Directory : Search Results

No result found:

Neos Airline မှ မီလန်-ဗီယက်နမ်-ရန်ကုန်-မီလန် ခရီးစဉ် စတင်ပြေးဆွဲခြင်းအထိမ်းအမှတ်အခမ်းအနားနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ကမ္ဘာလှည့်ခရီးသည်များအား ကြိုဆိုခြင်းအခမ်းအနားကျင်းပ


ရန်ကုန်၊ အောက်တိုဘာ ( ၃၁  ) ရက်

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ပိုမိုတိုးတက်လာရောက်ရေးနှင့်လာရောက်လည်ပတ်ရာတွင် ပိုမိုလွယ်ကူချောမွေ့စေရေး အတွက်ဂျပန်၊တောင်ကိုရီးယား၊ဟောင်ကောင်၊ မကာအို သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအားဗီဇာကင်းလွတ်ခွင့်ဖြင့်လည်းကောင်း၊လေကြောင်းဖြင့်ဝင်ရောက်လာသည့်တရုတ်နိုင်ငံသားသာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအားဆိုက်ရောက်ဗီဇာ(Visa On Arrival)ဖြင့် လည်းကောင်း ၊  ဗီဇာဖြေလျော့မှုများဖြင့်ဆောင်ရွက်လျှက်ရှိပါ သည်။ထို့အတူ ဥရောပနိုင်ငံသားများ ပိုမိုဝင်ရောက်လာရေးအတွက်ကိုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနများ၊မိတ်ဖက်အသင်းအဖွဲ့များ၊ခရီးသွားလုပ်ငန်းကုမဏီများမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာNeos Airline မှ မီလန်-ဗီယက်နမ်-ရန်ကုန်-မီလန် ခရီးစဉ် စတင် ပြေးဆွဲခြင်းအထိမ်းအမှတ်အခမ်းအနားနှင့် ထိုခရီးစဉ်တွင် Orchestra Travel &ToursCo.,Ltd စီစဉ်မှုဖြင့်လိုက်ပါလာသည့် ကမ္ဘာလှည့်ခရီးသည် များအား ကြိုဆိုခြင်းအခမ်းအနားကိုအောက်တိုဘာလ (၃၁) ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ Terminal (I) ၊ Level (3) တွင် ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနား သို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသန့်စင်မောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၊မြန်မာနိုင်ငံဆိုင်ရာအီတလီသံအမတ်ကြီးMs.AlessandraSchiavo ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန် ရှိသူများ ၊ Yangon AerodroneCo.,Ltdမှအုပ်ချုပ်မှုဒါရိုက်တာဦးထွန်းမြင့်နိုင်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင် ၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီးMs.AlessandraSchiavo ၊ Yangon AerodroneCo.,Ltd မှအုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းမြင့်နိုင် နှင့် Neos Airline တာဝန်ရှိသူတို့မှ အမှာ စကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီးတို့ မှလေယာဉ်ဖြင့်လိုက်ပါလာသည့် အီတလီ ကမ္ဘာလှည့်ခရီးသည် များအား အမှတ် တရလက်ဆောင်များ ပေးအပ်ပြီးနောက် အခမ်းအနားကို တက်ရောက်လာသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း ၊ အထိမ်းအမှတ် ကိတ်မုန့်ခွဲခြင်းများဆောင်ရွက်ကာ အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါသည်။ ထို့နောက် Neos Airline ဖြင့် လိုက်ပါလာသည့် ကမ္ဘာလှည့်ခရီးသည်အား ကြိုဆိုနှုတ်ဆက်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်လျက်ရှိ


နေပြည်တော်၊ အောက်တိုဘာလ (၃၀) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေလွယ်ကူစွာ သွားရောက်လည် ပတ်နိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှ လာရောက်သည့် ခရီးသွား ဧည့်သည်များ အတွက်လည်း ၀င်/ထွက် သွားလာမှုလွယ်ကူစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Trails of Indochina Travels & Tours Co., Ltd  ၏ စီစဉ်မှုဖြင့် ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် (၁၂) ဦးတို့သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပြီး အောက်တိုဘာလ (၈) ရက်နေ့မှ အောက်တိုဘာလ (၁၅) ရက်နေ့အထိ R.V Anawrahta Myanmar အပျော်စီးရေယာဉ်ဖြင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မန္တလေး- ကျောက်မြောင်း- နွယ်ငြိမ်း- တကောင်း- ကသာ- နဘား- ကျွန်းတော်- ဆီသည်ရွာ- မန္တလေးခရီးစဉ်များသို့ သွားရောက်လည်ပတ်၍ အောက်တိုဘာလ (၁၅) ရက်နေ့တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် ပြန်လည် ထွက်ခွာ သွားကြပါသည်။

ထို့အတူ Osuga Myanmar Travels & Tours Co., Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် သြစတြီးယားနိုင်ငံသား (၄) ဦးတို့သည် ကိုယ်ပိုင်မော်တော်ယာဉ်(၁) စီးဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့မှ အောက်တိုဘာလ (၂၅)ရက်နေ့အထိ တမူးနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး တမူး- ကလေး- ပုဂံ- တောင်ငူ- ဘားအံ- မြ၀တီမြို့များသို့ သွားရောက်လည်ပတ်၍ အောက်တိုဘာလ (၂၅) ရက်နေ့တွင် မြ၀တီမြို့မှ တဆင့် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြပါသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီကာလဖြစ်ခြင်းနှင့် ခရီးသွားဧည့်သည် တိုးမြှင့်ဝင်ရောက်လာနိုင်ရေး ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့်  မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ဝင်/ ထွက်ပေါက်များမှတဆင့်  ၀င်ရောက်လာ၍ မြန်မာနိုင်ငံ၏ ထင်ရှားသော ဒေသများသို့ လာရောက် လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင်ပြုလုပ်သည့် မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး တက်ရောက်ခြင်း


၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃၀ ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ ယနေ့အစည်းအဝေးသည် တရုတ်နိုင်ငံသား ခရီးသွား ဧည်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်ရေးနှင့် လာရောက် လည်ပတ်ရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက် လိုအပ်မည့် အစီအမံများဆောင်ရွက်နိုင်ရန်တို့ကို ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသားခရီးသွား များသည် ကမ္ဘာအနှံ့သို့ လည်ပတ်သွားလာမှုတွင် ထိပ်ဆုံးတွင် ရပ်တည်နေသည့် နိုင်ငံတစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ဧည့်သည်များစာရင်းတွင်လည်း အများဆုံးဖြစ်ပါကြောင်း ၊ သို့သော် လာရောက်သည့်ဧည့်သည်များအနေဖြင့် မြန်မာနိုင်ငံ၏ ဓလေ့ထုံးစံ ၊ ယဉ်ကျေးမှုတို့ကို လေးစားရမည် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဈေးကွက်ကို မှေးမှိန်စေပြီး ၊ နိုင်ငံ၏ပုံရိပ်ကိုကျဆင်းစေသည့် ဝန်ဆောင်မှုပေးသည့် ခရီးစဉ်စီစဉ်မှု ပုံစံမျိုးကို လုံးဝရှောင်ကြဉ်ရန် လိုအပ်မည်ဟုပြောလိုပါကြောင်း ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ရှိမြို့ကြီးများနှင့် တိုက်ရိုက် ဆက်သွယ် ပျံသန်းမည့် လေကြောင်း လိုင်းများ တိုးတက်လာမည်ကို သိရှိရပါသဖြင့် ဝမ်းမြောက်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် Yangon Aerodrome Co.,Ltd ဥက္ကဌ ဦးထွန်းမြင့်နိုင်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု့ အခြေအနေ ၊ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာပြီး လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းပါက လက်ခံနိုင်မှု၊ ဝန်ဆောင်မှုပေးနိုင်မှု အခြေအနေနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ရန် လျာထားမှု အခြေအနေတို့အား ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ၊ မြန်မာ-တရုတ်ခရီးသွားလုပ်ငန်းမြှင့်တင် ရေးလုပ်ငန်းအဖွဲ့ ၊ Bank Of China မှ တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံ သို့ ခရီးစဉ်ပြေးဆွဲလျက်ရှိသော တရုတ်လေကြောင်းလိုင်းများမှ တာဝန်ရှိသူများ ၊ CCTV မှ တာဝန်ရှိသူများ၊ International Travel Asia Co.,Ltd ၊OK Discovery Travel & Tours၊ Monnect Media နှင့် တက်ရောက်လာသည့် ဧည့်သည်တော်များမှ မြန်မာ-တရုတ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

အပျော်တမ်းစုပေါင်းမိသားစုပြေးပွဲ ညောင်ရွှေမြို့တွင် ကျင်းပ


နေပြည်တော် ၊ အောက်တိုဘာ (၂၉) ရက်

EXO Travel Myanmar Co.,Ltd ၏ စီစဉ်မှုဖြင့် ပြင်သစ်နိုင်ငံသားနှင့် ဂျာမဏီနိုင်ငံသား စုစုပေါင်း နိုင်ငံခြားသားခရီးသည် (၁၀၄) ဦးတို့သည် အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်မှ စ၍ အပျော်တမ်းစုပေါင်းမိသားစုပြေးပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် ၊ တီးတိန်ရွာ ဘုန်းကြီးကျောင်းအရှေ့မှ အင်းတိန်ကျေးရွာ ၊ ရွှေအင်းတိန်ဘုရားအထိ (၁၆) ကီလိုမီတာ အပြေးပြိုင်ပွဲနှင့် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်  (၈း၀၀) နာရီအချိန်မှစ၍ ညောင်ရွှေမြို့နယ်ရှိ မိုးကောင်း ဘုန်းကြီးကျောင်းမှ သလဲဦးကျေးရွာအထိ ၊ သလဲဦးကျေးရွာမှ မိုးကောင်းဘုန်းကြီးကျောင်းထိ (၁၄) မီတာ အပြေးပြိုင်ပွဲ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ၀င်/ ထွက် လည်ပတ်လျက်ရှိ


နေပြည်တော်၊ အောက်တိုဘာလ (၂၆) ရက်

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ် ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘ၀ပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည် ပြည်ဆိုင်ရာ ၀င်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ၀င်ထွက်သွားလာ လည်ပတ်လျက်ရှိပါသည်။

၂၀၁၈ ခုနှစ်၊အောက်တိုဘာလ(၁၉)ရက်နေ့မှ အောက်တိုဘာလ(၂၅)ရက်နေ့အထိ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန် ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်း နိုင်ငံသား (၂၂၆၂၇) ဦးနှင့် တတိယနိုင်ငံသား နိုင်ငံခြားသား ခရီးသွားဧည့်သည် (၂၇၆) ဦး၊ လန့်တောင်းနေ့ချင်းပြန် ခရီးစဉ်သို့ ထိုင်းနိုင်ငံသား (၄၆) ဦးနှင့် နိုင်ငံခြားသား (၆) ဦး ၊  မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံသား အများစုပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် (၃၄၇) ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားအပါအ၀င် လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွား ဧည့်သည် (၈၁၉) ဦးရှိကြောင်း သိရှိရပါသည်။

နေ့ချင်းပြန်ခရီးစဉ်အဖြစ်  တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ၀မ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက် လည်ပတ်ကြပါသည်။

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စွန်တောင်းစေတီ၊ ကျိုင်းတုံမြို့အ၀င် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံ ကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ၀ပ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေး စေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်ခဲ့ကြပြီး ပြည်တွင်းပိုင်းခရီးစဉ်အား တာချီလိတ်မြို့မှ လေကြောင်း ဖြင့် တိုက်ရိုက်ပျံသန်းသော မြို့များဖြစ်သည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှ တဆင့် ပြည်တွင်းပိုင်းသို့ သွားရောက်လည်ပတ်ခဲ့ကြပါသည်။

တာချီလိတ် နယ်စပ်ဝင်ပေါက်မှ တဆင့် ၀င်ရောက်သည့် နိုင်ငံခြားခရီးသွားဧည့်သည် အရေ အတွက်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ အောက်တို ဘာလ (၂၅) ရက်နေ့အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားအများစု ပါဝင်သော နေ့ချင်းပြန်ခရီးသည် စုစုပေါင်းမှာ (၅၄၇၃၅၈) ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ခရီးသည်စုစုပေါင်း (၄၅၃၅) ဦးနှင့် ဗီဇာဖြင့် တာချီလိတ်မှတဆင့် လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ၀င်ရောက်လည်ပတ်သည့် ခရီးသည် စုစုပေါင်း (၆၁၁၂) ဦးတို့ ၀င်ရောက် လည်ပတ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ကမ္ဘာလှည့်ခရီးသည်များ ကိုယ်ပိုင်မော်တော်ယာဉ်၊ ကိုယ်ပိုင်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်



နေပြည်တော်၊ အောက်တိုဘာလ (၂၆) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ လွယ်ကူစွာ သွားရောက် လည်ပတ်နိုင်ရေးကို ဆောင်ရွက်ပေးလျက် ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှ လာရောက်သည့် ခရီးသွား ဧည့်သည်များအတွက် လည်း ၀င်/ထွက် သွားလာမှုလွယ်ကူစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Mother Ayeyawaddy Travels & Tours       Co., Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည် (၉) ဦးသည် ကိုယ်ပိုင် မော်တော်ယာဉ် (၂) စီး ၊ ကိုယ်ပိုင်မော်တော်ဆိုင်ကယ် (၆) စီးဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့မှ အောက်တိုဘာလ(၁၈)ရက်နေ့ အထိ တာချီလိတ်နယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး  တာချီလိတ်-ကျိုင်းတုံ-အင်းလေး-မကွေး-မြောက်ဦး-သံတွဲ-ငွေဆောင်-ကျိုက်ထို-မြ၀တီ မြို့များသို့ သွားရောက် လည်ပတ်၍ အောက်တိုဘာလ (၁၈) ရက်နေ့တွင် မြ၀တီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြပါသည်။

နိုင်ငံခြားသားခရီးသွား ဧည့်သည်များသည် ပွင့်လင်းရာသီ ကာလဖြစ်ခြင်းနှင့် ခရီးသွားဧည့်သည် တိုးမြှင့် ၀င်ရောက်လာနိုင်ရေး ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင် ရွက်မှုများကြောင့် မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ဝင်/ ထွက်ပေါက်များမှတဆင့် ၀င်ရောက်လာ၍ မြန်မာနိုင်ငံ၏ ထင်ရှားသော ဒေသများသို့ လာရောက်လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။