+95-67- 406458 [email protected]
Select Page

မဟာမဲခေါင်ဒေသခွဲ

 

မဟာမဲခေါင်ဒေသခွဲ(၆)နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်တို့အကြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (ဂျီအမ်အက်စ်)ကို ၁၉၉၂ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ မဟာမဲခေါင်ဒေသခွဲ (Greater Mekong Subregion) သည် ဒေသတွင်းခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ်ဖြစ်သော မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်းမဟာဗျူဟာ (GMS Tourism Sector Strategy)ကို ဒုတိယအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့ပါသည်။

အဆိုပါ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း မဟာဗျူဟာကို ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလ တွင်ခရီးသွားလုပ်ငန်း ဝန်ကြီးများမှ ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပြီး မဟာ​ဗျူဟာအစီအစဉ် (၇)ရပ်မှ (၃)ရပ်အား အဓိကထားဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ ၎င်းအစီအစဉ်(၃)ရပ်မှာ-

(၁)     ခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေး

(၂)      လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး

(၃)          နွမ်းပါးမှုပပျောက်ရေးနှင့်လူ့အဖွဲ့အစည်းအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတက်ရေး

မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းမဟာဗျူဟာသစ်(၂၀၁၆-၂၀၂၅) ကိုထပ်မံရေးဆွဲ ခဲ့ပြီး အောက်ဖော်ပြပါမဟာဗျူဟာ(၅)ရပ်အား ထည့်သွင်းရေးဆွဲထားပါသည်။

(၁)     လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍ

(၂)      ခရီးသွားလုပ်ငန်းအခြေခံအဆောက်အဦးမြှင့်တင်ရေးကဏ္ဍ

(၃)     ခရီးသည်ဝန်ဆောင်မှုနှင့်အတွေ့အကြုံဖွံ့ဖြိုးတိုးတက်​ရေး

(၄)     စျေးကွက်ရှာဖွေရေးနှင့်မြှင့်တင်ရေး အစီအစဉ်ထူထောင်နိုင်ရန်

(၅)     ဒေသတွင်းခရီးသွားလာမှုလွယ်ကူအဆင်ပြေစေရေး

၂၀၁၈ခုနှစ်၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပမည့် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း ဝန်ကြီးများအဆင့် အစည်းအဝေး၌ ၎င်းမဟာဗျူဟာသစ်ကို အတည်ပြုကြေငြာမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အဆိုပါအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မှုတွင် အာရှဖွံ့ဖြိုးရေးဘဏ် မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးနှင့် အခြားမဟာမဲခေါင်ဒေသခွဲ နိုင်ငံများ၏ အာဏာပိုင်အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ မဟာမဲခေါင်ဒေသခွဲအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးပွဲများကို တစ်နှစ်လျှင်(၂) ကြိမ်နှင့် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်ကို တစ်နှစ်လျှင်တစ်ကြိမ် အဖွဲ့ဝင်နိုင်ငံ များ၌ အလှည့်ကျကျင်းပလျက်ရှိပါသည်။