+95-67- 406458 [email protected]
Select Page

 ဘင်းမ်စတက်

 

ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုအစီအစဉ် (ဘင်းမ်စတက်) သည် ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်း တလျှောက်နှင့် မျက်နှာချင်းဆိုင်ရှိ နိုင်ငံပေါင်း (၇)နိုင်ငံပါဝင်၍ ၁၉၉၇ခုနှစ်၊ ဇွန်လ(၆) ရက်နေ့ တွင်ထုတ်ပြန်ခဲ့သော ဘန်ကောက်ကြေငြာစာတမ်းအရ ဒေသတွင်းအဖွဲ့အစည်းတစ်ခုအဖြစ် တရားဝင်ရပ်တည်ခဲ့ပါသည်။ ဘင်းမ်စတက်တွင် တောင်အာရှမှ (၅) နိုင်ငံ (ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာ) နှင့် အရှေ့တောင်အာရှမှ (၂) နိုင်ငံ (မြန်မာ နှင့် ထိုင်း) တို့ပါဝင်ပါသည်။

ပထမအစတွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ပါဝင်သည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIST-EC) ကို စတင်ဖွဲ့စည်းခဲ့ပြီး (၂၂.၁၂.၁၉၉၇) ရက်နေ့တွင် မြန်မာနိုင်ငံမှအဖွဲ့ဝင်လာသည့်အတွက် အဖွဲ့အမည်ကို (BIMST-EC) ဟုပြောင်းလဲသတ်မှတ် ခဲ့ပါသည်။ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နီပေါနှင့် ဘူတန်နိုင်ငံတို့ ပေါင်းစည်းပါဝင်လာ သည့်အခါတွင် (BIMSTEC) ဟုထပ်မံပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

 

​​ရည်ရွယ်ချက်

ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုအစီအစဉ် (ဘင်းမ်စတက်) ၏ ရည်ရွယ်ချက်မှာ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရာတွင် ကမ္ဘာနှင့်အဝှန်းရင်ဆိုင်ကြုံတွေ့ နေရသောစိန်ခေါ်မှုများကို လျော့နဲပပျောက်စေခြင်းဖြင့်လည်းကောင်း ​ဒေသတွင်းအရင်း အမြစ်နှင့် ပထဝီအနေအထားအရအားသာချက်များကို အသုံးပြုခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ရန်ရည်ရွယ်ပါသည်။ ဘင်းမ်စတက်အ​ဖွဲ့သည် အခြား​​ဒေသတွင်းအဖွဲ့များနှင့် မတူဘဲ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်သည့် ဦးဆောင်အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ၁၉၉၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကုန်သွယ်ရေး၊ နည်းပညာ၊ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ငါးလုပ်ငန်း စသည့်ကဏ္ဍ (၆) ခုဖြင့် ပူးပေါင်း ဆောင်ရွက်မှုများကို စတင်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ်တွင် စိုက်ပျိုးရေး၊ လူထုကျန်းမာရေး၊ ဆင်းရဲ မွဲတေမှုပပျောက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ပတ်ဝန်းကျင်နှင့်သဘာဝဘေးအန္တရယ် စီမံခန့်ခွဲရေး၊ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေး၊ လူထုနှင့်ထိတွေ့ဆက်ဆံမှုနှင့် ရာသီဥတု ပြောင်းလဲခြင်း စသည့်ကဏ္ဍရပ်များကို ထပ်မံတိုးချဲ့ ခဲ့ပါသည်။