+95-67- 406458 [email protected]
Select Page

နေပြည်တော်၊ ဇန်န၀ါရီလ(၉)ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ ချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည် များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ် များဖြင့်လည်းကောင်း၊ ပြည်တွင်းအပျော်စီးသင်္ဘော များဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ကြီးကြပ်မှု၊  D & T Myanmar Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆွစ်ဇာလန်နိုင်ငံသားဧည့်သည် (၇) ဦးသည်  ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ  (၃) ရက်နေ့အထိ Ayeyarwaddy Lotus အပျော်စီးရေယာဉ် ဖြင့် မန္တလေး-ဗန်းမော်-ရွှေကူ-မိုးဒါး-ကသာ-တကောင်း-ကျောက်မြောင်း-စိန်ပန်းကုန်း-မင်းကွန်း-မန္တလေး ခရီးစဉ်များသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် အဆိုပါဧည့်သည်များသည် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် ပြည်ပသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြပါသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများနှင့် ဒုတိယ မြစ်ကျဉ်းသဘာဝအလှအပရှုခင်းများ၊ ရေလုပ်သားတို့၏ လူနေမှု ဓလေ့စရိုက်နေထိုင်မှုပုံစံများ၊ ဆင်စခန်း၊ ရိုးရာအိုးလုပ်ငန်းနှင့် ညနေနေ၀င်ဆည်းဆာအလှအပများအား ခံစားသိရှိလို၍ ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း စသည့်ခရီးစဉ်များကို ပိုမိုတိုးတက်လည်ပတ်လျှက် ရှိကြောင်း သတင်းရရှိပါသည်။