04
Dec
ကန့်လန့်ကာနောက်ကွယ်မှ ရတနာများ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တောင်ဘက်စွန်းရှိ တနင်္သာရီတိုင်းဒေသကြီးသည် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုတွင် အီကွေတာနှင့်အနီးဆုံး အီကွေတာရပ်ဝန်းနေရာတွင် တည် ရှိပြီး ၅၅၀ မိုင်ခန့်ရှိကမ်းရိုးတန်းတစ်လျှောက်တွင် ဖြူဖွေးရှည်လျားသောကမ်းခြေများ၊ ကျွန်းပေါင်း ၈၀၀ ကျော်ခန့် တည်ရှိနေသောမြိတ်ကျွန်းစုနှင့် အမြဲစိမ်းသစ်တောပေါက်ရောက်နေသည့် သက်ရင့် ရိုးမတောင်တန်းကြီးများဖြင့် သဘာဝပထဝီ အနေအထားအရ မဟာဗျူဟာမြောက်သည့် နေရာတွင် တည်ရှိနေသော တိုင်းဒေသကြီးတစ်ခု ဖြစ်ပါသည်။ သဘာဝပထဝီမြေအနေအထားသည် အရှေ့ဘက် တွင် ထိုင်းနိုင်ငံနှင့် အနောက်ဘက်တွင် ကပ္ပလီပင်လယ်အော်တို့နှင့် ထိစပ်လျက်ရှိပြီး ဒေသခံအများ စု၏ မိရိုးဖလာ စားဝတ်နေရေးအတွက် အဓိကလုပ်ငန်းများမှာ ရေလုပ်ငန်း၊ ငါးလုပ်ငန်းနှင့် ဥယျာဉ်ခြံ မြေလုပ်ငန်းများဖြစ်ပါသည်။
အထက်ပါ မိရိုးဖလာလုပ်ငန်းများအပြင် ၂၀ ရာစုနှောင်းပိုင်းနှင့် ၂၁ ရာစုနှစ်ဦးပိုင်းများတွင် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများဖြင့် အစပြု၍ လုပ်ကိုင်လာကြရာတွင် ခရီးသွားလုပ်ငန်းသည် ၂၀၁၄ ခုနှစ်မှစ၍ တဖြည်းဖြည်း တိုးတက်ဖွံ့ဖြိုးလာသော လုပ်ငန်းတစ်ခု ဖြစ်လာပါသည်။ တနင်္သာရီတိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်းအတွက် သဘာဝအခြေခံ အဆောက်အဦများဖြစ်သော သာယာလှပသည့်ကမ်းခြေများ၊ ရေတံခွန်များ၊ ရေပေါ်ရေအောက် သဘာဝအလှအပများနှင့် ရှားပါးသည့် အဏ္ဏဝါမျိုးစိတ် ရေသတ္တဝါများကို လေ့လာလည်ပတ် ကြည့်ရှုနိုင်သည့် ကျွန်းများစွာ ပျံ့နှံ့တည်ရှိနေပါသောကြောင့် ခရီးသွားများအနေဖြင့် အချိန်တိုအတွင်း စိတ်ပါဝင်စားလာကြသည့် ဒေသတစ်ခုလည်း ဖြစ်ပါသည်။ယနေ့ခေတ် ကမ္ဘာပေါ်ရှိလူသားများသည် နေရာတစ်ခုမှ အခြားနေရာတစ်ခုဆီသို့ ခရီးသွားခြင်းဖြင့် ပျော်ရွင်မှုနှင့် စိတ်ကျေနပ်မှုများ ရရှိနိုင်စေရန်၊ ဒေသန္တရဗဟုသုတများရရှိစေရန်၊ အသစ်အဆန်းများ လေ့လာစူးစမ်းရှာဖွေရန်၊ စီးပွားရေးတိုးချဲ့နိုင်ရန်အတွက် နယ်မြေသစ်ရှာဖွေရန်၊ ကျန်းမာရေးအတွက် ဆေးဝါးကုသရန်၊ ဈေးဝယ်ယူရန်နှင့် ပညာသင်ကြားရန်စသည့် အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားလာနေကြပါ သည်။ ထိုကဲ့သို့ သွားလာရာတွင် တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုဒေသသည် မြန်မာနိုင်ငံ၌ အဏ္ဏဝါဗဟုသုတများစူးစမ်းရှာဖွေရန် အကောင်းဆုံးဖြစ်သောဒေသတစ်ခုဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် နိုင်ငံကုန်းမြေ၏ဧရိယာအချိုးအစားအလိုက် နှိုင်းယှဉ်လျှင် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းများ ပိုင်ဆိုင်ထားကြသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အရှေ့တောင်အာရှနှင့် ဥရောပတိုက်ကို ဆက်သွယ်ပေးနိုင်သော အနီး ဆုံးထွက်ပေါက်တစ်ခု ဖြစ်သည့်အပြင် စီးပွားရေးအရလည်း မဟာဗျူဟာမြောက်သည့် ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်သော တနင်္သာရီတိုင်းဒေသကြီးသည် ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းတည်ရှိနေ ပြီး ရေအောက်တွင် အဖိုးထိုက်တန်သော သန္တာ ကျောက်တန်းများစွာကို ပိုင်ဆိုင်ထားပါသည်။ သုတေ သနပညာရှင်များ၏ကိန်းညွှန်းအချက်အလက်များအရ ကမ္ဘာပေါ်တွင် သန္တာကျောက်တန်း အမျိုးအစားပေါင်း ၈၀၀ ကျော်ရှိသည့်အနက် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုသည် သန္တာ ကျောက်တန်း အမျိုးအစားပေါင်း ၅၀၀ကျော် ခန့် စုစည်း တည်ရှိနေသည်ဟု လေ့လာ သိရှိရပါသည်။
မြိတ်ကျွန်းစုတွင် သန္တာကျောက်တန်း အမျိုးအစားစုံလင်စွာတည်ရှိနေသည့် အကြောင်းရင်းမှာ မြိတ်ကျွန်းစု၏ တည်နေရာသည် သန္တာကျောက်တန်းဖြစ်တည်ရန်အတွက် သန္တာကျောက်တန်းသား လောင်းများ သယ်ဆောင်လာသည့် အက်ဒမန်ပင်လယ်ရေစီးကြောင်းနှင့် အင်ဒိုပစိဖိတ် ရေစီးကြောင်း တို့သည် မြိတ်ကျွန်းစုထဲသို့ စီးဝင်လာခြင်း၊ ပင်လယ်ရေအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ် (22 º C ) မှ ၂၈ ဒီဂရီစင်တီဂရိတ် ( 28 º C )အတွင်း တည်ရှိသည့် အီကွေတာရပ်ဝန်းအတွင်း တည်ရှိနေခြင်း၊ သန္တာ ကျောက်တန်း မှီတွယ်နိုင်ရန်အတွက် အောက်ခံမြေသည် ကျောက်သားဆန်သောမြေ (Stony Earth) အဖြစ် ဖြစ်တည်နေခြင်း၊ သန္တာကျောက်တန်း ရှင်သန်ရန် လိုအပ်သည့် နေရောင်ခြည်ကို ရရှိရန် အတွက် ရေကြည်လင်ခြင်း၊ ရေငန်ဓါတ်ရရှိခြင်း၊ သန္တာကျောက်တန်း ဂေဟ စနစ် တည်မြဲရန်အတွက် အထောက်အပံ့ပေးသည့် ဒီရေတောများ၊ ပင်လယ်မြက်များ ပေါက်ရောက်ခြင်းစသည့် အားသာချက် များကြောင့် ဖြစ်ပါသည်။
သန္တာကျောက်တန်းဖြစ်တည်မှုသည် ထူးဆန်းပြီး ထိခိုက်မှုမခံနိုင်သော သဘောတရားရှိပါ သည်။ သန္တာကျောက်တန်းအမျိုးအစားအချို့သည် အချိန်ကာလအားဖြင့် ဆယ်စုနှစ်ထက်မနည်း အချိန်ယူကာ ရှင်သန်ရပြီး လိုအပ်သည့် ပင်လယ်ရေအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ် ( 2 º C ) ခန့် ရက်သတ္တပတ် အနည်းငယ်အတွင်း ပင်လယ်ရေအပူချိန် ပိုမိုတိုးလာပါက သန္တာကျောက်တန်း ပျက် သုဉ်းခြင်း (Coral Bleaching) ဖြစ်နိုင်သည့် အခြေအနေ ဖြစ်ပေါ်စေပါသည်။ ပင်လယ်ရေပြင် သည် ကာဗွန်ဒိုင်အောက်ဆိုဒ် ပျော်ဝင်ပြီး ဓာတ်ပြုမှုဖြစ်ပေါ်သည့်အခါ PH လျော့ကျမှုကို ဖြစ်စေပါသည်။ ဓာတ်ပြုမှု တစ်ခုခုကြောင့် ပင်လယ်ရေ၏ PH သည် 7.5 မှ 8.5 အထိရှိပြီး ဓာတ်ပြုမှုတစ်ခုခုကြောင့် PH7 ထိ ဖြစ်သွားပါက ကယ်လ်ဆီယမ်ကာဗွန်နိပ်ဖြင့် ဖွဲ့စည်းထားသော သန္တာကျောက်တန်းသည် ဆက်လက်ရှင်သန်ရန် ခက်ခဲသွားနိုင်ပါသည်။ ထို့အတွက် သာမန်သစ်ပင်ထက် အောက်ဆီဂျင် ၅ ဆ ထုတ်လွှတ်ပေးနိုင်သည့် မြိတ်ကျွန်းစုရှိ ဒီရေတောများသည်လည်း သန္တာကျောက်တန်းများ ဖြစ်တည် မှုအတွက် အထောက်အကူပြုသော အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ထို့အပြင် မြိတ် ကျွန်းစုအတွင်းရှိ ကျွန်းအချို့အနီးတွင် ပေါက်ရောက်နေသည့် ပင်လယ်မြက်များသည်လည်း သန္တာ ကျောက်တန်း ဂေဟစနစ်အတွင်းတွင် သန္တာကျောက်တန်း ရှင်သန်မှုအတွက် အထောက်အကူပြု လျက်ရှိပါသည်။ သန္တာကျောက်တန်း ဖြစ်တည်မှီတွယ်ရန် အတွက် အောက်ခံမြေသားအမာ လိုအပ် သည့်အပြင် ရေလှိုင်းနှင့်ရေစီးကြောင်း ပြင်းထန်မှု မရှိရန်လည်း လိုအပ်သည်ဖြစ်သာကြောင့် မြိတ် ကျွန်းစုသည် ကျွန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားပြီး လှိုင်းလေငြိမ်သည့်အပြင် ရေစီးကြောင်းလည်း ပြင်းထန်မှုမရှိ သည့်အတွက် သန္တာကျောက်တန်း ဖြစ်တည်နိုင်ရန်အတွက် အထောက်အကူကောင်း များ ဖြစ်လျက်ရှိပါသည်။
ကမ္ဘာပေါ်ရှိ သမုဒ္ဒရာရေပြင်အကျယ်အဝန်း၏ ၁ % ဧရိယာတွင် သန္တာကျောက်တန်းများ တည်ရှိနေပြီး၊ ရေသတ္တဝါအားလုံး၏ ၂၅ % သည် သန္တာကျောက်တန်းတည်ရှိသည့် ဧရိယာတွင်သာ ရှင်သန်နေနိုင်ကြသဖြင့် သန္တာကျောက်တန်း ဖြစ်တည်မှုသည် ငါးများပေါက်ဖွားရန်အတွက် များစွာ အရေးပါလှပါသည်။ သန္တာကျောက်တန်းပေါ်တွင် ကပ်ငြိနေသော ရေညှိရေမှော်များကို ထိုရေသတ္တဝါ ငယ်လေးများက ရယူစားသောက်ပြီး ၎င်းရေသတ္တဝါငယ်လေးများကို ၎င်းထက်ကြီးသော ရေသတ္တဝါ များမှ အဆင့်ဆင့် ဖမ်းယူစားသောက်ကြပါသည်။ ဤအဆင့်ကို အစာကွင်းဆက်သံသရာ (Food Chain) ဟု ခေါ်တွင်ပါသည်။ အစာကွင်းဆက် သံသရာတွင် လူသားများ၊ ဝေလငါးများ၊ ငါးမန်းများ၊ အအေးပိုင်းဇုန် (ဝင်ရိုးစွန်း)ရှိ ဝက်ဝံများ၊ ငှက်များစသည့်ဖြင့် ခွဲဖြာသွားသည့်ဖြစ်စဉ်သည် အစာကွန် ယက် (Food Web) အဖြစ် ဖြစ်ပေါ်လာပါသည်။ ထိုအစာကွင်းဆက်နှင့် အစာကွန်ယက်ဖြစ်စဉ်သည် ကုန်းပေါ်နှင့် ရေထဲတွင် ဂေဟစနစ် ပုံစံချင်းတူညီကြပါသည်။
ပင်လယ်ပြင်အတွင်း အစာကွင်းဆက်တစ်နေရာတွင် ဝေလငါးများ၊ ငါးမန်းများမှ ရေသတ္တဝါ များအား စားသောက်ခဲ့ပြီး ၎င်းရေသတ္တဝါများ သေကြေပျက်စီးပါက ရုပ်ကြွင်းအကြွင်းအကျန်များမှာ ပင်လယ်ကြမ်းပြင်သို့ သက်ဆင်းအနည်ထိုင် ပျက်ယွင်းကြပါသည်။သာမန်အားဖြင့် ၎င်းရုပ်ကြွင်းများ သည် ပင်လယ်ကြမ်းပြင်တွင် ပျက်သုဉ်းသွားမည်ဟု ယူဆရန်ရှိသော်လည်း ပင်လယ်ရေစီး ကြောင်း အတွင်း မျောပါလာပြီး ပင်လယ်ပြင်အတွင်း တစ်နေရာတွင် ပင်လယ်ပြင်ကြမ်းပြင်မှ ပင်လယ်ပြင် ရေမျက်နှာပြင်ပေါ်သို့ ဒေါင်လိုက်တွန်းတင်သည့် ရေစီးကြောင်းများရှိသည့်နေရာတွင် ပြန်လည်စုစည်း မိကြပါသည်။ ၎င်းရုပ်ကြွင်းများသည် ရေသတ္တဝါများစားသုံးရန် အာဟာရဓါတ်ပြည့်ဝသည့်အတွက် ဒေါင်လိုက် ရေစီးကြောင်းရှိသည့်နေရာတွင် ငါးနှင့်ရေသတ္တဝါများ မှီခိုကျက်စားလေ့ ရှိကြပါသည်။ မြန်မာနိုင်ငံ၏ သဘာဝပထဝီအနေအထားအရ ၎င်းပင်လယ်ပြင်အတွင်း ဒေါင်လိုက်ရေစီးကြောင်း၏ သက်ရောက်မှုကို မခံစားရဘဲ မြိတ်ကျွန်းစု၌ တည်ရှိနေသော သန္တာကျောက်တန်းများတွင် ကပ်ငြိနေ သည့်ရေညှိများကို မှီခိုစားသောက်နေကြသည့် ပင်လယ်ရေသတ္တဝါများကြောင့် ငါးများပေါများလာ ခြင်း ဖြစ်ပါသည်။
ပင်လယ်ငါးများ၊ပုစွန်များ ပေါများလာခြင်းကြောင့် ဒေသခံအများစု၏ မိရိုးဖလာ စားဝတ် နေရေးအတွက် ငါးဖမ်းလုပ်ငန်းများ တွင်ကျယ်လာပါသည်။ တစ်ဖက်တွင်လည်း ပင်လယ်ခရီးစဉ် များကို အခြေခံသည့် ကျွန်းများလျှောက်ပတ်ကြည့်ရှုခြင်း၊ သန္တာကျောက်တန်းများကို လေ့လာကြည့်ရှု ခြင်း၊ သာယာလှပသည့်ကမ်းခြေများကို လည်ပတ်ကြည့်ရှုခြင်းစသည့် ခရီးသွားလုပ်ငန်းများ ကိုလည်း တိုးတက်လာစေပါသည်။ မြန်မာနိုင်ငံ၏ မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းသည် ၂၀၁၄ ခုနှစ် မှစ၍ ပြည်တွင်း/ ပြည်ပ ခရီးသွားများ စိတ်ဝင်စားလာမှုရှိလာကြပြီး လာရောက်လည်ပတ်မှုများ တိုးတက် လျက်ရှိပါသည်။
မြန်မာနိုင်ငံ၊ မြိတ်ကျွန်းစုအတွင်းသို့ ရက်ရှည်စက်တပ်ရွက်လှေခရီးစဉ်များ သွားရောက် လည် ပတ်ခွင့်ကို ၁၉၉၇ ခုနှစ် မှစ၍ ခွင့်ပြုပေးခဲ့ပြီး ကျွန်းခရီးစဉ်ဒေသများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လာကြပါသည်။ မြိတ်ကျွန်းစုတွင် သန္တာကျောက်တန်းများစွာ တည်ရှိနေသဖြင့် ၎င်းတို့ကို အခြေခံပြီး ခရီးသွားများအားဆွဲဆောင်နိုင်သည့် Tourist Attraction အဖြစ် ရေအောက်ရှိ သန္တာ ကျောက်တန်းများအား ကြည့်ရှုလေ့လာခြင်းကို ရေတိမ်ပိုင်းရေအောက်အလှကြည့်ရှုခြင်း ( Snorkeling ) နှင့် ရေနက်ပိုင်း ရေအောက်အလှ ကြည့်ရှုခြင်း ( Scuba Diving ) ခရီးစဉ်များအဖြစ် Activities များခွဲ၍ ကြိုးပမ်းဖော်ထုတ်ဆောင်ရွက်နိုင်ပါသည်။
မြိတ်ကျွန်းစုအတွင်းရှိ သန္တာကျောက်တန်းများသည် ရေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းကို များ စွာ အထောက်အကူပြုသဖြင့် ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် စီမံချက်များ၊ မူဝါဒများကို တင်း ကျပ်စွာ ချမှတ်ထားရန် လိုအပ်မည်ဖြစ်ပါသည်။ထို့အပြင် သန္တာကျောက်တန်းများ ရေရှည်တည်တံ့နိုင် ရန်အတွက် မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းများကို သဘာဝနည်းအတိုင်း ရေရှည်ထိန်းသိမ်းထားရန်နှင့် ခရီးသွားလုပ်ငန်းများကိုလည်း တစ်ပိုင်တစ်နိုင် အထောက်အကူပြုသော ခရီးစဉ်ဒေသတစ်ခုဖြစ်လာ ရန် မျှော်မှန်းချက်ထား၍ အရေးတကြီး ဆောင်ရွက်ရမည်ဖြစ်ပါသည်။
၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအရှေ့မြောက်ဘက် အိမ်နီးချင်းနိုင်ငံက ဝယ်ယူအားပေးမှု ကြောင့် မြိတ်ကျွန်းစု၌ ကျားလက်သည်းခြောက်ရှာဖွေသည့် ဈေးကွက်ပေါ်ပေါက်ခဲ့ပြီး သန္တာကျောက် တန်းအချို့ ပျက်စီးခဲ့ရပါသည်။ ၎င်းဈေးကွက်သည် ၅ လ တာအတွင်း ဈေးကွက်ဖြစ်ပေါ်ခဲ့ပြီး တစ်လ လျှင် ၁၈၀၀ ကီလိုခန့် ထွက်ရှိသည်ဟု သိရှိခဲ့ရသည်။ ကျားလက်သည်းထုတ်ယူပုံမှာ သန္တာကျောက် ခက်ကိုခွဲယူပြီး သန္တာကျောက်ခက်အတွင်း တွယ်ကပ်နေသည့် ကျားလက်သည်းကို အခြောက်လှန်း ကာ ဈေးကွက် တင်ပို့ခြင်းဖြစ်သည်။ ကျား လက်သည်း (၁) ကီလိုဂရမ်မှာ ကျားလက်သည်းခြောက် ၁၅၀ ခုခန့် ပါဝင်၍ စကောဝိုင်း ပတ်လည်ခန့်ရှိသော Hard Coral တစ်တုံးတွင် ကျားလက်သည်း ၁၀ ခုခန့် တွယ်ကပ်လေ့ရှိသည်။ ကျားလက်သည်းခြောက် (၁) ကီလိုဂရမ်ရရန်အတွက် စကောဝိုင်းခန့် ရှိသော Hard Coral ၁၅ ခုခန့် ဖျက်စီးခြင်းခံရပါသည်။ တစ်လလျှင် ၁၈၀၀ ကီလိုခန့်ထွက်ရှိရန် Hard Coral မည်မျှပျက်စီးသွားမည်ဆိုသည်ကို မှန်းဆကြည့်လျှင် သိရှိနိုင်ပါသည်။ ထုတ်ယူမှု လွယ်ကူ လျင်မြန်ရန်အတွက် ရေတိမ်ပိုင်းတွင်ရှိသော Coral ကိုဒီရေကျချိန်တွင် သံတူရွင်းဖြင့် ကုန်း ပေါ် ကော်တင်၍ ကျားလက်သည်းကို ထုတ်ယူရသော အခြေအနေမျိုးဖြစ်ခဲ့သည်။ ထိုအခြေအနေ မျိုးအား သက်ဆိုင်ရာဌာနများမှ တင်းကြပ်စွာ တားမြစ်ရမည်ဖြစ်ပါသည်။
အကယ်၍ သန္တာကျောက်တန်းများ မျိုးသုဉ်း ပျောက်ကွယ်သွားမည်ဆိုလျှင် အကျိုးဆက်များ အနေဖြင့် ငါးများမျိုးသုဉ်းခြင်းဖြစ်လာနိုင်ပြီး ငါးဖမ်းလုပ်ငန်းကို ထိခိုက်စေသည့်အပြင် နိုင်ငံခြား ဝင်ငွေ အဓိကရှာပေးနေသော ခရီးသွားလုပ်ငန်းကိုလည်း ထိခိုက်စေနိုင်သည်ဖြစ်၍ နိုင်ငံတော်နှင့် ဒေသအတွက် နစ်နာမှုများဖြစ်စေနိုင်ပါသည်။ ပင်လယ်ပြင်အတွင်း အမှိုက်များစွန့်ပစ်ခြင်း၊ ကမ်းရိုးတန်း ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုန်းမကြီးကမ်းရိုးတန်းနှင့် ကမ်းခြေဒေသများ လူဝင်ရောက်မှုများ ပြားလာခြင်း၊ စည်းကမ်းမဲ့အမှိုက်များ ဓာတုစွန့်ပစ်ပစ္စည်းများစွန့်ပစ်လာခြင်း၊ စက်ရုံ၊ အလုပ်ရုံများမှ ရေဆိုးနှင့်ကာဗွန်ဒိုင်အောက်ဆိုဒ်များ ထုတ်လွှင့်မှုများပြားလာခြင်း၊ ငါးအလွန် အကျွံဖမ်းဆီးခြင်း၊ ကမ်းရိုးတန်းနှင့် ကျွန်းများပေါ်ရှိ ပေါက်ရောက်နေသော သစ်ပင်များအား ခုတ်ထစ်ခြင်း၊ တရားမဝင် ငါးဖမ်းနည်းများဖြစ်သည့် မိုင်းခွဲငါးဖမ်းခြင်း (Dynamite Fishing)၊ တရွတ်ဆွဲငါးဖမ်းခြင်း Trolling Fishing ၊ ဆေးချငါးဖမ်းခြင်းနှင့် ကျွန်းများပေါ်တွင် သတ္တုတွင်းတူးဖော်ခြင်း စသည့်တို့သည် သန္တာ ကျောက်တန်းများကိုပျက်စီးရန် ကြီးစွာသောခြိမ်းခြောက်မှု ဖြစ်ပေါ်စေပြီး မျိုးသုဉ်းပျောက်ကွယ်သွား နိုင်ပါသည်။
နမူနာအားဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုနှင့်အတူ တရားမဝင် အလွန်အကျွံ ငါးဖမ်းခြင်းကြောင့် ဆယ်စုနှစ် ၃ ခုအတွင်း သန္တာကျောက်တန်း အများစု ပျက်စီးခဲ့ရ သဖြင့် ပျက်စီးသွားသော သန္တာကျောက်တန်းများကို ပြန်လည်မွေးမြူရန် ထိုင်းနိုင်ငံတောင်ဘက်ခြမ်း မှ တက္ကသိုလ်တစ်ခုမှ သုတေသနပြုလုပ်ပြီး ငွေကြေးအမြောက်အများ အသုံးပြု၍ သန္တာကျောက် တန်းများကို ပြန်လည်မွေးမြူခြင်း (Coral Replantation) အောင်မြင်မှုသည် ၄၂ ရာခိုင်နှုန်းသာရှိ သေးသည်ဟု သိရှိရပါသည်။ တစ်ဖက်တွင်လည်း အမျိုး အစားတူ Coral သည် နေရာပြောင်းပါက Coral ရှင်သန်ရန် အခြေခံအချက်အလက် အနည်းငယ် ပြောင်းလိုက်ရုံမျှဖြင့် ရှင်သန်နိုင်ရန် ခက်ခဲ သည်ဟု လေ့လာသိရှိရပါသည်။ သို့ဖြစ်ပါ၍ မူရင်းနေရာ မဟုတ်ပါကသန္တာကျောက်တန်းများကို ပြန် လည်မွေးမြူရာတွင် သက်ဆိုင်ရာပညာရှင်များသာ သန္တာကျောက်တန်းများကို ပြန်လည်မွေးမြူသင့် သည်ဟု ထင်မြင်မိပါသည်။ မြိတ်ကျွန်းစုအတွင်း သန္တာကျောက်တန်းအများစုသည် သဘာဝအတိုင်း မပျက်စီးဘဲ ကျန်ရှိနေသောကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနအသီးသီးနှင့် ဒေသ ခံပြည်သူများမှ သန္တာကျောက်တန်းများကို အကောင်းဆုံးထိန်းသိမ်း၍ ရေရှည်တည်တံ့စေရန် ကာ ကွယ်စောင့်ရှောက်ရမည်ဖြစ်ပါသည်။ သို့မှသာ မြိတ်ကျွန်းစုရှိ သန္တာကျောက်တန်းများ ဆက်လက်ရှင် သန်နိုင်မည်ဖြစ်ပြီး ဒေသခံများ၏ အဓိက လုပ်ငန်းဖြစ်သည့် ရေလုပ်ငန်းများကို ရေရှည်ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိစေနိုင်သည့်ခရီးသွားလုပ် ငန်းသည်လည်း ရေရှည်ဆက်လက် တည်တံ့နိုင်မည်ဖြစ်ပါသည်။
ဦးလွှမ်းမိုး
လက်ထောက်ညွှန်ကြားရေးမှူး
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ထားဝယ်ရုံးခွဲ
မှီငြမ်း- အဏ္ဏဝါသိပ္ပံဌာနမှ ပို့ချမှုများနှင့် အဏ္ဏဝါကျောင်းသူကျောင်းသားများ၏ မှတ်စုများ