+95-67- 406458 [email protected]
Select Page

နိဒါန်း

လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲအနေဖြင့် ၀န်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ၊ ဆက်စပ်အသင်းအဖွဲ့များနှင့် ဒေသခံလူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းပါ၀င်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် သင်တန်းများကို စနစ်တကျဖြင့် စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျှက်ရှိပါသည်။

 

လေ့ကျင့်ရေးကဏ္ဍ

ဧည့်လမ်းညွှန်(အခြေခံ)သင်တန်း

ကမ္ဘာလှည့်ခရီးသည်များအား မြန်မာနိုင်ငံ၏အကြောင်းအရာများအား ကျွမ်းကျင်မှန်ကန်စွာ ရှင်းလင်းပြသပြောဆိုနိုင်ရေးအတွက် ၀န်ကြီးဌာန၏ ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းကျောင်း (ရန်ကုန်) တွင် ဧည့်လမ်းညွှန် (အခြေခံ) သင်တန်းကို ၁၉၉၂ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ (၃၁.၃.၂၀၁၇) ရက်နေ့အထိ (၅၃) ကြိမ်၊ သင်တန်းသား (၉၁၇၈) ဦးကို မွေးထုတ်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် အကြောင်းကြောင့် လိုင်စင်ပျက်ပြယ်သွားသည့် ဧည့်လမ်းညွှန်များအတွက် ဧည့်လမ်းညွှန် များ(အထူးသီးသန့်မွမ်းမံ) သင်တန်းများကို ၂၀၁၆ ခုနှစ်မှ စတင်၍ ဖွင့်လှစ်ခဲ့ရာ (၃၁.၃.၂၀၁၇) ရက်နေ့ထိ (၇) ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ သင်တန်းသား (၅၁၄) ဦးအားပို့ချပေးခဲ့ပြီးဖြစ်ပါသည်။

 

ဒေသဆိုင်ရာဧည့်လမ်းညွှန်သင်တန်း

မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသအသီးသီးသို့ လာရောက်လည်ပတ်ကြမည့် ကမ္ဘာလှည့်ခရီးသွားများအား ဒေသအလိုက်ပြည့်စုံကောင်းမွန်သော ဧည့်လမ်းညွှန်၀န်ဆောင်မှုပေးနိုင်စေရန်နှင့် ဒေသခံလူငယ်လူရွယ်များ အား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်စေရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ်မှစတင်၍ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းများကို စတင်ဖွင့်လှစ်ခဲ့ရာ (၃၁.၃.၂၀၁၇) ရက်နေ့အထိ (၃၂) ကြိမ်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းသား (၃၄၈၂) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

 

ဟိုတယ်ဆိုင်ရာ၀န်ဆောင်မှု (၁) လသင်တန်း

ဟိုတယ်နှင့်တည်းခိုရိပ်သာများသို့ လာရောက်တည်းခိုနေထိုင်ကြမည့် နိုင်ငံခြားသားဧည့်သည်များအား ပြည့်စုံကောင်းမွန်သော၀န်ဆောင်မှုပေးနိုင်စေရန်နှင့် ဒေသခံလူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးပေးနိုင်စေရန်ရည်ရွယ်၍ ၀န်ကြီးဌာန၏ကြီးကြပ်မှုဖြင့် ဒေသအသီးသီးတွင် ဟိုတယ်ဆိုင်ရာ၀န်ဆောင်မှု (၁)လသင်တန်းများကို ၂၀၁၁ ခုနှစ်မှစတင်၍ (၃၁.၃.၂၀၁၇)ထိ (၆၁) ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား (၈၂၀၃) ဦးကို ဘာသာရပ်အလိုက် အောက်ပါအတိုင်း ပို့ချပေးနိုင်ခဲ့ပါသည်-

(က)     ဧည့်ကြိုသင်တန်း                                                           (၂၅၀၀) ဦး

( ခ )     အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း                             (၂၄၂၅) ဦး

( ဂ )     အစားအစာနှင့်အဖျော်ယမကာ၀န်ဆောင်မှုသင်တန်း            (၂၀၄၄) ဦး

(ဃ)     အစားအစာနှင့်အဖျော်မကာထုတ်လုပ်မှုသင်တန်း                (၁၂၃၄) ဦး

ထို့ပြင် ဟိုတယ်လုပ်ငန်းကဏ္ဍအတွင်း သင်တန်းမတက်ရောက်ရသေးသော လုပ်ငန်းခွင်၀င်ပြီး ဟိုတယ်၀န်ထမ်းများအတွက် လုပ်ငန်းခွင်မပျက် On Job Training (OJT) သင်တန်းများကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ နယ်မြေဒေသအသီးသီးတွင် ဖွင့်လှစ်ပို့ချလျှက်ရှိရာ စတုတ္ထအကြိမ်အထိ စုစုပေါင်း သင်တန်းသား (၄၃၁၁) ဦးအား သင်တန်းပို့ချပေးခဲ့ပြီးဖြစ်ပါသည်။

 

အခြား၀န်ဆောင်မှုဆိုင်ရာသင်တန်းများ

ဟိုတယ်လုပ်ငန်းကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီပေးနိုင်စေရန် ရည်ရွယ်၍ ၀န်ကြီးဌာန၏ကြီးကြပ်မှု၊ မိတ်ဖက်အဖွဲ့အစည်း(၁)ခု ဖြစ်သော လူဇင်ဘတ်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (LuxDev) ၏ နည်းပညာပိုင်း ဆိုင်ရာပံ့ပိုးကူညီမှုဖြင့် ဗိုလ်ဆွန်ပက်ဟိုတယ်သင်တန်းကျောင်း (ရန်ကုန်)တွင် ဟိုတယ်ဆိုင်ရာ ၀န်ဆောင်မှုသင်တန်းများကို စာတွေ့၊ လက်တွေ့ကဏ္ဍအလိုက် ပို့ချပေးလျှက်ရှိရာ (၃၁.၃.၂၀၁၇) ရက်နေ့အထိ (၈) ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၅၆၉) ဦးမွေးထုတ်ပေးနိုင်ခဲ့ပါသည်.

ထို့ပြင် ပညာရေး၀န်ကြီးဌာနနှင့်ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ သက်မွေးပညာ သင်တန်းကျောင်း၌ ဒေသခံများအတွက် ဟိုတယ်ဆိုင်ရာ၀န်ဆောင်မှုသင်တန်းများကို (၃၁.၃.၂၀၁၇) ရက်နေ့ အထိ သင်တန်းသား (၂၁၂) ဦးဖြင့် (၄) ကြိမ်ပို့ချပေးခဲ့ပြီးဖြစ်ပါသည်။

အခြားလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုသင်တန်းများအဖြစ် ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံလူငယ်လူရွယ်များ၏ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေး ပိုမိုတိုးတက်ကောင်းမွန် စေရန် မြောက်ဦးမြို့နှင့်ကျောက်တော်မြို့နယ် (သရက်တပင်ကျေးရွာ)များတွင် အင်္ဂလိပ်စာနှင့်ကွန်ပျူတာ (အခြေခံ)သင်တန်းများကို ဒေသခံလူငယ် (၁၃၅)ဦးတို့အား ပို့ချပေးနိုင်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဟိုတယ်ဆိုင်ရာ ထိုင်းဘာသာစကားပြော ကျွမ်းကျင်သင်တန်းများကို သင်တန်းသား (၅၀) ဦးဖြင့် ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။

 

 

ပညာရေးကဏ္ဍ

ပညာရေး၀န်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအနာဂတ်ခရီးသွားလုပ်ငန်းကဏ္ဍတွင် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (ရန်ကုန်) နှင့် မန္တလာဒီဂရီကောလိပ် (မန္တလေး) တို့တွင် ဝိဇ္ဇာဘွဲ့ (ခရီးသွားလုပ်ငန်း) ဘာသာရပ်ကို (၂၀၁၂-၂၀၁၃) ပညာသင်နှစ်မှစတင်ဖွင့်လှစ်ခဲ့ပါသည်။

ကျောင်းသား/သူများအား စာတွေ့နှင့်လက်တွေ့ပေါင်းစပ်ရေးအတွက် ပြည်တွင်းတွင်လုပ်ငန်း ခွင်သင်တန်းများ ဖြည့်ဆည်းပေးသည့်အပြင် အခါအားလျော်စွာ ပြည်ပသင်တန်းများပါစေလွှတ် လျက်ရှိရာ သင်တန်း (၁၈) ကြိမ်သို့ ကျောင်းသား/သူ ( ၆၈) ဦး စေလွှတ် ခဲ့ပြီးဖြစ်ပါသည်။