+95-67- 406458 [email protected]
Select Page

မြေမျက်နှာသွင်ပြင်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် တည်ရှိပြီး မြောက် ဘက်တွင် တရုတ်ပြည်သူ့နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော တိဗက် ဒေသ၊ အရှေ့ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဖြင့် နယ်နိမိတ်ချင်းထိစပ်နေပါသည်။ ကမ်းရိုးတန်း ဒေသသည် မြန်မာနိုင်ငံ၏ အောက်ပိုင်း ဒေသ ဖြစ်ပြီး ကုန်းတွင်းပိုင်းဒေသသည် မြန်မာနိုင်ငံ အထက်ပိုင်းဒေသဖြစ်သည်။ စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ ၆၇၆,၅၇၈ စတုရန်း ကီလိုမီတာ (၂၆၁,၂၂၇ စတုရန်းမိုင်) ဖြစ်သည်။

မြင်းခွာပုံသဏ္ဍာန် တောင်တန်းများနှင့် ဧရာဝတီမြစ်ဝှမ်းတို့သည် မြန်မာနိုင်ငံ၏ ထင်ရှားသော မြေမျက်နှာသွင်ပြင်များ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ မြောက်ဘက် အစပ်ရှိ တောင်တန်းများအနက် ခါကာဘိုရာဇီတောင်ထိပ်သည် အရှေ့တောင်အာရှတွင် အမြင့်ဆုံး ဖြစ်ပြီး ၅၈၈၁ မီတာ (၁၉၂၉၆ပေ) ရှိပါသည်။ တောင်တန်းအများစု မှာ မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိပါသည်။ ရခိုင်ရိုးမတောင်တန်းသည် မြန်မာနိုင်ငံနှင့်အိန္ဒိယတိုက်ငယ်တို့ ကြားတွင်တံတိုင်းသဖွယ်ဖြစ်ပေါ်နေပြီး တောင်ထိပ် များမှာ အမြင့် ၂၇၄၀ မီတာ(၉ဝဝဝခန့်) ကျော်မြင့်ပါသည်။ရှမ်းကုန်းပြင်မြင့်၏တောင််ဘက်ရှိဘိလောက်တောင်တန်းသည် ထိုင်းနို်င်ငံ အနောက် တောင် ပိုင်းနှင့် မြန်မာနို်င်ငံအောက်ပိုင်း၏ အရှေ့တောင်ပိုင်းကြား နယ်နိမိတ် တစ်လျှောက်တည်ရှိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စတင်ဖြစ်ပေါ်လာသော ရှမ်းကုန်း ပြင်မြင့်သည် ပင်လယ်ရေမျက်နှာပြင်အထက်ပျမ်းမျှ ၉၁ဝမီတာ(၃၀၀၀ ပေခန့်)မြင့်သည်။

အတွင်းပိုင်းသို့ ကျဉ်းမြောင်းရှည်လျားသွားပြီး အလယ်ပိုင်းချိုင့်ဝှမ်းဒေသသည် ဧရာဝတီစစ်တောင်းမြစ်ဝှမ်းတလျောက် ၃၂၀ ကီလိုမီတာခန့်(မိုင် ၂၀၀ ခန့်) ကျယ်ဝန်း သည်။ နိုင်ငံ၏စီးပွားရေးအတွက် အရေးပါပြီး မြေသြဇာအလွန်ကောင်းသော မြစ်ဝှမ်း လွင်ပြင်သည် ၄၆,၆၂၀ စတုရန်းကီလိုမီတာ (၁၈,ဝဝဝစတုရန်းမိုင်) ကျယ်ဝန်းသည်။ မြန်မာနိုင်ငံ၏အနောက်မြောက်ဘက်ရှိရခိုင်ကမ်းရိုးတန်းနှင့်တနင်္သာရီကမ်းရိုးတန်းများသည် တောင်ထူထပ်ပြီး ကျွန်းများနှင့်ကာရံထားသည်။ မြန်မာနိုင်ငံတွင်ကောင်းမွန်သော သဘာဝ ဆိပ်ကမ်းများလည်းရှိပါသည်။

ရာသီဥတု

မြန်မာနိုင်ငံသည် တစ်နှစ်ပတ်လုံး လည်ပတ်သွားလာနိုင်သည့် ခရီးစဉ်ဒေသနိုင်ငံ ဖြစ် ပါသည်။ အရှေ့မြောက်ဘက်နှင့်မြောက်ဘက်ရှိ တောင်ကုန်း ဒေသများသည် အေးမြ သော ရာသီဥတုရှိသည်။ မိုးရာသီတွင် အလယ်ပိုင်းဒေသများသည် မိုးရေရှိမှု နည်းပါးသည်။ မိုးရာသီသည် မေလလယ်မှ အောက်တိုဘာလလယ်အထိဖြစ်သည်။

လူဦးရေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လူဦးရေမှာ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ ၅၁သန်းကျော်ရှိပါသည်။ အဓိကတိုင်းရင်းသား လူမျိုးစုများမှာ ဗမာ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတို့ဖြစ်ကြသည်။ ၄င်းတိုင်းရင်းအားလုံးကို စုပေါင်း၍မြန်မာဟုခေါ်သည်။

ဘာသာရေး

မြန်မာတိုင်းရင်းသားလူမျိုးစု၏ ၈ဝရာခိုင်နှုန်းကျော်လောက်သည် ထေရဝါဒဗုဒ္ဓ ဘာသာဝင်များဖြစ်ပါသည်။ ခရစ်ယာန်ဘာသာ၊ မူဆလင်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်မှုများလည်းရှိပါသည်။

ဘာသာစကား

အဓိကအားဖြင့် မြန်မာဘာသာစကားနှင့် တိုင်းရင်းသားလူနည်းစုဘာသာစကားများ ဖြစ်သောချင်း၊ ကချင်၊ ကရင်၊ ရှမ်းနှင့် တိုင်းရင်းသားလူမျိုးစု ၁၃၅မျိုး၏ ဘာသာစကား နှင့် နိုင်ငံခြားမှ ရွှေ့ပြောင်းရောက်ရှိလာသော တရုတ်လူမျိုးများ ပြောဆိုကြသည့် ကန်တုံ၊ မန်ဒရင်းဘာသာစကားနှင့် အိန္ဒိယလူမျိုးများ ပြောဆို ကြသည့် ဟင်ဒူစတန်နီ၊ အူရဒူစသည့် ဘာသာစကားများကိုအသုံးပြုကြသည်။ မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်သို့ ကျရောက်ဖူးသဖြင့် အင်္ဂလိပ် ဘာသာစကားကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။

ယဉ်ကျေးမှု

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ယဉ်ကျေးမှုမြင့်မားသည့်နိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ကြားတွင် တည်ရှိသော်လည်း ယဉ်ကျေးမှုမှာ မတူညီဘဲ ကွဲပြားလျက်ရှိပါသည်။ သို့သော် မြန်မာတိုင်းရင်းသားတို့၏ အမူအကျင့််၊ လက္ခာဏာရပ်များ တွင် ရောနှောပါဝင်နေပါသည်။ မြန်မာလူမျိုုးတို့၏ နေ့စဉ် နေထိုင်မှုဘဝတွင် ဗုဒ္ဓဘာသာမှာ ကြီးမားသောလွှမ်းမိုးမှုရှိနေပါသည်။ မြန်မာလူမျိုုးများသည် ရိုးရာဓလေ့များဖြစ်သည့် မိသားစုခြင်းချစ်ခင်ရင်းနှီးမှု၊ လူကြီး မိဘ များအားရိုသေလေးစားမှု၊ ဗုဒ္ဓဘာသာအားလေးစား ယုံကြည်မှုနှင့် ရိုးရှင်းသောဒေသခံတို့၏ ဝတ်စားဆင်ယင်မှုတို့ကိုထိန်းသိမ်းလျှက်ရှိသည်။ မြန်မာလူမျိုးများသည် အခက်အခဲဒုက္ခများရင်ဆိုင်ရသည့်တိုင် တင်းတိမ်ရောင့်ရဲပြီး ကျေနပ် ပျော်ရွှင်နိုင််သောလူမျိုးများဖြစ်ကြသည်။ မြန်မာလူမျိုးများသည် ရိုးသားပျူငှာပြီး ပွင့် လင်း ဖော်ရွေမှုများကြောင့် ထင်ရှားကျော်ကြားသည်။ မြန်မာနိုင်ငံသို့လာရောက် လည်ပတ်သူ အများစုမှာ ဒေသခံများ၏နွေးထွေးမှုနှင့် ဖော်ရွေမှုတို့ကြောင့် နှစ် သက်ကျေနပ်ကြပါသည်။ မြန်မာနိုင်ငံသည် နိင်ငံတစ်ဝှမ်းရှိ တနှစ်ပါတ်လုံး ကျင်းပသောပွဲတော်များကြောင့်လည်း ထင်ရှားကျော်ကြားပါသည်။ (ဥပမာ-သင်္ကြန်ပွဲတော် ၊ နာဂနှစ်ကူးပွဲတော်(စစ်ကိုင်း)၊ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်(တောင်ကြီး၊ရှမ်း)၊ မနောပွဲတော်(ကချင်))။

သမိုင်းနောက်ခံ

မြန်မာနိုင်ငံတွင် ရှည်လျားသောသမိုင်းကြောင်းရှိပြီး ပြန်ကြည့်လျှင် အနော်ရထာ ဘုရင်မှ နိုင်ငံကိုစုစည်းပြီး ပုဂံံတွင်ပထမမြန်မာနိုင်ငံတော်ကို ထည်ထောင်ခဲ့ သည့် ၁၁ ရာစု အစောပိုင်းမှာ ၄င်း၏ကြီးကျယ်ခမ်းနားသော ကာလဖြစ်ပါသည်။ ပုဂံနိုင်ငံတော် အကျယ် အဝန်းမှာ ယနေ့ခေတ်မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ မီနန် တောင်ကြားတခုလုံးဖြစ်ပြီး ရာစုနှစ်၂ စု ကြာမြင့်ခဲ့ပါသည်။ ဒုတိယမြန်မာနိုင်ငံတော်ကို ၁၆ ရာစုတွင် ဘုရင့်နောင် မင်းတရားကြီးမှ ထူထောင်ခဲ့ပါသည်။ နောက် ဆုံး မြန်မာမင်းဆက်ကို အလောင်းမင်းတရားကြီးက ၁၇၅၂ခုနှစ် တွင် တည်ထောင်ခဲ့ပြီး အထွတ်အထိပ်အောင်မြင်နေသည့် အချိန်ဖြစ်သည့် ၁၈၂၅ ခုနှစ် တွင် ဗြိတိ သျှတို့မှ ပထမစစ်ပွဲဆင်နွှဲပြီးမြန်မာနိုင်ငံသို့ ကျူးကျော် ဝင်ရောက် လာပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း (၁၉၄၂) ခုနှစ်မှ မဟာမိတ်တပ် များ ပြန်လည်ဝင်ရောက်လာ သည့် (၁၉၄၅)ခုနှစ်အထိ မြန်မာနိုင်ငံအားဂျပန်မှ သိမ်းပိုက်ခဲ့ သည်။ (၁၉၄၈)ခုနှစ်၊ ဇန်နဝါရီလ တွင် မြန်မာနိုင်ငံသည်နှစ်ပေါင်း (၁၀၀)ကျော် ကိုလိုနီဘဝ မှ လွတ် မြောက်-အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါသည်။

ငွေကြေးသုံးစွဲမှု

ပြည်တွင်းသုံးငွေကြေးမှာ “ကျပ်” ဖြစ်ပြီးတစ်ကျပ်လျှင် ပြား ၁၀၀ ရှိပါသည်။ မြန်မာ ကျပ်ငွေများမှာ ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၀ ကျပ်၊ ၄၅ ကျပ်၊ ၅၀ ကျပ်၊ ၉၀ ကျပ် ၊ ၁၀၀ ကျပ်၊ ၂၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ ၅၀၀၀ ကျပ် နှင့် ၁၀၀၀၀ ကျပ် တို့ ဖြစ်ပါသည်။

အလုပ်လုပ်ချိန်များ

ဘဏ်ဖွင့်ချိန် ၀၉း ၃၀ – ၁၅း ၀၀ တနင်္လာ-သောကြာ
ရုံးဖွင့်ချိန် ၀၉း ၃၀ – ၁၆း ၃၀ တနင်္လာ-သောကြာ

အကောက်ခွန်

နိုင်ငံခြားငွေကြေး ( ဒေါ်လာ ၁၀၀၀၀ အထက်) ၊ လက်ဝတ်ရတနာများ၊ ကင်မရာများ နှင့် လျှပ်စစ်ပစ္စည်းများကိုလေဆိပ်တွင် အကောက်ခွန်ကြေညာလွှာ တင်သွင်း ရပါသည်။ အခွန်ကောက်ခံရန် ကြေညာထားသည်။ ရှေးဟောင်းပစ္စည်းများနှင့် ရှေးဟောင်းသုတေသန ဆိုင်ရာ တန်ဖိုးရှိသောပစ္စည်းများကိုအခြားနိုင်ငံများသို့ တင်ပို့ ခြင်းအားကန့်သတ်ထားသည်။

ကျန်းမာရေး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကျန်းမာရေးနှင့် သက်ဆိုင်သည့် ခရီးသွားလုပ်ငန်းကို အထောက်အကူပြုရန်အတွက် ပိုမိုကောင်းမွန်သော ကျန်းမာ ရေး စောင့်ရှောက်မှုအစီအစဉ်များ၊ နိုင်ငံတကာကျန်းမာရေးဆိုင်ရာနည်းဥပဒေများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတကာလေဆိပ်များ တွင် ကျန်းမာရေးဆိုင်ရာ စိစစ်ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပြီး ခရီးသွားဧည့်သည်များအား ကျန်းမာရေးနှင့် သက်ဆိုင်သောကြေညာချက်ပုံစံများတွင် ဖြည့်စွက်ကြရန် မေတ္တာရပ်ခံထားပါသည်။