Hluttaw Answer 1

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ အစည်းအဝေး

၁၀.၁၂.၂၀၁၉—————-ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ အစည်းအဝေးတိုက်ရိုက် Live ထုတ်လွှင့်ပြသမှု *****************************************************

Pyithu Hluttaw – ပြည်သူ့လွှတ်တော် ပို့စ်တင်ရာတွင် အသုံးပြုမှု ၂၀၁၉၊ ဒီဇင်ဘာ ၉၊ တနင်္လာနေ့

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်ရှင်းလင်း ဆွေးနွေးနိုင်ရန် ရန်ကုန်တိုင်း၊ လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပြန်လည်ဖြေကြားချက်
**********************************************************************

၁။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြောင်း ကျွန်တော် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်မှ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။

၂။ ကျွန်တော့်အနေနဲ့ ဒီကနေ့ အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးအောင်ကျော်ကျော်ဦး ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းထားတဲ့ ဇီးရိုးဘတ်ဂျက် တရုတ်ခရီးသွားများ အသုံးပြုသည့် အွန်လိုင်း ငွေပေးချေမှုစနစ် (We Chat Pay နှင့် Alipay) ကို တားမြစ်ပိတ်ပင်ရန်နှင့် ဇီးရိုးဘတ်ဂျက် တားဆီးနိုင်ရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန် အစီအစဉ် ရှိ/ မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေခွန်းကို ပြန်လည် ဖြေကြားသွားမည်ဖြစ်ပါတယ်။

၃။ မေးခွန်း ပထမပိုင်းဖြစ်တဲ့ ဇီးရိုးဘတ်ဂျက် တရုတ်ခရီးသွားများ အသုံးပြုသည့် အွန်လိုင်း ငွေပေးချေမှု စနစ် (We Chat Pay နှင့် Alipay) ကို တားမြစ်ပိတ်ပင်ရန် အစီအစဉ် ရှိမရှိသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်းကို ဦးစွာဖြေကြားမည်ဖြစ်ပါတယ်။
၄။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် QR Code ဖြင့် ပေးချေမှုများအား တပြေးညီ ဖြစ်စေရန်နှင့် international EMV standard ဖြစ်စေရန်အတွက် MMQR Code Standard သတ်မှတ်နိုင်ရန် ပြည်တွင်းဘဏ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ မိုဘိုင်း ငွေကြေး ဝန်ဆောင်မှု ကုမ္ပဏီများ MPU မှ ကိုယ်စားလှယ်များဖြင့် စဉ်ဆက် မပြတ် ညှိနှိုင်းဆောင်ရွက်လျက် ရှိစဉ်မှာ Alipay, We chat pay စသည့် Closed Loop Payment Scheme ဖြင့် ပေးချေမှုများ ဆောင်ရွက်ခြင်းကို ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၇၉နဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၃၄(က)တို့အရဆိုင်းငံ့ထားရန်၊ ငွေရေး ကြေးရေး အဖွဲ့အစည်းများအနေနဲ့ ဗဟိုဘဏ်၏ ခွင့်ပြုချက် မူဘောင်အတွင်းမှသာ လုပ်ဆောင်ရန်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ၁၆၄အရ တားမြစ်ချက် များကို လိုက်နာမှု မရှိပါက ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၇၂ အရ အရေးယူခံရမှာ ဖြစ်ကြောင်း စာအမှတ် မဗဘ/နပတ (စာရင်း) (၄၀၈/၂၀၁၈)နဲ့ ဗဟိုဘဏ်ကအသိပေးအကြောင်းကြားထားပါတယ်။

၅။ နိုင်ငံတော်အတွင်း ရောင်းချဝယ်ယူသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အတွက် ကျသင့်ငွေပေးချေခြင်း ဈေးနှုန်းဖော်ပြခြင်းများကို ပြည်တွင်းသုံးကျပ်ငွေ ဖြင့်သာ ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များထံ ညှိနှိုင်း အကြောင်းကြား ပြီး ဖြစ်သော်လည်း ဟိုတယ်များ၊ စားသောက်ဆိုင်အချို့နှင့်ပြည်တွင်း၌ လာရောက်ဖွင့်လှစ် သောနိုင်ငံခြားကျောင်းများ၊ နိုင်ငံခြားသားတိုက်ခန်း ငှားရမ်းမှုများ၊ အမှတ်တရပစ္စည်း ဆိုင်များစသည်တို့တွင် ကျပ်ငွေအစား နိုင်ငံခြားငွေဖြင့် ပေးချေဆောင်ရွက်နေဆဲ ဖြစ်သဖြင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များ နေပြည်တော် ကောင်စီရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီများအနေဖြင့် မိမိ၏လက်အောက်ခံ အဖွဲ့အစည်းများအား ကျပ်ငွေဖြင့်သာ ပေးဆောင်ရေးလိုအပ်သလို ထပ်ဆင့်ညွှန်ကြား ပေးပါရန် စာအမှတ် မဗဘ၁/၁၁၀(PEMD)(၁/၂၀၁၈)နဲ့ဗဟိုဘဏ်က အသိပေးအကြောင်း ကြားထားပါတယ်။

၆။ ဖော်ပြပါ အသိပေး အကြောင်းကြားရန်များကို ဟိုတယ်နဲ့ ခရီးသွား ညွန်ကြားမှု ဦးစီးဌာန လက်အောက်ခံ ရုံးခွဲများ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်း ၁၁ သင်းတို့သို့ အချိန်နှင့် တပြေးညီ အသိပေး အကြောင်းကြားပြီး ဖြစ်ကြောင်း ပြန်လည် ဖြေကြားအပ်ပါတယ်။

၇။ ဆက်လက်ပြီး မေးခွန်းဒုတိယပိုင်းဖြစ်တဲ့ ဇီးရိုးဘတ်ဂျက် တားဆီးနိုင်ရန် အစီအစဉ် များချမှတ်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြန်လည် ဖြေကြားသွားမည် ဖြစ်ပါတယ်။

၈။ ဇီးရိုးဘတ်ဂျက် အမည်တွင်စရာ ဖြစ်ရတဲ့နောက်ခံအကြောင်းများကို ဦးစွာတင်ပြ ပါမယ်။ ခရီးသွားအဝင် ကျဆင်းနေတဲ့ကာလတွေမှာ ခရီးသွားလုပ်ငန်းကုမ္ပဏီ အချို့က အချို့သော ခရီးစဉ်ဒေသများရှိ ဟိုတယ်များကို သာမန်အချိန်ပေါက်ဈေးထက် လျော့နည်းတဲ့ ဈေးနှုန်းနဲ့ တနှစ်စာ ကြိုတင် စာချုပ်ချုပ်ဆို ငှားရမ်းမှုတွေ ရှိတယ်လို့ သိရပါတယ်။ စားသောက်ဆိုင်အချို့ကိုလဲတစ်နေ့သတ်မှတ်လူဦးရေနဲ့ မူလရောင်းဈေး ထက် လျော့နည်းတဲ့ဈေးနှုန်းနဲ့ တစ်နှစ်စာ ကြိုတင်စာချုပ်ချုပ်ဆိုမှုတွေ ရှိတယ်လို့သိရ ပါတယ်။ အလားတူသယ်ယူပို့ဆောင်ရေးယာဉ်များကိုလဲ သာမန်အချိန်ပေါက်ဈေး ထက် လျော့နည်းတဲ့ ဈေးနှုန်းနဲ့ တနှစ်စာကြိုတင်စာချုပ်ချုပ်ဆို ငှားရမ်းမှုတွေရှိတယ် လို့သိရပါတယ်။ ခရီးစဉ်များ ရောင်းချရာမှာလဲ လာရောက်မဲ့ခရီးသည် အုပ်စုများကို မသွားမနေရ ခေါ်ဆောင်သွားမဲ့လက်ဆောင်ပစ္စည်းဆိုင်များကပေးတဲ့ ကော်မရှင်ကို အခြေပြုပြီး အဆမတန် လျှော့ချထားတဲ့ ဈေးနှုန်းများနဲ့ ရောင်းချတာတွေ ရှိတယ်လို့ သိရပါတယ်။ လက်မှတ်ရ ဧည့်လမ်းညွန်များကို ငှားရမ်းခြင်း မပြုဘဲ tour conductor များကတရားမဝင် ဧည့်လမ်းညွန်အဖြစ်ဆောင်ရွက်တာတွေလဲရှိတယ်လို့သိရပါတယ်။ လိုင်စင်မဲ့ ဟိုတယ်တည်းခိုရိပ်သာများကို အသုံးပြုတာတွေရှိသလို လိုင်စင်မရှိဘဲ ခရီး လှည့်လည်ရေးလုပ်ငန်း လုပ်ဆောင်တာတွေလဲ ရှိတယ်လို့သိရပါတယ်။ တရားမဝင် ငွေပေးချေမှုနည်းလမ်းတွေကို အသုံးပြုတာတွေလဲ ရှိတယ်လို့သိရပါတယ်။

၉။ ဟိုတယ် စားသောက်ဆိုင်နဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေရဲ့ ဈေးနှုန်းသတ်မှတ် မှုနဲ့ ပတ်သက်လို့ ရောင်းသူဝယ်သူနှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုဆောင်ရွက်တာ မျိုးကို ဝန်ကြီးဌာနအနေနဲ့ကြားဝင် ဆောင်ရွက်ရန် မရှိပေမဲ့ခရီးစဉ်များ ရောင်းချရာမှာ အမှန်ကုန်ကျစရိတ်ထက် လျော့နည်းတဲ့ ဈေးနှုန်းနဲ့ရောင်းချခဲ့ရင် ယှဉ်ပြိုင်မှု ဥပဒေနဲ့ ငြိစွန်းမှာဖြစ်ပြီး စီမံခန့်ခွဲရေးနည်းလမ်းအရဖြစ်စေ ပြစ်မှုကြောင်းအရဖြစ်စေ တရားမ ကြောင်းအရဖြစ်စေ အရေးယူခွင့်ရှိတဲ့ သက်ဆိုင်ရာဌာနများနဲ့ လိုအပ်တဲ့ ဆွေးနွေးညှိနှိုင်း မှုများပြုလုပ်သွားမှာ ဖြစ်ပါတယ်။

၁၀။ ဟိုတယ် တည်းခိုရိပ်သာ ခရီးလှည့်လှယ်ရေး ဧည့်လမ်းညွန်စတဲ့ လုပ်ငန်းတွေကို လိုင်စင်မရှိဘဲ ဆောင်ရွက်ရင် ခရီးသွားလုပ်ငန်း ဥပဒေနဲ့ ငြိစွန်းပြီး ရဲ အရေးပိုင်တဲ့ ပြစ်မှု ဖြစ်ပါတယ်။ ဒီကိစ္စမျိုးတွေအတွက် သက်ဆိုင်ရာဒေသအလိုက်ခရီးသွားလုပ်ငန်း စောင့်ကြည့်လေ့လာ သုံးသပ်ရေးအဖွဲ့တွေကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် နှင့်ညီနောင်အသင်း၁၁သင်းမှပေးအပ်တဲ့ကိုယ်စားလှယ်များပါဝင် ဖွဲ့စည်းထားပြီး ဒီစောင့် ကြည့်လေ့လာ သုံးသပ်ရေးအဖွဲ့တွေရဲ့ သတင်းပေးပို့ချက်အရ ပညာပေးခြင်း၊ သတိ ပေးခြင်း၊ အရေးယူခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်နိုင်ဖို့ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ လိုအပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်။
၁၁။ ခရီးလှည့်လှယ်ရေးလုပ်ငန်းလိုင်စင်ရသူက လိုင်စင်ပါ စည်းကမ်းချက်ကို ဖောက်ဖျက်ပြီး လိုင်စင်မဲ့ ဟိုတယ်တည်းခိုရိပ်သာ ဧည့်လမ်းညွန်စတာတွေကို အသုံးပြု တာကို သက်ဆိုင်ရာ ဒေသအလိုက် ခရီးသွားလုပ်ငန်း စောင့်ကြည့်လေ့လာသုံးသပ်ရေး အဖွဲ့တွေရဲ့ သတင်းပေးပို့ချက်အရ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီကစီမံ ခန့်ခွဲရေး နည်းလမ်းအရ အရေးယူဖို့လိုအပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

၁၂။ ဇီးရိုးဘတ်ဂျက် ခရီးသွားဆိုရာမှာ နိုင်ငံအတွက် အကျိုးမရှိဝင်ငွေ မရှိတာမျိုး မဟုတ်ဘဲ အခြားနိုင်ငံသားများနှင့် နှိုင်းယှဉ်လျှင် တစ်ဦးချင်းသုံးစွဲမှု လျော့နဲခြင်းနှင့် တရားမဝင်လုပ်ငန်း ဆောင်ရွက်သူများ တရားမဝင်ငွေပေးချေမှုများကြောင့် နိုင်ငံတော်မှ ရသင့်ရထိုက်တဲ့ အခွန်အခများ လျော့နဲနေခြင်းသာဖြစ်ပါတယ်။
၁၃။ ၂၀၁၅ခုနှစ်မှာ မြန်မာနိုင်ငံကို ခရီးသွားဧည့်သည် လေးသန်းကျော် ဝင်ရောက်ခဲ့ပြီး တဲ့နောက်ပိုင်းရခိုင်ပဋိပက္ခကြောင့်ခရီးသွား ၃သန်းကျော်အထိ ကျဆင်းခဲ့ပါတယ်။ အဓိကက အနောက်နိုင်ငံ ခရီးသွားတွေ လျော့နဲသွားတာ ဖြစ်ပါတယ်။ ဒါကို ကုစားဖို့ တရုတ်၊ ဂျပန်၊ ကိုးရီးယား စတဲ့ နိုင်ငံတွေကို ဗီဇာ ဖြေလျော့မှုတွေ ပြုလုပ်ပေးခဲ့ပါ တယ်။ တရုတ်ခရီးသွားဟာ ၂၀၁၈ခုနှစ်က ၂သိန်းကျော်သာ ရှိခဲ့ရာက အခု ၂၀၁၉ အောက်တိုဘာလကုန် စာရင်းတွေအရ ၆သိန်းကျော် ဝင်ရောက်ခဲ့ပြီး ဖြစ်လို့ ၂၀၁၉မှာ ၄သိန်းမက တိုးတက်ဖို့ ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဗီဇာကြေး တစ်ဦး ဒေါ်လာ ၅၀နဲ့ဆိုရင် မနှစ်ကထက် ဒေါ်လာ သန်း၂၀ ပိုမို ရရှိခဲ့ပြီး ဖြစ်ပါတယ်။

၁၄။ တရုတ်ဘာသာ ဧည့်လမ်းညွန် ဦးရေဟာ National နဲ့ Regional ပေါင်းမှ ၄၀၀ ကျော်ဘဲ ရှိသေးတာမို့ ဝင်ရောက်တဲ့ ခရီးသွားပမာဏနဲ့ နှိုင်းစာရင် နဲပါးနေသေးတဲ့ အတွက် ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ ဧည့်လမ်းညွန်သင်တန်းတွေကို တရုတ်ခရီးသည် ဝင်ပေါက် ဒေသတွေမှာအရှိန်မြှင့် ဖွင့်လှစ်သင်ကြား ပို့ချပေးနေပါတယ်။ ဟိုတယ် တည်းခိုရိပ်သာ ခရီးလှည့်လှယ်ရေး ဧည့်လမ်းညွန်စတဲ့ လုပ်ငန်း လိုင်စင် ရယူတာနဲ့ သက်တမ်းတိုးတာတွေကိုလဲ မြန်မြန်ဆန်ဆန် ရရှိနိုင်ဖို့ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများနဲ့ ညှိနှိုင်း ဆောင်ရွက် ပေးနေပါတယ်။

၁၅။ ရန်ကုန်၊ နေပြည်တော် မန္တလေးမြို့တွေမှာ နမူနာကောက်ယူခဲ့တဲ့ စစ်တမ်းတွေ အရ တရုတ်ခရီးသွားတွေဟာ မြန်မာနိုင်ငံအတွင်းမှာ ပျှမ်းမျှ ၄ရက် နေထိုင်ပြီးတရက် ပျမ်းမျှ ၆၅ ဒေါ်လာလောက် သုံးစွဲတယ်လို့ သိရလို့ တစ်ဦးချင်းသုံးစွဲမှု ပျမ်းမျှ ဒေါ်လာ ၂၆၀၊ လူဦးရေ ၄ သိန်းအတွက်ဆိုရင် ဒေါ်လာ ၁၀၄ သန်းလောက် ပိုမိုသုံးစွဲတယ်လို့ သိရှိရပါတယ်။

၁၆။ ဒီသုံးစွဲမှုတွေဟာ နိုင်ငံသားလုပ်ငန်းရှင်တွေကို အဓိက အကျိုးရှိစေဖို့နဲ့ နိုင်ငံတော်အတွက် ထိုက်သင့်တဲ့ အခွန်အခတွေ ကောက်ခံရရှိဖို့ ဝန်ကြီးဌာနက သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တဖက်က တစ်ဦးချင်း သုံးစွဲငွေပိုများတဲ့ ခရီးသွားဧည့်သည်တွေကို ပိုမိုဆွဲဆောင်ပြီး Budget Tourism ကနေ Quality Tourism ဘက်ကို ဦးတည်နိုင်ဖို့ ဥရောပ ၆နိုင်ငံကို ဗီဇာ ဖြေလျော့မှုတွေ ပြုလုပ်ခြင်း မြန်မာနိုင်ငံရဲ့ ခရီးသွားဒေသတွေကို ပိုမိုသိရှိစေဖို့ သက်ဆိုင်ရာ နိုင်ငံအလိုက် ဈေးကွက်မြှင့်တင်ရေးအဖွဲ့များဖွဲ့စည်း လုပ်ဆောင်ခြင်း အခုကာလမှာ package Tour ထက်ပိုမိုရေပန်းစားလာတဲ့ independent traveller များ မြန်မာနိုင်ငံခရီးသွားဒေသများနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အလွယ်တကူ ရရှိနိုင်ဖို့ online digital promotion များကို မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း ၁၁ သင်းနဲ့ ပူးပေါင်းလုပ်ဆောင်နေပါကြောင်း ပြန်လည် ဖြေကြားအပ်ပါတယ်။

၁၇။ အားလုံးကို ကျေးဇူး တင်ပါတယ် ခင်ဗျား။

About the author

Leave a Reply