန်း (၃၈) လုံးရှိပါသည်။ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် အဆင့်မီသော စားသောက်ဆိုင်များနှင့် မြန်မာထမင်းဆိုင်များလည်း တည်ရှိကာ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် စစ်ကိုင်းမြို့ရှိ ပန်းပေါင်းစုံသုပ် သည် ကျော်ကြားလှသော ဒေသ အစားအစာ တစ်ခုဖြစ်ပါသည်။

စစ်ကိုင်းတောင်သည်  စစ်ကိုင်းမြို့မှ (၂) မိုင်ခန့်သာကွာဝေးပြီး ကတ္တရာလမ်းအတိုင်း ဆိုင်ကယ် ကယ်ရီ၊သုံးဘီး၊မြင်းလှည်းများဖြင့် သွားရောက်နိုင်ပါသည်။ စစ်ကိုင်းတောင်ခြေတွင် သီတဂူဗုဒ္ဓ တက္ကသိုလ် ကိုလည်း သွားရောက်လေ့လာနိုင်ပြီး စစ်ကိုင်းမြို့မှ (၂၂) မိုင်ခန့်ကွာဝေးသော မင်းကွန်းဒေသရှိ  ဘိုးတော် ဘုရား တည်ထားခဲ့သော မင်းကွန်းပုထိုးတော်ကြီး၊ မြသိန်း တန်စေတီနှင့် အလေးချိန် ၅၅၅၅၅ ပိဿာ (မင်းဖြူမှန်မှန်ပြော) ရှိသော မင်းကွန်းခေါင်းလောင်းကြီးနှင့် ခြင်္သေ့ကြီးနှစ်ကောင်အား တစ်ပါတည်း လေ့ လာ လည်ပတ်နိုင်ပါသည်။ မင်းကွန်းဒေသ သို့ ပြည်ပခရီးသွားဧည့်သည်များ နှစ်စဉ်(၁)သိန်းဝန်ကျင်ခန့် ရောက်ရှိလျှက်ရှိပြီး မင်းကွန်းဒေသတွင် ခရီးသွားပြည်သူများအတွက် အဆင့်မြင့် သန့်စင်ခန်းများကိုလည်း တည်ဆောက်လျှက်ရှိကာ မန္တလေးမှ သင်္ဘောဖြင့် လာရောက်သော ခရီးသွားများ အတက်အဆင်း လွယ်ကူ အဆင်ပြေစေရန်အတွက် ဆိပ်ခံဗော တံတားတစ်စင်းအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးအဖွဲ့မှ ဇန်နဝါရီလ အတွင်း ရေချ ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါသည်။

ကနောင်မင်းသားကြီး၏ သံရည်ကြိုစက်ရုံ (သံချပ်ဖို) သည် စစ်ကိုင်းမြို့တွင်း ဧရာဝတီ မြစ်ကမ်း နံဘေး တွင်တည်ရှိပြီး ကတ္တရာလမ်းအတိုင်း သွားရောက် လေ့လာလည်ပတ်နိုင် ပါသည်။ အလားတူ ကုန်း ဘောင်ခေတ် အစေခံခံတပ်ကိုလည်း ဧရာဝတီ မြစ်ကမ်းနံဘေးတွင် သွားရောက်လည်ပတ်နိုင်ပါသည်။ ယိုးဒယားလက်မှုပညာ ဖြင့်တည်ဆောက်ထားခဲ့သော မဟာသိမ်တော်ကြီးသည် ငါးထပ်ကြီး ဘုရားအနီး စစ်ကိုင်းမြို့တွင်း၌ပင် တည်ရှိပြီး အတွင်းပိုင်းရှိ ရှေးဟောင်းရေဆေး ပန်းချီလက်ရာများကို လေ့လာနိုင်ပါ သည်။

သာလွန်မင်းတရားကြီးတည်ထားခဲ့သော  ကောင်းမှုတော်စေတီမှာမူ စစ်ကိုင်း-မုံရွာကားလမ်း ဘေး တွင် တည်ရှိပြီး စစ်ကိုင်းမြို့မှ (၆)မိုင် ကွာဝေးပါသည်။ ကောင်းမှုတော်စေတီသို့ သွားရောက်စဉ် ရွာ ထောင်ရှိ ငွေထည် ကြေးထည်လုပ်ငန်းနှင့် အိုးလုပ်ငန်းများကို ဝင်ရောက်လေ့လာနိုင်ပါသည်။ စစ်ကိုင်းမြို့ ၏ မြောက်ဘက်(၉)မိုင် အကွာတွင်တည်ရှိသော စိမ်းပြာ ရေညှိ ထုတ်လုပ်ရာ ရေခါးအင်းမှာ ဘူမိဗေဒဆိုင် ရာများ ထူခြားသောနယ်မြေဖြစ်ပါသည်။

မုံရွာဇုန်

သလ္လာဝတီမြို့တော်ဟု တင်စားခေါ်ဝေါ်ကြသည့် မုံရွာမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့ တော်ဖြစ်နေပါပြီ။ ရှေးယခင်က ရွာကြီးအဖြစ်ရှိနေပြီး အလုံမြို့သာထင်ရှားခဲ့ရာ ဗြိတိသျှ အစိုးရ လက်ထက် တွင် အထက်ချင်းတွင်းခရိုင်အဖြစ် မော်လိုက်မြို့နှင့် အောက်ချင်းတွင်းခရိုင်အဖြစ် မုံရွာမြို့တွင် ရုံးစိုက် ခဲ့ကြသည်။ မုံရွာမှာ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် (၇၅)မိုင် အကွာတွင်တည်ရှိနေပြီး ချင်းတွင်းမြစ် သည် မုံရွာမြို့၏ အောက်ဖက် မိုင်(၅၀)အကွာတွင် ဧရာဝတီမြစ်နှင့် ပေါင်းဆုံစီးဆင်းသွားပါသည်။

မုံရွာမြို့သို့ လာရောက်မည်ဆိုပါက လေကြောင်း၊ရေကြောင်း၊ မော်တော်ကား၊မီးရထား နှစ်သက် ရာ လမ်းကြောင်းမှ လာရောက်နိုင်ပါသည်။ အဆင့်မီ စားသောက်ဆိုင်များနှင့် မြန်မာ ထမင်းဆိုင်များရှိ သည့်အပြင် ပဲမျိုးစုံနှင့်အစားအစာများ ပေါကြွယ်ဝလှသည်။ တည်းခိုစရာများ အနေဖြင့်လည်း ပြည်တွင်း ပြည်ပ ခရီးသွားများ တည်းခိုနိုင်သော ဟိုတယ်(၁၅)လုံး နှင့် စည်ပင် လိုင်စင်ရ တည်းခိုခန်း (၃၁) လုံး ရှိပါ သည်။

မုံရွာမြို့အနီးတွင်ကား ပြည်တွင်းပြည်ပခရီးသွားများ လေ့လာလည်ပတ်စရာ နေရာများစွာ တည်ရှိ နေပြီး ကမ္ဘာ့အမြင့်ဆုံး ရပ်တော်မူဘုရားကြီးတည်ထားရာ ဗောဓိတစ်ထောင်သို့ သွားရောက်ဖူးမျှော်မည် ဆိုလျှင်  မန္တလေး မုံရွာကားလမ်းမဘေးရှိ မုံရွေးကျေးရွာလမ်းခွဲမှ ဝင်ရောက်ဖူးမျှော်နိုင်ပါသည်။မုံရွာမြို့မှ သွားရောက် မည်ဆိုပါက (၁၇)မိုင်ကွာဝေးကာ ထိုမှတဆင့် စေတီကြီးငယ်ပေါင်းသောင်းချီကာ တည်ထား ခဲ့သော မိုးညှင်း သဗ္ဗုဒ္ဓေဘုရားသို့ တစ်ပါတည်း သွားရောက်ဖူးမျှော် လေ့လာနိုင်မည် ဖြစ်ပါသည်။ မြို့တွင်း ၌မူ လယ်တီ ဆရာတော်တည် ထားခဲ့သည့် လယ်တီကျောက်စာတိုက်နှင့် ဆုတောင်းပြည့် ရွှေစည်းခုံ ဘုရားများကို ဖူးမျှော်နိုင်ပြီး ညနေ နေဝင်အချိန်တွင်မူ အနောက်ဘက်ကမ်း ချင်းတွင်းတံတားထိပ်ရှိ ရွှေ တောင်ဦးစေတီမှ နေဝင် ဆည်းဆာအလှနှင့်အတူ ဘေးမဲ့တိရိစ္ဆာန်များကိုပါ ကြည့်ရှုခံစားနိုင်ပါသည်။

ယွန်းထည်လက်မှုလုပ်ငန်း ရှားပါလာသော်လည်း အနုစိတ်လက်ရာမြောက်လှသည့် ယွန်းထည် လုပ်ငန်းကို မုံရွာမြို့နှင့် (၁၀)မိုင်ကွာခန့် ကွာဝေးသော ကျောက္ကာရွာတွင် သွားရောက်လေ့လာနိုင်ပြီး တန်ခိုးကြီး ရွှေဂူနီ ဘုရားကို တစ်ပါတည်း ဖူးမျှော်ကြည်ညိုနိုင်ပါသည်။ငြင်းဆန်မရသည့် သမိုင်းအမှန် ကြေးခေတ်သင်္ချိုင်းကို မုံရွာမြို့မှ (၂၁)မိုင်ကွာဝေးသော ဘုတလင်မြို့ အနီး (၄) မိုင် ကွာဝေးသော ညောင် ကန်ရွာအနီးတွင် သွားရောက် လေ့လာနိုင်ပါသေးသည်။ မုံရွာမြို့ အနောက်ဘက်ကမ်း (၁၇) မိုင်ခန့် အကွာရှိ ကနီမြို့နယ်တွင်တည်ရှိသော ဘူမိထူးခြားမှုများဖြစ်သည့် မီးတောင်ဟောင်း (လည်ရှည်တွင်း၊ တွင်းမတွင်း၊ တောင်ပျောက်တွင်း) များကို သွားရောက်ခါ အညာထန်းတောမြင်ကွင်းနှင့် ကမ်းခြေမြင်ကွင်း အရသာ နှစ်မျိုးကို ခံစားနိုင်ပါသည်။

သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတစ်ခုဖြစ်သည့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သို့ မုံရွာမှ ယာကြီး ကတ္တရာလမ်းအတိုင်း(၁၀)မိုင်ခန့် ၄င်းမှ ကပိုင်ရွာသို့ ဆယ့်နှစ်ရာသီ သွား မြေသားလမ်း (၁၃) မိုင်၊ ကပိုင်မှ ရာသီသွားလမ်း (၄၀)မိုင် အတိုင်းသွားရောက်ကာ လေ့လာဖူးမျှော်နိုင်သည်။ အလောင်း တော်ကဿပ အမျိုးသားဥယျာဉ်သို့ နှစ်စဉ် ဘုရားဖူးဧည့်သည် များစွာ ဝင်ရောက်လျက်ရှိပြီး ကေဘယ် ကား တပ်ဆင်နိုင်ရန် စတင် အကောင်ထည်ဖော်နေပြီ ဖြစ်ပါသည်။

ထို့အတူ ရှေးဟောင်းရေဆေးပန်ချီလက်ရာများ တာဝတိံသာ နတ်ပြည်နှင့်၃၁ဘုံကို ကျောက် တောင်တွင် ထုဆစ် ပုံဖော်ထားရှိသော သမိုင်းဝင်ဖိုဝင်တောင်နှင့်အတူ တိုင်မထူ ဒေါက်မ ကူသော ရွှေဘ တောင်ရှိကျောက်ဂူများကိုပါ မုံရွာနှင့် (၂၈)မိုင်ခန့်ကွာဝေးသော ယင်းမာပင်နယ်တွင် လေ့လာနိုင်ပါ သေး သည်။ သဘာဝထူးခြားမှုများမှာ ဖိုဝင်တောင်နှင့်ရွှေဘတောင်ကြားရှိ ရဟတ်ယာဉ် ကွင်းနေရာမှ ကြည့်ရှု လျှင် ဖိုဝင်တောင်ခြမ်းသည် ဗုဒ္ဓဘုရားလျောင်းတော်မူနေသည့် ပုံစံအားတွေ့မြင်ကြရမည်ဖြစ် ပါသည်။

ဒုတိယ ပုဂံဟု တင်စားနေကြသည့် ကျန်စစ်သား ပုန်းခိုခဲ့သောနေရာ ရေသောက်ဆင်းသော နေရာနှင့် ကျန်စစ်သား တည်ထားခဲ့သော ဘုရားပုထိုးစေတီများသည် မုံရွာမြို့နှင့် (၁၃)မိုင် သာ ကွာဝေး သော အမြင့်မြို့ဟောင်းတွင် တည်ရှိနေပြီး ချောင်းဦးမြို့မှလည်းသွားရောက်နိုင်ပါသေးသည်။ ပြည်ပခရီး သွားများမှာ မုံရွာ ချောင်းဦး အမြင့်မြို့ဟောင်းမှတဆင့် ကျေးရွာလမ်း အတိုင်း ဆင်ဖြူရှင်တံတားဘက်မှ တဆင့် ပုဂံသို့ စက်ဘီးများဖြင့် အုပ်စုဖွဲ့ကာ သွားရောက်လေ့ရှိကြပါသည်။

ရွှေဘိုဇုန်

အလောင်းမင်းတရား တည်ထောင်ခဲ့သော ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရတနာသိင်္ဃ၊ မုဆိုးဖို၊ ရွှေဘိုဟူသည့် “ငါးမည်ရ ပြည်ရွှေဘို”မြို့သည် တတိယ မြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်ခဲ့ပြီး မန္တလေးမြို့မှ မြောက်ဘက်(၇၁)မိုင် အကွာတွင်တည်ရှိကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်းကို စတင်ဖော်ဆောင်ရာ ဇုန်တစ်ခုဖြစ်နေပါသည်။

ရွှေဘိုမြို့သို့ မော်တော်ကား၊မီးရထားလမ်းကြောင်းများဖြင့် သွားလာနိုင်ပြီး ပြည်တွင်း ပြည်ပခရီး သွားများ တည်းခိုနေထိုင်ရန် ဟိုတယ်(၂) လုံးနှင့် စည်ပင်လိုင်စင်ရ တည်းခိုရိပ်သာ (၁၇) လုံး ရှိပါသည်။ ရွှေဘိုမြို့သည် အလောင်းစည်သူမင်း လက်ထက် မူးမြစ်မှရေကို သွယ်ယူကာ မဟာနန္ဒာကန်ကို တည် ဆောက်၍ ရေသွင်းစိုက်ပျိုးရေးလုပ်ငန်းကို စတင်ခဲ့သော မြို့ဖြစ်ခဲ့သည်။ ပြည်တွင်း ပြည်ပခရီးသွားများစားသုံးနိုင်ရန် ထီလာဘူဖေး၊ ရွှေတောင်၊ ဧဒင်စသဖြင့် အဆင့်မီစားသောက်ဆိုင်များရှိပြီး ရွှေဘိုပေါ်ဆန်းမွှေး မှာ နာမည် ကျော်ကြားပါသည်။

ရွှေဘိုမြို့အတွင်းရှိ မြို့မဈေး၏ အရှေ့ဘက်တွင် အလောင်းမင်းတရားကြီး၏ နန်းတော်၊ပြဿဒ်နှင့် စစ်ထွက်အောင်မြေတို့ရှိပြီး မြို့ထောင့်စေတီ၊ ရွှေချက်သိုစေတီနှင့် ရွှေတန်ဆာစေတီတို့ကို လည်း မြို့တွင်း ၌ပင် လေ့လာဖူးမျှော်နိုင်ကြသည်။ ရွှေဘို သနပ်ခါးတုံးများ ရန်ကုန်မြို့ကိုယူ ဟူ၍ နာမည်ကြီးသော ရွှေဘို သနပ်ခါးတုံးများကို ရွှေတန်ဆာဘုရားတွင် အတုပြုလုပ်၍ မရောင်းရန် သစ္စာရေသောက် ရောင်းချရ ကြောင်း သိရှိရသဖြင့်  လွန်စွာ သဘောကျဖွယ် ကောင်းလှပါသည်။

ဧရာဝတီမြစ်ကမ်းနံဘေးရှိ ကျောက်မြောင်းမြို့ နွယ်ငြိမ်းရပ်တွင် စဥ့်အိုး စဥ့်ထည်လုပ်ငန်းများ တည်ရှိနေပြီး ယခုလက်ရှိတွင် စဥ့်ထည်လုပ်ငန်းရှင် (၄၂) ဦး လုပ်ကိုင်လျှက်ရှိကာ နွယ်ငြိမ်း လူထုအခြေပြု ခရီးသွားလုပ်ငန်း(Community Based Tourism) ကိုလည်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြု ချက်ဖြင့် စတင်အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိသဖြင့် စဥ့် ထည်လုပ်ငန်းများနှင့်ကျေးလက်နေ ပြည်သူလူထု၏ ဘ၀များကို လေ့လာနိုင်ပါသည်။

ကျောက်မြောင်းမှ (၂၄)မိုင်ခန့်အကွာတွင် ရှိမ်းမကား(တောကျောင်းကြီး)ရွှေသမင်ဘေးမဲ့တော ရှိပြီး မင်းတုန်းမင်းတရားကြီးလက်ထက်မှ ခေတ်အဆက်ဆက်လှူဒါန်းခဲ့သော ကျောင်းတော်၊ ဘေးမဲ့တော သမိုင်းကို ကျောင်းထိုင် ဆရာတော်ကြီးထံတွင် ပေစာ၊ရုံးစာများနှင့်တကွ လေ့လာလည်ပတ်နိုင်ပါသည်။

ဝက်လက်မြို့နယ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ဟန်လင်းပျူမြို့ဟောင်းသို့ ရွှေဘိုမှ ဟန်လင်း မြို့ဟောင်းအဝင်ကတ္တရာလမ်းအတိုင်း (၁၇) မိုင်နှင့် ဟန်လင်းသို့ (၃)မိုင် ကျောက်ခင်းလမ်း အတိုင်း သွားရောက်ခါ ကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ် ခေတ် (၃) ခေတ်နှင့်အတူ ရေပူ ရေအေး စမ်းများကိုလည်း တစ်ပါတည်း လေ့လာလည်ပတ်နိုင်သည်။

ရွှေဘိုမှ မြစ်ကြီးနားလမ်းအတိုင်း (၈၆) မိုင် ကွာဝေးသော ဇင်းရွာမှတဆင့် ဘူမိထူးခြားနယ် မြေဖြစ် သော ဇင်းတောင် လင်းနို့ဂူ စခန်းသို့ သွားရောက်၍လည်း စိမ်းလန်းသောသဘာဝ ရှုခင်းနှင်အတူ စခန်းချ အပန်းဖြေနိုင်ပါသည်။ ထို့အပြင် ရွှေဘိုမှ ရေဦးသို့ သွားရောက်ပြီး  လူသိနည်းသေးသော နန်းမတော်မယ်နု ၏ အုဋ္ဌ်ကျောင်းသို့ သွားရောက် လေ့လာ၍ ရပါသည်။

ကသာဇုန်

ကသာမြို့ကို ရှမ်းဘာသာစကားဖြင့် “ကပ် ဆာ”ဟုခေါ်ဆိုကြခဲ့ကြသည်။ “ကပ်”သည် ဈေး ဟု လည်းကောင်း “ဆာ”သည် သာယာ ဟုလည်းကောင်း အဓိပ္ပာယ်သက်ရောက်ပါသည်။ မန္တလေးမြို့မှ ကသာမြို့ သို့ မန္တလေး-မြစ်ကြီးနား ရထားဖြင့် နဘားဘူတာတွင် ဆင်းသက်၍ နဘား-ကသာသို့ လည်း ကောင်း သို့တည်းမဟုတ် မော်တော်ကားဖြင်းလည်းကောင်း လေယာဉ် ကွင်းမရှိသော်လည်း ဗန်းမော် လေဆိပ်မှလည်းကောင်း သွားရောက်နိုင်ပါသည်။ဗမာနှင့် ရှမ်းလူမျိုးအများစုနေထိုင်ကြပြီး မြို့လယ်တွင် သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သော မြစေတီနှင့် ဘိုးတော်ဘုရားတည်ထားခဲ့သော ရွှေဂူကြီးစေတီ တို့ကို ဖူးမျှော်နိုင်ပါသည်။ ပြည်တွင်း ပြည်ပခရီးသွားများတည်းခိုရန် ဟိုတယ်(၃)လုံးနှင့် တည်းခိုခန်း (၈) လုံးရှိပြီး စိန်မိသားစု၊ ရန်ကုန်မြင့်မြင့်၊ စည်းစိမ် အစရှိသော စားသောက်ဆိုင်များလည်းရှိပါသည်။

ကသာမြို့သည် ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး George Orwell (ဂျော့ခ်ျ အိုဝဲ)၏ Burmese Days စာအုပ်များထဲမှ စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည့် “ကျောက်တံတား”ကြောင့် ပိုမို ထင်ရှားလာပြီး ကမ္ဘာကသိသော မြို့တစ်မြို့ဖြစ်လာသည်ဆိုလျှင် မှားမည်ဟုမထင်ပါ။ မြို့ထဲတွင် ဂျော့ခ်ျအိုဝဲ နေထိုင်ခဲ့သော နေအိမ်အား ယခုအချိန်အထိ ပကတိအကောင်းအတိုင်း တွေ့ရှိနိုင်ပါသည်။ ထို့အတူ ဗြိတိသျှအစိုးရ ခရိုင်ရုံးစိုက်ရာဒေသဖြစ်သဖြင့် အရေးပိုင်မင်းနေအိမ်နှင့် ကိုလိုနီခေတ် အဆောက် အဦများစွာ တွေ့ရှိနိုင် ပါသေးသည်။

သဘာဝအခြေခံခရီးသွားအနေဖြင့် ကသာမြိုနှင့် (၈)မိုင် အကွာတွင်ရှိသော ဖက်ဆွတ်သစ်တော စခန်းနှင့် နတ်ပေါက်ဆင်စခန်းသို့ သွားရောက်အပန်းဖြေလေ့လာနိုင်သကဲ့သို့ အင်းတော်မြို့ရှိ အင်းတော် လေးအိုင်၊ဆရာပွဲ ဗုံလုပ်ငန်းအကြောင်းနှင့် အင်းတော်မြို့အနီးရှိ မန်လည်ဆရာတော်ဘုရားကြီး၏ ရွှေ ရောင်တောက်ပနေသော ရုပ်ကလာပ်တော်နဲ့ ကျောင်းတော်ကြီးကို သွားရောက်ဖူးမျှော်ပြီး ဗိုလ်ချုပ်ဝင်း ဂိတ်၏ ချင်းဒစ်(ခြင်္သေ့) တပ် တည်ရှိခဲ့ရာ မော်လူး (White City) ခံတပ်သို့လေ့လာလည်ပတ်၍ရပါသည်။

လွန်ခဲ့သောနှစ်က ပြည်တွင်းဘုရားဖူး (၂)သိန်းကျော် လာရောက်ခဲ့သော ညနေခင်း (၄) နာရီနှင့် (၅)နာရီ ဝန်းကျင် အချိန်ခန့်တွင်သာ ရွှေရောင်တောက်ပသော ဇလုံတောင်တော်သို့ ဖူးမျှော်ကြည်ညိုရင်း ဗန်းမောက်မြို့နှင့် (၃) မိုင် အတွင်းရှိ ဇလုံတောင်တက် ကားအသင်းအနီးရှိ ဇလုံတောင် (CBT) လူထု အခြေပြုခရီးသွားလုပ်ငန်း တည်ရှိရာသို့ သွားရောက်တည်းခိုရင်း ကထူးရိုးရာအကများ၊ ရိုးရာလက်မှုပစ္စည်း များနှင့် ဒေသအစားအစာများကို သွားရောက် ခံစားနိုင်ပါသည်။

ကလေးဇုန်

ချင်းတောင်တန်းကြီးရဲ့ အရှေ့ဘက် မြစ်သာမြစ်နှင့် (၂)မိုင်ကွာဝေးသောနေရာတွင် “စာကိုရေး ကလေးတည်”ဆိုတဲ့စာဆိုအတိုင်း မြန်မာသက္ကရာဇ်(၃၂၄)တွင်တည်ထားခဲ့သော ကလေးမြို့တည်ရှိ နေပါသည်။ ဗမာနှင့်ချင်း လူမျိုးများနေထိုင်ရာ ကလေးခရိုင်အောက်တွင် ချင်းတွင်းမြစ်နှင့် မြစ်သာမြစ် ဆုံရာဒေသရှိ မြန်မာနိုင်ငံ၌ အကောင်းဆုံးကျောက်မီးသွေးထွက်ရှိရာ ကလေးဝမြို့နှင့် “နေလို မင်းကင်း၊ စားလို တောင်တွင်း ၊ သေလို မောက္ကတော်”ဟူသည့် စာဆိုပါ မင်းကင်းမြို့တို့ တည်ရှိနေပါသည်။ ထင်ရှားသည့်တန်ခိုးကြီ:ဘုရားများမှာ ရွှေဘုံသာစေတီနှင့် ရွှေစကားညီနောင်ဟုခေါ်တွင်ကြသည့် စကား လှ ဘုရားတည်ရှိကာ ရွှေစကားဘုရား မှာမူ မင်းကင်းမြို့တွင် ကိန်းဝပ်စံပယ်တော်မူလျှက်ရှိသည်။

ကလေးမြို့သို့ လေကြောင်း၊မော်တော်ကားလမ်းကြောင်းများဖြင့် သွားရောက်နိုင်ပြီး ကလေးမြို့မှ တဆင့် ချင်းပြည်နယ်ရှိ ဟားခါးမြို့ ဖလမ်းမြို့ တီးတိန်မြို့နှင့် အသဲပုံသဏ္ဍာန် ရိဒ်ရေကန်သို့ သွားရောက် အပန်းဖြေ လည်ပတ်နိုင်ပါသေးသည်။မြန်မာနိုင်ငံရှိ အကောင်းဆုံး ကျောက်မီးသွေးဖြစ်သည့် Sub-bituminus အများဆုံးထွက်ရှိရာ ကလေးဝမြို့သို့ (၂၄) မိုင်ခန့်သာ ကွာဝေးသောကြောင့် သွားရောက် လေ့လာ၍ ရသည်။ ရာဇဂြိုဟ် ဆည်သည် ကလေးမြို့နှင့် (၂၈)မိုင် အကွာတွင် တည်ရှိနေပြီး အိန္ဒိယ နယ် စပ်မြို့ဖြစ်သည့် တမူးမြို့သို့ သွားရောက်ကာ မိုရေးမှ အိန္ဒိယပစ္စည်းများ ဝယ်ယူခြင်းများလည်း ပြုလုပ်နိုင် သည်။

ပြောင်ဘုတ်လမ်းမှတဆင့် ကဘော်ချိုင့်ဝှမ်းလွင်ပြင်ကြီးကို ငေးမောရင်း (၄၉) မိုင်ခန့်သာ ကွာဝေး သော မော်လိုက်မြို့နယ်အစပ်ရှိ ဘုရားရှင်လက်တော်ဆေးကြောခဲ့ရာ ထူးဆန်းသာ ယာသော လက်ဆေးကန်သို့လည်း သွားရောက် လေ့လာလည်ပတ်ရင်း မော်လိုက်မြို့ရှိ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဂေါက်ကွင်းနှင့်အတူ ပျားစွဲဆင်စခန်း ၊ ကိုလိုနီခေတ်က အဆောက်အ ဦများကို လေ့လာ လည်ပတ် အနား ယူနိုင်ပါသည်။

ခန္တီးဇုန်

ရှေးမြန်မာမင်းများလက်ထက်က ခန္တီးစော်ဘွားများနေထိုင်ရာ ခန္တီးဟူသောအမည်မှာ “ခမ်း”သည် ရွှေဟု လည်းကောင်း “တီး”သည် မြေ ဟုလည်းကောင်း အဓိပ္ပာယ်ရသဖြင့် ရွှေမြေ မြို့ဖြစ်ပြီး ခန္တီးရှမ်း လူမျိုးနှင့် ဗမာလူမျိုး အများစုနေထိုင်ကြသည်။ ခန္တီးခရိုင်အတွင်းမှ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ် များကို နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ၂၀၁၀ ခုနှစ်တွင် သတ်မှတ်ခဲ့ကြောင်း လေ့လာသိရှိရပြီး နှစ်စဉ် နာဂနှစ်သစ်ကူးပွဲတော်များကို အဆိုပါ(၃)မြို့နယ်တွင် အလှည့်ကျကျင်းပလျှက်ရှိရာ ပြည်ပခရီး သွားများ လွန်စွာ စိတ်ဝင်စားလျှက်ရှိကြပါသည်။

မန္တလေးမှ ခန္တီးသို့ လေကြောင်းဖြင့်တိုက်ရိုက် သွားလာနိုင်ပြီး မန္တလေးမှမုံရွာသို့ မော်တော် ကား စီး၍ မုံရွာမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စက်လှေသင်္ဘောများဖြင့်လည်း သွားရောက်နိုင်သည်။ ခန္တီးမြို့ တွင် စည်ပင်လိုင်စင်ရ တည်းခိုခန်း (၈) လုံးရှိသော်လည်း ဟိုတယ် အဆင့်တည်းခိုစရာမရှိသေးပါ။ စားသုံး ရန်အနေဖြင့် ပြုံးသဇင်၊ တော်ဝင်နှင်းဆီ၊ ရွာဦးစသော စားသောက်ဆိုင် များရှိသည်။

ခန္တီးမြို့ကို အခြေပြုလျှက် နန်စီဗွန်ကျေးရွာအနီးတွင်ရှိသော ကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာ မြေသို့ စီးပွားရေးအတွက်သော်လည်းကောင်း လေ့လာရေးအတွက်သော် လည်းကောင်း သွားရောက် နိုင်ပါမည်။ သမန်းကျား (လူအသွင်ပြောင်းနိုင်သည်) ဟု ငယ်စဉ်ကသိရှိခဲ့သော ကျားမျိုးစိတ်ကို ထမံသီ ဘေးမဲ့တောသို့ သွားရောက်၍ လေ့လာလည်ပတ်ရင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသရှိ လေရှီး၊ လဟယ် မြို့များသို့ အလည်အပတ် သွားရောက်နိုင်ပါသည်။ နန်းယွန်းမြို့ရှိ ဒေါ်ခင်ကြည်ရိပ်သာနှင့် နန်းယွန်းမှ တဆင့် သာယာလှပသော  Lake of No Return (နောင်ယန်းအင်း)သို့လည်း သွားရောက်လေ့လာ အပန်း ဖြေနိုင်ပါသည်။

တိုးတက်ပြောင်းလဲလာမှု

စစ်ကိုင်းတိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်းဖော်ဆောင်ရန် ခရီးစဉ်ဒေသများစွာဖြင့် မပျက်စီး သေးသော သဘာဝအရင်းအမြစ်များ၊ ပျူငှာဖော်ရွေသော ဓလေ့ထုံးတမ်းများမွှေးပျံ့လျှက် လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ အေးချမ်းစွာနေထိုင်ကြသော တိုင်းကြီးတစ်တိုင်းဖြစ်သကဲ့သို့ တိုင်းဒေသကြီးများထဲတွင် ဧရိယာ အကျယ်ဝန်းဆုံးသော ဒေသကြီးဖြစ်နေပါသည်။

ပြည်တွင်း ပြည်ပမှ ခရီးသွားဝင်ရာက်မှုများကို  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်များကို နှိုင်းယှဉ်ကြည့်ရှုရာတွင် ၁၅ ဒဿမ ၁၄ ရာခိုင်နှုန်း တိုးတက်လာပြီး အတိအကျအားဖြင့် ဆိုလျှင် ၂၀၂၃၉ ဦး တိုးတက်ဝင်ရောက်လာကြောင်း တွေ့ရှိရပါမည်။ ပြည်တွင်း ပြည်ပ ဧည့်သည် ဝင်ရောက် တည်းခိုမှု၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်ကို နှိုင်းယှဉ်ကြည့်ရှုရာတွင် ၁၉ ဒဿမ ၈၀ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရှိရပါသည်။

ခရီးသွားပြည်သူများအတွက် အများသုံးသန့်စင်ခန်းများကို အသစ်တည်ဆောက်ခြင်း၊ စက်ဆုံး ဆီဆိုင်များနှင့် ပူးပေါင်းပြီး အများသုံးသန့်စင်ခန်းများအသုံးပြုနိုင်ရေး ဆိုင်းဘုတ်များထောင် ကာ ပြသထား သည်မှာ စစ်ကိုင်းတိုင်းဒေသကြီး၏ ထူးခြားသောဝန်ဆောင်မှု ဖြစ်နေပါသည်။ ထိုသို့ကြိုးပမ်း ဆောင်ရွက် ချက်များကြောင့် ၂၀၁၇ခုနှစ် စက်တင်ဘာလတွင် နေပြည်တော်၌ ကျင်းပခဲ့သော ကမ္ဘာ့ခရီး သွားလုပ်ငန်း နေ့တွင် “အကောင်းဆုံး သန့်စင်ခန်း စီမံဆောင်ရွက်နိုင်သောဆု”ကို ဆွတ်ခူးနိုင်ခဲ့ပေသည်။

မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အစိုးရအဖွဲ့နှင့်ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင်သာ တာဝန်ရှိသည်မဟုတ်ပဲ ဆက်စပ်ဌာနများတွင် လည်း တာဝန်ရှိသကဲ့ သို့ ပြည်သူလူထု၏ ပူးပေါင်း ပါဝင် ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက ခရီးသွားလုပ်ငန်း၏ အကျိုးဆက် များဖြစ်သည့် အလုပ်အကိုင်ပေါများခြင်း၊ တစ်ဖက်တစ်လမ်းမှ ဝင်ငွေများရရှိခြင်းနှင့် ဆင်းရဲမွဲတေမှု လျော့ ချနိုင်ခြင်း စသည့်အကျိုးဆက်များကို စစ်ကိုင်းတိုင်းဒေသကြီးသည် ခံစားကြရမည်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။

ဖိုးညို(မင်းကင်း)