+95-67- 406458 [email protected]
Select Page

နေပြည်တော်၊ ဇန်န၀ါရီလ(၉)ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ ချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုး များ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်း အပျော်စီးသင်္ဘော များဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ကြီးကြပ်မှု၊  Interconnection Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဂျာမဏီနိုင်ငံသားဧည့်သည် (၃၀) ဦးသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ (၅) ရက်နေ့အထိ ပေါက္ကံ-၂၀၁၂ အပျော်စီး ရေယာဉ်ဖြင့် ရန်ကုန်- ပြည်-သရက်-မင်းလှ-မကွေး-စလေ-ပုဂံ-အင်းဝ-အမရပူရ-စစ်ကိုင်း-မန္တလေး-ကျောက်မြောင်း-တကောင်း-ကသာ-ကျွန်းတော-မင်းကွန်း-မန္တလေး ခရီးစဉ်များသို့ သွားရောက် လည်ပတ်ခဲ့ပြီးနောက် အဆိုပါဧည့်သည်များသည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ပြည်ပ သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြပါသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများနှင့် ဒုတိယ မြစ်ကျဉ်းသဘာဝအလှအပရှုခင်းများ၊ ရေလုပ်သား တို့၏ လူနေမှု ဓလေ့စရိုက်နေထိုင်မှုပုံစံများ၊ ဆင်စခန်း၊ ရိုးရာအိုးလုပ်ငန်းနှင့် ညနေနေ၀င်ဆည်းဆာ အလှအပများအား ခံစားသိရှိလို၍ ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း စသည့်ခရီးစဉ်များကို ပိုမို တိုးတက်လည်ပတ်လျှက် ရှိကြောင်း သတင်းရရှိပါသည်။