Directory : Search Results

No result found:

လွယ်ပန်းစုံကျေးရွာတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ဖွင့်ပွဲအခမ်းအနား ကျင်းပ


နေပြည်တော်၊ နိုဝင်ဘာလ (၂၉) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(တောင်ကြီးရုံးခွဲ)၏ စီစဉ်ဆောင်ရွက်မှုဖြင့် လွယ်ပန်း စုံကျေးရွာ လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊  နိုဝင်ဘာလ(၂၇)ရက်နေ့၊  နံနက် (၁၀:၃၀) နာရီတွင်  ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ လွယ်ပေါကျေးရွာအုပ်စု၊   လွယ်ပန်းစုံကျေးရွာ CBT အဆောက်အဦ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊  ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်းအေးမောင်၊ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေရီချိုနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (တောင်ကြီး ရုံးခွဲ) ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ရွာကိုယ်စားပြု CBT ကော်မတီဝင်များ၊ ကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြပါ သည်။

လူထုအခြေပြုခရီးသွားလုပ်ငန်း Commiunity Based Tourism (CBT) ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ စီမံကိန်း၊ စီးပွားရေး နှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၊ ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့်ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကအဖွင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ထို့နောက် စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး တို့က အသီးသီး အမှာစကားပြောကြားပြီး  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံးခွဲ) ညွှန်ကြားရေးမှူးက CBT အခြေအနေများကိုလည်းကောင်း၊ လွယ်ပန်းစုံ CBT မန်နေဂျာ ဦးဇေယျာဖြိုးက CBT အကောင်အထည်ဖေါ်ဆောင်ခဲ့မှု အခြေအနေများကို လည်းကောင်း၊ CBT ကိုယ်စားပြုကျေးရွာ ကော်မတီ အတွင်းရေးမှူး ဦးအေးမောင်က ကျေးဇူးတင်စကားကိုလည်းကောင်း ပြောကြားခဲ့ကြပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်လာသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အိပ်ခန်း ဆောင်များကို လှည့်လည်ကြည့်ရှုခြင်း၊ အမှတ်တရသစ်ပင်စိုက်ပျိုးခြင်း၊ ဖယ်ခုံအင်း အတွင်းသို့ ငါးလွှတ် ခြင်းနှင့် လှေပြိုင်ပွဲသို့ တက်ရောက်အားပေးပြီး ဆုရရှိသူများအား ဆုများချီးမြှင့် ပေးအပ်ခြင်းတို့ကို ဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်


နေပြည်တော်၊ နိုဝင်ဘာလ (၂၈) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေလွယ်ကူစွာ သွားရောက်လည်ပတ်နိုင်ရေးကို ဆောင်ရွက်ပေး လျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှ လာရောက်သည့် ခရီးသွား ဧည့်သည်များအတွက်လည်း ၀င်/ထွက် သွားလာမှုလွယ်ကူစေရေး စီစဉ်ဆောင် ရွက်ပေးလျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Kaung Hein Shwe Sin International  Co.,Ltd စီစဉ်ဆောင်ရွက်မှုတို့ဖြင့် မလေးရှားနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် (၆) ဦးတို့သည် ကိုယ်ပိုင်မော်တော်ဆိုင်ကယ် (၆) စီးဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့မှ နိုဝင်ဘာလ (၁၃) ရက်နေ့အထိ မြ၀တီနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး မြ၀တီ-ကျိုက်ထို -နေပြည်တော်-ပုဂံ-ဂန့်ဂေါ-တမူးမြို့ များသို့ သွားရောက်လည်ပတ်၍ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် တမူးနယ်စပ်ဂိတ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြပါသည်။

ထို့အတူ အဆိုပါ ကုမ္ပဏီ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် တူရကီနိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည် (၂) ဦးတို့သည် ကိုယ်ပိုင်မော်တော်ဆိုင်ကယ် (၂) စီးဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့မှ နိုဝင်ဘာလ (၂၁) ရက်နေ့အထိ တမူးနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး တမူး-ဂန့်ဂေါ-ပုဂံ-နေပြည်တော်-ကျိုက်ထို-မြ၀တီမြို့များသို့ သွားရောက်လည်ပတ်၍ နိုဝင်ဘာလ (၂၁) ရက်နေ့ တွင် မြ၀တီ နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြပါသည်။

၎င်းနောက် အဆိုပါ ကုမ္ပဏီ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် မလေးရှားနိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည် (၄) ဦးတို့သည် ကိုယ်ပိုင်မော်တော်ဆိုင်ကယ် (၂) စီးဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့မှ နိုဝင်ဘာလ (၂၄) ရက်နေ့အထိ တမူးနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး တမူး-ဂန့်ဂေါ-မိတ္ထီလာ-ကျိုက်ထို-မြ၀တီမြို့များသို့ သွားရောက်လည်ပတ်၍ နိုဝင်ဘာလ (၂၄) ရက်နေ့ တွင် မြ၀တီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြပါသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီကာလဖြစ်ခြင်းနှင့် ခရီးသွားဧည့်သည် တိုးမြှင့်ဝင်ရောက်လာနိုင်ရေး ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ဝင်/ထွက်ပေါက်များမှတဆင့် ၀င်ရောက်လာ၍ မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများ သို့ လာရောက်လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

e-Government Conference & ICT Exhibition 2018


နိုဝင်ဘာလ ၂၇ ရက်နေ့ (အင်္ဂါနေ့) နှင့် ၂၈ ရက် (ဗုဒ္ဓဟူးနေ့) တို့တွင် e-Government Conference & ICT Exhibition 2018 ပွဲကို နေပြည်တော်ရှိ MICC တွင် ကျင်းပပြုလုပ်နေသည်ဖြစ်ပါ၍ နည်းပညာကို စိတ်ပါဝင်စားသူတိုင်း လာရောက်လေ့လာကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် Digital Marketing ဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်ရေး ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခြင်း


ရန်ကုန်၊ နိုဝင်ဘာလ (၂၆)ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင် မှု သင်တန်းကျောင်း၌ ပြုလုပ်သည့် Digital Marketing ဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်စေရေး ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် Digital Marketing ဆိုင်ရာမဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်စေရေး ပထမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁၂-၁၁-၂၀၁၈) ရက်နေ့တွင် ကျင်းပခဲ့ပြီး၊ ယခုပြုလုပ်သည့် အစည်းအဝေးသည် ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ကြောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပိုမို ဖွံ့ဖြိုး တိုးတက်ရန်အတွက် Digital နည်းပညာကို အသုံးပြုပြီး ခရီးသွားမြှင့်တင်ရေး လုပ်ငန်း ဆောင်ရွက်ရန် အတွက် ဒေသနှင့်နိုင်ငံအလိုက် ဦးစားပေးဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ အဖွဲ့ (၆)ဖွဲ့ ဖွဲ့စည်းပြီးဖြစ်သည့်အပြင် ၀န်ကြီးဌာန၊ ပုဂ္ဂလိက ပူးပေါင်းပါဝင်သည့် Digital Marketing Taskforce ကို Digital Marketing Advisory Team ၊ Digital Marketing Committee နှင့် Digital Marketing Implementation Team စသည့် အဖွဲ့ (၃)ဖွဲ့ ပါဝင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအတွက် လိုအပ်သည့် နည်းပညာဆိုင်ရာ အကူအညီကို နယ်သာလန်နိုင်ငံအခြေစိုက် Center for the Promotion of Imports  from Developing Countries (CBI) အဖွဲ့အစည်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ခရီးသွားမြှင့်တင်ရေးဆိုင်ရာ Digital Marketing လုပ်ငန်းများ အတွက် ဆောင်ရွက်ရမည့် ရည်မှန်းချက်၊ Target Market အလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ငွေကြေးခွဲဝေသုံးစွဲရမည့် ကိစ္စရပ်များကို စနစ်တကျဖြင့် သတ်မှတ်ကာလအတွင်း ဆောလျင်စွာအကောင် အထည်ဖော်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးသွားရန် လိုကြောင်းပြောကြားပါသည်။

ထိုနောက် တက်ရောက်လာကြသော ဒေသနှင့် နိုင်ငံအလိုက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ (၆) ခုမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး နယ်သာလန်နိုင်ငံအခြေစိုက် Center for the Promotion of Imports from Developing Countries (CBI) အဖွဲ့အစည်း၏ ကျွမ်းကျင်ပညာရှင်မှ Digital Marketing ဆိုင်ရာမဟာဗျူဟာ လုပ်ငန်းစဉ်များပိုမိုကောင်းမွန်စေရေးနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပါသည်။ ထိုနောက် ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ပေးခဲ့ပါသည်။

အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီအဖွဲ့ (၆) ဖွဲ့နှင့် Digital Marketing Advisory Team ၊ Digital Marketing Committee နှင့် Digital Marketing Implementation Team များ မှ တာဝန်ရှိသူများ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။

 

ပုသိမ်မြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်ပွဲကျင်းပ


နေပြည်တော် ၊  နိုဝင်ဘာလ(၂၆) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့် လှစ်ခဲ့သည့် ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ အမှတ်စဉ် (၂) သင်တန်းဆင်းအောင်လက်မှတ်ချီးမြှင့် ပေးအပ်ခြင်းနှင့် သင်တန်းအမှတ်စဉ် (၃) ဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အိမ်တွင်းမှုသင်တန်း ကျောင်း (ကြောင်ပန်းကုန်း) တွင် (၂၆.၁၁.၂၀၁၈) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းကျောင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ငွေဆောင် နှင့်ချောင်းသာဟိုတယ်ဇုန်များမှ တာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

 

 

 

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်မှ သင်တန်းဆင်းအမှာ စကား နှင့်သင်တန်းတက်ရောက်မည့် သင်တန်းသူများအား သင်တန်းအဖွင့်မိန့်ခွန်းတို့အား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဟိုတယ်ဝန်ဆောင်မှုသင်တန်း၊ အမှတ်စဉ် (၂) သင်တန်းမှ သင်တန်းထူးချွန်ဆုများကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့မှ ပေးအပ်ချီးမြင့်ခဲ့ကြ ပါသည်။

 

 

 

 

 

 

 

 

 

 

ယခုကျင်းပသည့် ဟိုတယ်ဝန်ဆောင်မှုသင်တန်းဆင်းပွဲအခမ်းအနားသည် ဒုတိယအကြိမ် မြောက်ကျင်းပခြင်းဖြစ်ပြီး သင်တန်းသူများ၏ (၆) လကြာစာတွေ့/လက်တွေ့ သင်ခန်းစာများ သင်ယူ ပြီးမြောက်၍ သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ခြင်းဖြစ်ကာ လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်လျှက် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ် (၃)ကို ထပ်မံ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။

ပထမအကြိမ် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းကို သင်တန်းသူ (၇၅) ဦးတက်ရောက် ခဲ့ပြီး ဒုတိယအကြိမ်သင်တန်းသို့ သင်တန်းသူ (၇၅) ဦး တက်ရောက်အောင်မြင်ခဲ့ပြီး ယခုဖွင့်လှစ်မည့် တတိယ အကြိမ်သင်တန်းတွင်လည်း သင်တန်းသူ (၇၅) ဦး ထပ်မံတက်ရောက်သင်ကြားသွားမည်ဖြစ်ပါ သည်။

သင်တန်းသူများအတွက် သင်တန်းကျောင်းတွင် နေထိုင်ရေး၊ စားသောက်ရေး၊ သင်တန်း စရိတ်တို့ကို အခမဲ့စီစဉ်ပေးသည့်အပြင် သင်တန်းဘာသာရပ်အလိုက် ဝတ်စုံ (၁) စုံ၊ သင်တန်းဆင်း တ်စုံ (၁) စုံစီနှင့် သင်တန်းကျောင်းသို့လာရောက်သည့် အသွား/အပြန် ခရီးစရိတ်များကိုလည်း ထောက်ပံ့ ပေးပြီး လက်တွေ့သင်တန်းဆင်းမည့် ဟိုတယ်ဇုန်များရှိ ဟိုတယ်များမှ အစားအသောက်၊ နေထိုင်မှုနှင့် တူညီဝတ်စုံများ၊ လိုအပ်သည်များကို ပံ့ပိုးပေးသည့်အပြင် လက်တွေ့သင်တန်းပြီးမြောက်အောင်မြင်ပါက အလုပ်အကိုင်ရရှိရေးအတွက်ပါ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်မှုဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း ကြေညာခြင်း


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အာဆီယံ-ဂျပန်ဗဟိုဌာန (ASEAN – Japan Centre) တို့ ပူးပေါင်း၍ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်မှုဆွေးနွေးပွဲ (Tourism Marketing Seminar) ကို မန္တလေးမြို့ရှိ Mercure Mandalay Hill Resort Hotel ၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၃၀) ရက်နေ့တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ပါသည်။

အဆိုပါ ဆွေးနွေးပွဲအား မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုကို တွန်းအားပေး ဆောင်ရွက်ရန်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ခရီးသွား လုပ်ငန်းမြှင့်တင်မှု မူဝါဒများကို အထောက်အကူပြုရန်၊ အထူးသဖြင့် ဂျပန်လူမျိုးများ၏ ခရီးသွားလာခြင်းဆိုင်ရာ အလေ့အထများ၊ ကြိုက်နှစ်သက်မှု၊ ဦးစားပေးမှု များကို ပိုမိုသိရှိနားလည်ပြီး ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်နှင့် အာဆီယံတွင် အကောင် အထည်ဖော်ဆောင်နေသည့် အာဆီယံ ခရီးသွား လုပ်ငန်းကျွမ်းကျင်ပညာရှင်များ အပြန်အလှန်အသိ အမှတ်ပြုရေး အစီအစဉ်(MRA- TP) ကို အထောက်အပံ့ပြုရန် ရည်ရွယ်၍ ကျင်းပသွားမည်ဖြစ်ပါသည်။

ဆွေးနွေးပွဲတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြမည်ဖြစ်ပါသဖြင့် အစိုးရနှင့်ပုဂ္ဂလိက ခရီးသွားလုပ်ငန်းနယ်ပယ်မှ ခရီးသွားလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေသူများ၊ ဧည့်လမ်းညွှန်များ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်း အေဂျင်စီများ၊ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းမှ တာဝန်ရှိသူများ  ပါဝင်တက်ရောက်နိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။