+95-67- 406458 [email protected]
Select Page

နေပြည်တော်၊ ဇန်န၀ါရီ (၁၁)ရက်

စစ်ကိုင်းတိုင်းဒေသကြီးခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှု ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု (မုံရွာ) ရုံးခွဲ၏ ကြီးကြပ်မှုဖြင့် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့တော်ခန်းမရှေ့၌ ”Journey to the Naga-Land” Rally Sagaing/MHTTR 7-2019“    ကားမောင်းပွဲဖွင့်ပွဲအခမ်းအနားအား ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို စစ်ကိုင်းတိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်တာဝန်ရှိသူများ ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မုံရွာရုံးခွဲ) မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်ဝန်ထမ်းများ နှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး ကားမောင်းပွဲတွင်ပါဝင်သော တာဝန်ရှိသူတစ်ဦးမှ ကားမောင်းပွဲနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပါသည်။ ၄င်းနောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ “Journey to the Naga-Land” Rally Sagaing/MHTTR 7-2019 ကားမောင်းပွဲအထိမ်းအမှတ်ဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။

ထို့နောက် အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ ကားမောင်းပွဲတွင် ပါဝင်သူများသည် မိမိယာဉ်များပေါ်သို့ တက်ရောက်နေရာယူကြပြီး မော်တော်ယာဉ်များ ထွက်ခွာနိုင်ရန် အချက်ပြအလံ နှင့်အချက်ပြအသံပေးခြင်း ၊ တက်ရောက်လာသူများမှ အလံများဝှေ့ရမ်း၍ နှုတ်ဆက်ခြင်းများပြုလုပ် ခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

“Journey to the Naga-Land” Rally Sagaing/MHTTR 7-2019 ကားမောင်းပွဲ ခရီးစဉ် လမ်းကြောင်းများမှာ မုံရွာမြို့မှ စတင်ပြီး မင်းကင်း- မော်လိုက်- တမူး- ဟုမ္မလင်း- ထမံသီ-လေရှီးမြို့ သို့ရောက်ရှိ ပြီး နာဂပွဲတော်များအားကျင်းပမည်ဖြစ်ပါသည်။ အပြန်လမ်းတွင် နောင်ပိုအောင်- သာနားတော- တောချင်းမှတဆင့် စစ်ကိုင်းသို့ (၁၇.၁.၂၀၁၉)နေ့တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။