ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်၊ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ

 

နေပြည်တော်၊ ဇွန်လ (၆) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်း များဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်းရှိ အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လည်ပတ်လျက်ရှိပါသည်။


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Kaung Hein Shwe Sin International Co.,Ltd စီစဉ်ဆောင်ရွက်မှုဖြင့်ပင် သြစတြေးလျနိုင်ငံသား ဧည့်သည် (၁) ဦး ၊ မလေးရှားနိုင်ငံသား ဧည့်သည်(၃) ဦး၊ အင်ဒိုနီးရှားနိုင်ငံသားဧည့်သည် (၁) ဦး ၊ စုစုပေါင်းဧည့်သည် (၅)ဦးသည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် (၁) စီး ၊ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်(၂)စီးဖြင့် ၂၀၁၉ ခုနှစ်၊ မေလ(၈) ရက်နေ့မှ မေလ(၁၂)ရက်နေ့အထိ မြဝတီ-ကျိုက်ထီးရိုး-နေပြည်တော်- ပုဂံ-ဂန့်ဂေါ- တမူး ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ တမူးနယ်စပ်ဂိတ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။

 

ပွင့်လင်းရာသီကာလဖြစ်သည်နှင့်အညီ နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမို တိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ် လျက်ရှိကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply