Directory : Search Results

No result found:

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ


နေပြည်တော်၊ ဇန်န၀ါရီလ(၂၂)ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပ မှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်း များဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်း အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Osuga Myanmar Co.,Ltd စီစဉ် ဆောင်ရွက်မှုတို့ဖြင့် အိန္ဒိယနိုင်ငံသားဧည့်သည် (၃)ဦး၊ စပိန်နိုင်ငံသားဧည့်သည် (၂) ဦး၊ ပြင်သစ်နိုင်ငံသား ဧည့်သည် (၂) ဦး၊ ဗြိတိန်နိုင်ငံသားဧည့်သည် (၃) ဦး၊ ဆွစ်ဇာလန်နိုင်ငံသားဧည့်သည် (၂) ဦးနှင့် ဒက်ခ်ျနိုင်ငံသား ဧည့်သည် (၁) ဦး ၊ စုစုပေါင်းဧည့်သည် (၁၃) ဦးတို့သည် ၄င်းတို့၏ ကိုယ်ပိုင် မော်တော် ယာဉ် (၃) စီး ၊ ကိုယ်ပိုင်မော်တော်ဆိုင်ကယ် (၆) စီးဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက်နေ့မှ  ဇန်န၀ါရီလ (၁၉) ရက်နေ့အထိ တမူး- ကလေး- ပုဂံ- ကလော – နမ့်စန်- ကျိုင်းတုံ- တာချီလိတ်မြို့ ခရီးစဉ် အတိုင်းသွားရောက်လည်ပတ်၍ တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။

ပွင့်လင်းရာသီကာလဖြစ်သည်နှင့်အညီ နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမို တိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ် လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

ပြည်ထောင်စုဝန်ကြီး အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (၂၀၁၉) နှင့် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်


နေပြည်တော်၊ ဇန်န၀ါရီလ (၂၁) ရက်

အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးများကို အက္ခရာအစဉ်အလိုက်အာဆီယံ နိုင်ငံများမှ အိမ်ရှင်အဖြစ် အလှည့်ကျ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်အတွက် ဗီယက်နမ်နိုင်ငံ၊ ဟာလောင်မြို့၊ FLC Bay Resortရှိ FLC Convention Center တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့မှ (၁၈) ရက်နေ့ထိ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (၂၀၁၉) နှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် (၁၆-၁-၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အာဆီယံခရီးသွား လုပ်ငန်းဖိုရမ် (၂၀၁၉) ဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း၊ (၁၇-၁-၂၀၁၉) ရက်နေ့တွင် (၂၂)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများအစည်းအဝေး ( 22nd ASEAN Tourism Ministers Meeting) သို့ လည်းကောင်း၊ (၁၈-၁-၂၀၁၉) ရက်နေ့တွင် (၁၈) ကြိမ်မြောက် အာဆီယံ၊ တရုတ်၊ ဂျပန်နှင့် ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံခရီးသွားဝန်ကြီးများအစည်းအဝေး(18th ASEAN Plus Three Tourism Ministers Meeting)နှင့် (၇) ကြိမ်မြောက် အာဆီယံ၊ အိန္ဒိယခရီးသွားဝန်ကြီးများအစည်းအဝေး (7th ASEAN-India Tourism Ministers Meeting) သို့လည်းကောင်း အသီးသီးပါဝင်တက်ရောက်ခဲ့သည်။

ယင်းအစည်းအဝေးများတွင် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများသို့ မိမိတို့ နိုင်ငံတွင်း ခရီးသွား လုပ်ငန်းဆိုင်ရာ တိုးတက်ဖြစ်ပေါ်မှုအခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက် အလက်များ မျှဝေခြင်း၊ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်ရေးနှင့် စပ်လျဉ်း၍ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများမှ ခရီးသွားများအတွက် ဗီဇာဖြေလျော့ပေးထားမှု အခြေ အနေများနှင့် Myanmar : Be Enchanted ခရီးသွားအမှတ်တံဆိပ်အသစ် ပြောင်းလဲခဲ့မှုများကို အသိပေးကြေညာခြင်းများ၊ ဒေသတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံမှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အတည်ပြု ဆွေးနွေးပြောကြားခဲ့သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီးသွားလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး အတွက် ဖွဲ့စည်းထားရှိသော အာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးများ (ASEAN Tourism Committee Meetings) နှင့် အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲအစည်းအဝေးများ ( ASEAN National Tourism Organizations) မှ ချမှတ်သဘောတူ ထားသော လုပ်ငန်းစီမံကိန်း (Work Plan) အလိုက် ၂၀၁၈ ခုနှစ်တွင်ဆောင်ရွက်ခဲ့သော လုပ်ငန်းပြီးစီးမှုအခြေအနေများအား အတည်ပြု သတ်မှတ် ခြင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအပေါ် မူဝါဒချမှတ်ခြင်း ကိစ္စ များတွင် ပူးပေါင်း ပါဝင်ဆွေးနွေးညှိနှိုင်းခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၁၈-၁-၂၀၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် အာဆီယံ ခရီးသွားဝန်ကြီးများ၏ သတင်းစာရှင်းလင်းပွဲသို့လည်းကောင်း၊ အာဆီယံခရီးသွားလုပ်ငန်းဆုများ (ASEAN Tourism Awards) ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားသို့ လည်းကောင်း၊ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (၂၀၁၉) ပိတ်ပွဲအခမ်းအနားသို့ လည်းကောင်း ပါဝင်တက်ရောက်ခဲ့သည်။

အာဆီယံခရီးသွားလုပ်ငန်း စွမ်းဆောင်ရည်ဆု စုစုပေါင်း (၁၄၂) ဆုကို ပေးအပ်ချီးမြှင့်ခဲ့ရာတွင် မြန်မာနိုင်ငံမှ ASEAN Community Based Tourism Award အတွက် ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နေသော ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ ကျိုက်သလဲကျေးရွာနှင့် မန္တလေးတိုင်းရှိ ဆည်သည်ကျေးရွာတို့ကလည်းကောင်း၊ ASEAN Public Toilet Award အတွက် မင်းကွန်းခရီးစဉ်ဒေသရှိ အများသုံးသန့်စင်ခန်း၊ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ (၇၀) လမ်း၊ (၂၆) နှင့် (၂၇) လမ်းကြားရှိ အများသုံးသန့်စင်ခန်း၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် Ocean Supercenter ရှိ အများသုံးသန့်စင်ခန်းများသို့ စွမ်းဆောင်ရည်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ က ဆုများကို လက်ခံရယူခဲ့ကြ သည်။

ခရီးစဉ်ကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် (၂၀၁၉) နှင့် အတူ ဟာလောင်မြို့ရှိ Quang Ninh Exhibition of Planning and Expo Centre တစ်ဆက်တည်း ကျင်းပပြုလုပ်လျက်ရှိသည့် အာဆီယံခရီးသွားပြပွဲ (၂၀၁၉) တွင်မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်း ဖွင့်လှစ်ပြသနေမှုကိုသွားရောက်ကြည့်ရှုအားပေးခဲ့သည်။ထို့အပြင် အာဆီယံ-တရုတ်စင်တာ ( ASEAN-China Center) ၊ အာဆီယံ-ကိုရီးယားစင်တာ (ASEAN-Korea Center) ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (United Nations World Tourism Organization)၊ ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအဖွဲ့ (Pacific- Asia Tourism Association) မဲခေါင်ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးရုံး (Mekong Tourism Cooperation Office) တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နှစ်ဖက်အဖွဲ့အစည်းများကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ မိမိတို့နိုင်ငံတွင်း ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ဆောင်မှုအရည်အသွေးတိုးတက်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တွင် လိုအပ်သည့်အကူအညီများ ရရှိနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ သည်။

(၁၉-၁-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၏ အဓိကခရီးစဉ်ဒေသတစ်ခုဖြစ်သော Ha Long Bay တလျောက်ရှိ စိတ်ဝင်စားစရာ ခရီးသွားလုပ်ငန်းဆိုင်ရာ သဘာဝအလှအပများ၊ ခရီးသွားဧည့်သည်များ လည်ပတ်သွားလာနေမှုများ၊ ခရီးစဉ် ပြေးဆွဲဆောင်ရွက်မှုအခြေအနေများနှင့် ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ များကို သင်္ဘောဖြင့် လှည့်လည်ကြည့်ရှု့လေ့လာခဲ့ပြီးညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ ကြောင်း သတင်းရရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် စာရင်းဇယားများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ


နေပြည်တော်၊ ဇန်န၀ါရီလ (၂၁) ရက်

ယနေ့ခေတ် မြန်မာနိုင်ငံသည် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းဇယားများ ပိုမိုအားကောင်းလာရန်၊ ခရီးသွားလာရေး ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုး တက်စေရန်နှင့် စာရင်းဇယားများ ကောက်ယူသည့် နည်းစနစ်များ ပိုမိုကောင်းမွန်လွယ်ကူပြီး စနစ်တကျ ရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် စာရင်းဇယားများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် တာဝန်ရှိသူများ၊ အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်မည့် စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ဗဟို စာရင်းအင်းအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ ၊ UNWTO Team မှ Dr. NAGORE ESPTNOSA URESANDI (Phd) နှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် မိမိတို့အတွက် အလွန်အရေးကြီး ပါကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲမှ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် စာရင်းဇယားများ ကောက်ယူသည့် နည်းစနစ်များကို သင်ယူလေ့လာနိုင်ခွင့်ရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာ သည့် တိုင်းပြည်ဖြစ်ပေါ်လာရေးနှင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရေးအတွက် အသွင်ကူးပြောင်းနေသည့် ကာလဖြစ် ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နေရာတွင် ခရီးသွားလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍ (အရေးပါတဲ့ မောင်းနှင်အားတစ်ရပ်) လည်း ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အခြေအနေသည် ၂၀၁၈ ခုနှစ်တွင် ယခင်နှစ်များကထက် တိုးတက်လာသည်ကို တွေ့မြင်ရပါကြောင်း၊ ယခုနှစ် ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသွား ဧည့်သည် (၄.၅) သန်း ၀င်ရောက်ရန် မျှော်မှန်းထားပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့အတွက် တဖက်တလှမ်းကနေ အထောက်အကူပြုနေပါကြောင်း၊ ခရီးသွားဧည့်သည်များများ ၀င်လေလေ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာပြီး ခရီးသွားလုပ်ငန်းမှ ရရှိသည့် ၀င်ငွေများ ပိုမိုများပြားလာမှာ ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းဇယားများသည် မဟာဗျူဟာကျကျ ဈေးကွက်မြှင့်တင်ရေး ဒီဇိုင်းရေးဆွဲခြင်း၊ နိုင်ငံတကာအချင်းချင်း အပြန်အလှန်ဆက်ဆံရေး တောင့်တင်း ခိုင်မာစေရေး၊ နိုင်ငံ၏ စွမ်းဆောင်ရည်ကို သိရှိနိုင်ရုံသာမက နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမှာ ခရီးသွား လုပ်ငန်း၏ အကျိုးသက်ရောက်မှု၊ စီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်ချက် ချမှတ်နိုင်မှုတို့၏ အကျိုးသက်ရောက်မှု ရလဒ်တို့ကိုပါ သိရှိနိုင် ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသည် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် စာရင်း ဇယားများကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြှင့်တင်ဆောင်ရွက်ပေးနေပြီး နိုင်ငံ၏ခရီးသွားလုပ်ငန်း ကဏ္ဍမှာ အလားအလာကောင်းများ ပိုမိုများပြားလာလိမ့်မည်ဟု ယုံကြည်မိပါကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် United Nation World Tourism Organization (UNWTO) Team မှ Dr. NAGORE ESPTNOSA URESANDI (Phd) က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ အကြောင်းအရင်းများကို ရှင်းလင်းပြောကြားကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဂျပန်နိုင်ငံအထက်လွှတ်တော်အမတ် Mr.ShunsukeYakei ဦးဆောင်သော ဂျပန်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခြင်း


၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊ အင်းလျားလိတ်ဟိုတယ်၌ ဂျပန်နိုင်ငံအထက်လွှတ်တော်အမတ် Mr.ShunsukeYakei ဦးဆောင်သော ဂျပန်ကိုယ်စား လှယ်အဖွဲ့အား တွေ့ဆုံ၍ နှစ်နိုင်ငံကြားခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် ဂျပန်နိုင်ငံနှင့်မြန်မာနိုင်ငံသည် ကောင်းမွန်သည့် နှစ်နိုင်ငံ ဆက်ဆံရေးတည်ဆောက်ထားပြီး ၊ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အကူ အညီပေးနေမှုများ ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ၊ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဆိုင်ရာဘာသာရပ်များကို သင်ကြားနေသည့် ကောလိပ်မှာ ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် ဖွင့်လှစ်ထားပြီး သင်ကြားပို့ချလျှက်ရှိပါ ကြောင်း ၊ သင်ကြားရာတွင် ပိုမိုစနစ်တကျရှိစေရေးအတွက်လည်း Training Of Trainers (TOT) အစီ အစဉ်များကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လိုပါကြောင်း ၊ ဂျပန်နိုင်ငံမှခရီးသွားများ မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဗီဇာဖြေလျော့မှုများကိုလည်း ဆောင်ရွက်ပေးပြီးဖြစ် ပါကြောင်း ၊ ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံအကြောင်းနှင့် မြန်မာနိုင်ငံရှိခရီးစဉ်ဒေသများ အကြောင်းပိုမိုသိရှိနိုင်ရေးအတွက်လည်း ခရီးသွားလုပ်ငန်းဆိုင်ရာသံတမန် (Tourism Ambassador )များ ခန့်အပ်၍လည်း ဆောင်ရွက်ထားပါကြောင်း ၊ သို့ဖြစ်ပါ၍ ဂျပန်ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက်လာနိုင်မည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် ဂျပန်နိုင်ငံအထက်လွှတ်တော်အမတ် Mr.ShunsukeYakei မှ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်ထောက်ခံအားပေးသွားမည်ဖြစ်ပါကြောင်း ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် လည်း အကူအညီပေးသွားမည်ဖြစ်ပါကြောင်း ၊ ဂျပန်နိုင်ငံသားခရီးသွားများမြန်မာနိုင်ငံသို့ ပိုမိုလည်ပတ် ရေးအတွက်လည်းကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံ၏ Hospitality ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကူအညီပေးမည်ဖြစ် ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် တွေ့ဆုံပွဲကို နေ့လည်ပိုင်းတွင် ရုပ်သိမ်းခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိ သူများနှင့် ဂျပန်နိုင်ငံအထက်လွှတ်တော်အမတ်နှင့်အတူ ဂျပန်သံရုံးမှာတာဝန်ရှိသူများ ၊ ဂျပန်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများနှင့် ဂျပန်ခရီးသွားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

'' Journey to the Naga-Land '' Rally Sagaing/MHTTR 7-2019 ကားမောင်းပွဲပိတ်ပွဲ အခမ်းအနား ကျင်းပ


နေပြည်တော်၊ ဇန်န၀ါရီလ (၁၈) ရက်

စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု ၊ စစ်ကိုင်းတိုင်းဒေ သကြီးအစိုးရအဖွဲ့ ပံ့ပိုးမှု  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မုံရွာရုံးခွဲ၏ ကြီးကြပ်မှုဖြင့် ” Journey to the Naga-Land ” Rally Sagaing/ MHTTR 7-2019 ကားမောင်းပွဲပိတ်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ (၁၇) ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းမြို့ ၊ ဗိုလ်ချုပ်ပန်းခြံရှေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကိုစစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးသန်း ၊လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ စစ်ကိုင်းခရိုင် အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကားမောင်းပွဲတွင် ပါဝင်သော ခရီးသွားများအား ပန်းကုံးစွပ် ဂုဏ်ပြုကြိုဆိုခြင်း ၊ ကြိုဆိုသူများမှ အလံ များဝှေ့ရမ်းကြိုဆိုခြင်း ၊ ကားမောင်းပိတ်ပွဲမဏ္ဍပ်ရှိ ရှန်ပိန်ဖောက်ခြင်း ၊ အမှတ်တရဓါတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

” Journey to the Naga-Land ” Rally Sagaing/MHTTR 7-2019 ကားမောင်းပွဲခရီးစဉ်မှာ မုံရွာမှ စတင်ခဲ့ပြီး မင်းကင်း – မော်လိုက်- တမူး – ဟုမ္မလင်း- ထမံသီ- လေရှီးမြို့ နာဂပွဲတော်သို့ ရောက်ရှိခဲ့ပြီး အပြန်လမ်းတွင် လေရှီး- နောင်ပိုအောင်- သာနန်းတော- ရေဦး- ရွှေဘို- စစ်ကိုင်းမြို့သို့ ဝင်ရောက်ခဲ့ပါသည်။ ကားမောင်းပွဲအား (၁၁.၁.၂၀၁၉) ရက်နေ့မှ (၁၇.၁.၂၀၁၉) ရက်နေ့ထိ ပြုလုပ်ခဲ့ပြီး မော်တော်ယာဉ် (၁၉) စီးနှင့် တိုင်းအစိုးရအဖွဲ့ အထောက်အကူပြုယာဉ် (၁) စီး စုစုပေါင်း (၂၀) စီး ၊ ခရီးသွား (၇၀) ဦး ပါဝင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ၀င်/ ထွက် လည်ပတ်လျက်ရှိ


နေပြည်တော်၊ ဇန်န၀ါရီ (၁၈) ရက်

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘ၀ပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ အဆက် မပြတ် ၀င်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့မှ ဇန်န၀ါရီလ (၁၇) ရက်နေ့အထိ တာချီလိတ်နယ်စပ် ၀င်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၄၅၂၃၆) ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသားခရီးသွားဧည့်သည်(၄၆၆) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား အများစုပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသည်(၈၀၀) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် (၃၂၂၉) ဦး ရှိကြောင်း သိရှိရပါသည်။

နေ့ချင်းပြန်ခရီးစဉ်အဖြစ်  တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ၀မ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြပါသည်။

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အ၀င် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံ ကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ၀ပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေ တံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး တာချီလိတ်မြို့မှ လေကြောင်းဖြင့်တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှ တဆင့်  မြန်မာနိုင်ငံအတွင်းပိုင်းရှိ ခရီးစဉ်များ အား ၀င်ရောက်လည်ပတ်ခဲ့ကြပါသည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတဆင့် ၀င်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေ အတွက်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့မှ ၂၀၁၉ ခုနှစ် ၊ ဇန်န၀ါလ (၁၇) ရက်နေ့ အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားအများစု ပါဝင်သော နေ့ချင်းပြန်/ ညအိပ်ခရီးသည် စုစုပေါင်းမှာ (၈၁၇၃၈၉) ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ခရီးသည်စုစုပေါင်း (၁၀၁၂၃) ဦးနှင့် ဗီဇာဖြင့် ပြည်တွင်းသို့ ၀င်ရောက်လည်ပတ်သည့် ခရီးသည်စုစုပေါင်း (၂၀၀၉၉) ဦးတို့ ၀င်ရောက်လည်ပတ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။