+95-67- 406458 [email protected]
Select Page

Directory : Search Results

No result found:

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လာရောက်လည်ပတ်


နေပြည်တော်၊ ဒီဇင်ဘာလ (၁၃) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေလွယ်ကူစွာ သွားရောက်လည်ပတ်နိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှ လာရောက်သည့် ခရီးသွား ဧည့်သည်များအတွက်လည်း ဝင်/ထွက် သွားလာမှုလွယ်ကူစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Marvellous Memory Co.,Ltd စီစဉ် ဆောင်ရွက်မှုတို့ဖြင့် မလေးရှားနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် (၂၀) ဦးတို့သည် ကိုယ်ပိုင် မော်တော်ယာဉ် (၈) စီးဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့အထိ မြဝတီနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး မြဝတီ- ကျိုက်ထို- ရန်ကုန်- ငပလီ- မြောက်ဦး- အမ်းမြို့- ပုဂံ- မန္တလေး- အင်းလေး- နမ့်စန်- ကျိုင်းတုံ- တာချီလိတ်မြို့များသို့ သွားရောက်လည်ပတ်၍ ဒီဇင်ဘာလ (၉) ရက်နေ့တွင် တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီကာလဖြစ်ခြင်းနှင့် ခရီးသွားဧည့်သည် တိုးမြှင့်ဝင်ရောက်လာနိုင်ရေး ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ဝင်/ထွက်ပေါက်များမှတဆင့် ဝင်ရောက်လာ၍ မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများ သို့ လာရောက်လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မော်လမြိုင်မြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဆင်းပွဲ (၂/၂၀၁၈) အခမ်းအနား ကျင်းပ


နေပြည်တော် ၊ ဒီဇင်ဘာ (၁၂) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ကြီးကြပ်မှု ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန နှင့် မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် (၁၁-၁၂-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဆင်းပွဲအခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ “Golden River Hotel” ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်စီမံကိန်း ၊ ဘဏ္ဍာရေး၊လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးဝဏ္ဏကျော်နှင့်ဖိတ်ကြားထားသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မော်လမြိုင်ရုံးခွဲမှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင် အသင်းမှတာဝန်ရှိသူများ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ ကမ္ဘာလှည့် ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့များ ၊ သင်တန်းသား/သူများနှင့် နည်းပြဆရာ/ဆရာမများ စုစုပေါင်း (၁၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် မွန်ပြည်နယ်၊ စီမံကိန်း ၊ ဘဏ္ဍာရေး ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ဝန်ကြီးဦးဝဏ္ဏကျော်မှ သင်တန်းဆင်းအမှာစကားပြောကြားပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မော်လမြိုင်ရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွဋ်ခိုင် ၊ မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်အသင်းဥက္ကဌ ဦးချန်ထွန်း၊ သင်တန်းနည်းပြဆရာ ဦးအောင်မျိုးဦးတို့မှ သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုးဖြစ်သောဧည့်ကြိုဘာသာရပ်မှ(၃၈)ဦး၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေးဘာသာရပ်မှ (၃၄) ဦး ၊ အစားအစာနှင့်အဖျော်ယမကာဧည့်ခံကျွေးမွေးရေး ဘာသာရပ်မှ (၂၈)ဦး စုစုပေါင်း(၁၀၀)ဦးတို့အား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ကလောမြို့တွင် တတိယအကြိမ်မြောက် Kalaw Trail Run 2018 အပျော်တမ်းမာရသွန် ပြိုင်ပွဲ ကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာလ (၁၁) ရက်
ကလောမြို့နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုနိုင်ရန်အတွက် (၉.၁၂.၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် တတိယအကြိမ်မြောက် Kalaw Trail Run 2018 အား ကလော မြို့၊ Kalaw Heritage Hotel ၌ ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲတွင် (21.1) km တာဝေးလမ်းကြောင်းနှင့် (12) km တာတိုလမ်းကြောင်း (၂)မျိုးရှိပြီး တာဝေးပြိုင်ပွဲတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် (၇၁) ဦးနှင့် မြန်မာနိုင်ငံသား (၄၆)ဦး ၊ တာတိုပြိုင်ပွဲတွင် နိုင်ငံခြားသားခရီးသွားဧည့်သည်(၁၂၇)ဦး ၊ မြန်မာနိုင်ငံသား (၁၀၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး စုစုပေါင်း ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည် (၃၅၁) ဦးတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် (၁၉၈) ဦးနှင့် မြန်မာနိုင်ငံသား (၁၅၃) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။

တတိယအကြိမ်မြောက် Kalaw Trail Run 2018 ဖွင့်ပွဲအခမ်းအနားတွင် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်မှ အမှာစကား ပြောကြားပေးခဲ့ပါသည်။ တာဝေး ပြိုင်ပွဲအား မနက် (၇:၀၀) နာရီအချိန်တွင် လည်းကောင်း၊ တာတိုပြိုင်ပွဲအား မနက် (၇:၁၅) နာရီအချိန်တွင် လည်းကောင်း ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်နှင့် ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်တို့မှ အသီးသီး သေနတ်ပစ် ဖောက် တာလွှတ်ပေးခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆုများအတွက် နိုင်ငံခြားသားအမျိုးသား၊ အမျိုးသမီး နှင့် ပြည်တွင်း အမျိုးသား၊ အမျိုးသမီး တာဝေး၊ တာတိုလမ်းကြောင်းများ အားလုံးအတွက် ဆုအမျိုးအစား (၂၄) ဆုအား ချီးမြှင့်ပေးခဲ့ကြောင်း သိရပါသည်။

တာဝေးလမ်းကြောင်းမှာ Kalaw Heritage Hotel မှ Church ကျောင်း- ဆေးဝင်္ကဘာ ဘုန်းကြီးကျောင်း – လွှတ်ပြင်ရွာ- ရွှေတောကျင်း- တောင်ကြီးရှည်ရွာ – မြင်းမထိရွာ- မှိုင်းလုံး တောင်ခြေမှ ဘူတာလမ်းအတိုင်းနာရီစင်မှ Kalaw Heritage Hotel လမ်းကြောင်းနှင့် တာတိုလမ်းကြောင်းမှာ Kalaw Heritage Hotel မှဆေးဝင်္ကဘာဘုန်းကြီးကျောင်း အနောက်ဘက်-ရေအေးကန် – နှီးဘုရား – ရွှေဥမင် လမ်းအတိုင်း ဟိုတယ်သို့လည်းကောင်း သတ်မှတ်ထားပြီး ပြေးလမ်းတစ်လျှောက်တွင် ပြိုင်ပွဲဝင်များ၏ လုံခြုံရေးနှင့် ကျန်းမာရေးအတွက် ကလောမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ Myanmar Emergecy Medical Service (M.E.M.S)၊ Tourist Police၊ MHA ၊ MTGA ၊ Ride Behind Kalawတို့မှ တာဝန်ရှိသူများက လိုက်ပါ စောင့်ကြပ်ကြည့်ရှုခဲ့ကြောင်း သိရပါသည်။

အပျော်တမ်းမာရသွန်ပြိုင်ပွဲကို ၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလတွင် ပထမအကြိမ်အဖြစ် ပြိုင်ပွဲဝင် ပြည်တွင်း/ပြည်ပ အပြေးသမား (၇၀) ဦးနှင့် ၂၀၁၇-ခုနှစ်၊ ဒီဇင်ဘာလတွင် ဒုတိယအကြိမ်အဖြစ် ပြိုင်ပွဲဝင် (၃၀၀) ဦးတို့ ပါဝင်ဆင်နွှဲခဲ့ကြောင်း သတင်းရရှိပါသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ပြည်တွင်း အပျော်စီးသင်္ဘောဖြင့် လည်ပတ်လျှက်ရှိ


နေပြည်တော်၊ ဒီဇင်ဘာလ (၁၁) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍစနစ်တကျဖွံ့ဖြိုး တိုးတက် စေရန်နှင့် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ အဆင်ပြေလွယ်ကူချောမွေ့စွာ သွားလာလည်ပတ်နိုင်ရန် ရည်ရွယ်၍ ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ခြင်း၊ ဗီဇာဖြေလျှော့ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှတဆင့် ကိုယ်ပိုင်မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီးများဖြင့် လာရောက် လည်ပတ်လျက်ရှိပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Upland Travels & Tours Co.,Ltd စီစဉ် ဆောင်ရွက်မှုတို့ဖြင့် ဆွစ်ဇာလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် (၁၂) ဦးတို့သည် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝင်ရောက်လာပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့မှ ဒီဇင်ဘာလ (၂၁) ရက်နေ့အထိ RV Thuragu Exotic အပျော်စီးရေယာဉ်ဖြင့် အထက်ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မန္တလေး- အမရပူရ- နွယ်ငြိမ်းအိုးလုပ်ငန်း- ကြာညှပ်ရွာ- တတိယမြစ်ကျဉ်း- တကောင်း- ထီးချိုင့်ရွာ- ကသာ- ကျွန်းတော်- ရွှေဂူ- စင်ခန်းရွာ- ဗန်းမော်မြို့- ဒုတိယမြစ်ကျဉ်း- ကျောက်ပုံရွာ- မင်းကွန်းဘုရား- စစ်ကိုင်း- ရွှေပြည်သာရွာ- ပုဂံ- ရန်ကုန်ခရီးစဉ်များသို့ သွားရောက်လည်ပတ်၍ ဒီဇင် ဘာလ (၂၁) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့ ပြန်လည်ထွက်ခွာကြမည်ဖြစ် ပါသည်။

ထို့အတူ ၎င်းကုမ္ပဏီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆွစ်ဇာလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် (၁၁) ဦး တို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဝင်ရောက်လာပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့မှ ဒီဇင်ဘာလ (၅) ရက်နေ့အထိ RV Thuragu Exotic အပျော်စီးရေယာဉ်ဖြင့် အထက် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ ရန်ကုန်- ပုဂံ- ရွှေပြည်သာရွာ- စစ်ကိုင်း- အမရပူရ- မန္တလေး- နွယ်ငြိမ်း- ကြာညှပ်ရွာ- တကောင်းမြို့- ကသာ- ကျွန်းတော်- စင်ခန်းရွာ- ဗန်းမော်- ရွှေဂူ- ကျောက်ပုံရွာ- မင်းကွန်း- မန္တလေးခရီးစဉ်များသို့ သွားရောက် လည်ပတ်၍ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ခရီးသွားရာသီကာလ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံရှိ သာယာလှပသည့် တောတောင်ရေမြေ သဘာဝရှုခင်းများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများကို ကြည့်ရှု့လေ့လာခံစားနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ထင်ရှားသော ဒေသများသို့ လာရောက်လည်ပတ်လျက်ရှိပါသည်။ သို့သော် ခရီးစဉ်တစ်လျှောက် သွားလာလည်ပတ်ရာ တွင် ကြာညှပ်ကျေးရွာ၊ ရွှေပြည်သာကျေးရွာ စသည့်ရွာများသည် လွန်ခဲ့သည့် (၄)နှစ်က သဘာဝရှုခင်းများ ကျေးရွာ၏ ဓလေ့စရိုက်များဖြင့် သာယာလှပခဲ့သော်လည်း ယခုအချိန်တွင် ပလတ်စတစ်အမှိုက်များ၊ ကျောက်မီးသွေးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကျေးရွာ၏ သဘာဝအလှအပများကို ထိခိုက် အကျည်းတန် ရုပ်ဆိုးလျှက်ရှိနေပါကြောင်း ခရီးစဉ် စီစဉ်ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီမှ အကြံပြုတင်ပြထား ပါကြောင်း သတင်းရရှိပါသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင် ရန်ကုန်တိုင်းဒေသ ကြီးခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးသို့တက်ရောက်


ရန်ကုန် ၊ ဒီဇင်ဘာလ (၁၀) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင် သည် ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့ ၊ Pullman Yangon Centrepoint Hotel ၌ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ပါသည်။

အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ရန်ကုန်မြို့သည် သည်မြန်မာနိုင်ငံ၏ စီးပွား​ရေးမြို့တော်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများ အများဆုံးဆင်းသက်လျှက်ရှိ သည့်မြို့တော်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏အဓိကဝင်ထွက် ပေါက်ဖြစ်သည်နှင့်အညီ နိုင်ငံတကာခရီးသွားဧည်သည့်များ အများဆုံးဝင်ရောက်သည့် မြို့တော် ဖြစ်ပါကြောင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ဝင်စား အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်ကိုတွေ့ရှိရသဖြင့် ဝမ်းမြောက်ပါ ကြောင်း ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးကို လျှင်လျှင်မြန်မြန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်လည်း မြန်မာနိုင်ငံခရီး သွားလုပ်ငန်းဥပဒေတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဖွဲ့စည်းဆောင်ရွက်နိုင်ရန် ထည့်သွင်းပြဌာန်းထားပြီးဖြစ်ပါကြောင်း ၊ ပြည်ထောင်စုဝန်ကြီးဌာနမှလည်း လိုအပ်သည့်ကူညီပံ့ ပိုးမှုများနှင့် ဥပဒေ ၊ နည်းပဒေ ၊ မူဝါဒများချမှတ်ပေးသွားမည်ဖြစ်ပါကြောင်း၊မြန်မာ-ဂျပန်ချစ်ကြည်ရေးအတွက်ဆောင်ရွက်မည့် ချယ်ရီပန်းပင်စိုက်ပျိုးပွဲတော်ကို ရန်ကုန်မြို့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးပါရန် စသည်ဖြင့်ပြောကြားခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အ တွက်ဆောင်ရွက်နေသည့် Sunday Market ၊ လာဘ်ကောင်အရုပ်(Mascot)၊ Tourism Brand Name ၊ လက်ခုပ်ကုန်းကမ်းခြေဒေသဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို အကျယ်တဝင့်ရှင်းလင်းတင်ပြပါသည်။

ယင်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေးအသင်းတာဝန်ရှိသူတစ်ဦးမှ ရန်ကုန်မြို့တွင် ကျင်းပသွားမည့် Yangon Step 2019 ပွဲတော်ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုတို့အားတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှလိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပါသည်။

အစည်းအဝေးပြီးနောက်ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးတို့သည် မြန်မာ-ဂျပန် ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ်စိုက်ပျိုးမည့် ချယ်ရီပင်များ စိုက်ပျိုးမည့်နေရာနှင့် အခမ်းအနားကျင်းပမည့် နေရာတို့အား တာဝန်ရှိသူများနှင့်အတူလိုက်လံကြည့်ရှုခဲ့ကြောင်းသတင်းရရှိပါသည်။