+95-67- 406458 [email protected]
Select Page

အာဆီယံ

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ၁၉၆၇ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကနဦးအဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံများက အာဆီယံကြေငြာစာတမ်း (ဘန်ကောက်ကြေငြာ စာတမ်း) ကို လက်မှတ်ရေးထိုးပြီး စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

ဘရူနိုင်းဒါရုစလမ်နိုင်ငံသည် (၇.၁.၁၉၈၄) ရက်နေ့တွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံသည် (၂၈.၇.၁၉၉၅) ရက်နေ့တွင်လည်းကောင်း၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် (၂၃.၇.၁၉၉၇) ရက်နေ့တွင်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည်(၃၀.၄.၁၉၉၉)ရက်နေ့တွင်လည်းကောင်း တင်းပြည့်အဖွဲ့ဝင်နိုင်ငံ အဖြစ်ဝင်ရောက်ခဲ့ကြပြီး ယခုအချိန်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် အဖွဲ့ဝင်နိုင်ငံစုစုပေါင်း (၁၀) နိုင်ငံဖြင့် ရပ်တည်လျှက်ရှိပါသည်။

ရည်မှန်းချက်နှင့်ရည်ရွယ်ချက်များ

အာဆီယံကြေငြာစာတမ်းပါ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ ရည်မှန်းချက် နှင့် ရည်ရွယ်ချက်များမှာ-

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သာယာဝပြောပြီး၊ တည်ငြိမ်အေးချမ်းစေရန် စိတ်ရည်သန်၍ သာတူညီမျှ ပူး​ပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုအဆင့်မြင့်မားရေးနှင့် ယဉ်ကျေးမှုများတိုးတက်ဖွံ့ဖြိုးရေး တို့ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်၊
အဖွဲ့ဝင်နိုင်ငံများအကြား တရားမျှတမှု၊ ဥပဒေစိုးမိုးမှုနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးက သတ်မှတ်ပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းလိုက်နာမှုများမှ တစ်ဆင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို မြှင့်တင်သွားရန်၊
စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ၊ သိပ္ပံပညာရပ်များနှင့် အုပ်ချုပ်မှု စသောနယ်ပယ်များတွင် တက်ကြွသောပူးပေါင်းဆောင်ရွက်မှုများနှင့် အပြန်အလှန် အထောက်အကူပြုမှုများကို တိုးမြှင့်သွားရန်၊
ပညာရေး၊ သက်မွေးပညာရပ်များ၊ နည်းပညာနှင့် အုပ်ချုပ်မှုနယ်ပယ်များတွင် သင်တန်းများဖွင့်လှစ်ခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အပြန် အလှန်ကူညီထောက်ပံ့သွားရန်၊
ဒေသနေပြည်သူများ၏ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍအသုံးချမှု ပိုမိုတွင်ကျယ်စေရေး၊ နိုင်ငံတကာကုန်သွယ်မှု အခက်အခဲများကို ရင်ဆိုင်ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှု တိုးချဲ့စေရေး၊ ပို့ဆောင်ဆက်သွယ်ရေးအထောက်အပံ့များ တိုးမြှင့်ခြင်းနှင့် ဒေသနေ ပြည်သူများ၏ လူမှုအဆင့်အတန်းမြှင့်မားစေရေး ကိစ္စရပ်များအတွက် ပူးပေါင်း ဆောင်ရွက်များကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်၊
အ​ရှေ့တောင်အာရှရေးရာလေ့လာမှုများကို မြှင့်တင်သွားရန်၊
နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများအကြား ဖြစ်တည်ပြီးသော တူညီသည့် ရည်မှန်းချက်၊ ရည်ရွယ်များကို နီးကပ်စွာဖြင့် ပူးပေါင်းဆောင်ရွက် ထိန်းသိမ်းသွားရန် နှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများအတွက် နယ်ပယ်များ ရှာဖွေဖော်ထုတ် သွားရန်၊

အာဆီယံအသိုက်အဝန်း

အာဆီယံခေါင်းဆောင်ကြီးများသည် အာဆီယံတည်ထောင်ခြင်း နှစ် (၃၀) ပြည့် အခါသမယ တွင် အာဆီယံအား တည်ငြိမ်သော၊ အောင်မြင်ကြွယ်ဝသော၊ ယှဉ်ပြိုင်မှုစွမ်းအားမြင့်မား သော၊ အချိုးညီညီစီးပွားရေးဖွံ့ဖြိုးတိုးတက်သော၊ ဆင်းရဲနွမ်းပါးမှုနှင့် လူမှုစီးပွားရေးကွာဟ မှုနည်းပါးသော ​ဒေသကြီးဖြစ်ပေါ်လာစေရေးအတွက် အာဆီယံမျှော်မှန်းချက် (၂၀၂၀) (ASEAN Vision 2020)ကို ကြေငြာခဲ့ကြပြီး၊ ၂၀၀၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၉) ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက အာဆီယံ အသိုက်အဝန်း (ASEAN Community) တစ်ခုထူထောင်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တွင် ခေါင်းဆောင်များက ၂၀၁၅ ခုနှစ်နောက်ဆုံးထား၍ အာဆီယံအသိုက်အဝန်းကို ထူထောင် ရန် ထပ်မံကတိကဝတ်ပြုခဲ့ကြပြီး၊ စီဘူးကြေငြာချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အာဆီယံအသိုက်အဝန်းကို အာဆီယံနိုင်ငံရေးရာလုံခြုံမှုအသိုက်အဝန်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့် အာဆီယံယဉ်ကျေးမှုအသိုက်အဝန်း ဟူသောကဏ္ဍကြီး (၃) ရပ်ဖြင့် သတ်မှတ်ဖွဲ့စည်းထားပါသည်။