28
Jan
ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ စက်တပ်ရွက်လှေများဖြင့် လာရောက်လည်ပတ်လျက်ရှိ
နေပြည်တော်၊ ဇန်နဝါရီလ (၂၈) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် စက်တပ်ရွက်လှေ များဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ်လျက်ရှိပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Grand Andaman Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဟောင်ကောင်နိုင်ငံသားဧည့်သည် (၁၄) ဦးသည် Flying Fish စက်တပ်ရွက်လှေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့မှ ဇန်နဝါရီလ(၁၇) ရက်နေ့ အထိ ကော့သောင်း-အောက်ကျွန်းနီကျွန်း-မြန်မာဘန့်-မြောက်တော်ဝင်ကျွန်း-မြန်မာဘန့်-အောက်ကျွန်း နီကျွန်း- -ကော့သောင်းမြို့များသို့ သွားရောက်လည်ပတ်ခဲ့ကြပါသည်။
နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေး အတွက် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများ ကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ စက်တပ် ရွက်လှေ ခရီးစဉ် (၄၀၁)ခု၊ ခရီးသွားဧည့်သည် (၃၁၇၄) ဦး ဝင်ရောက်လည်ပတ်ခဲ့ပြီး ဝင်ငွေ စုစုပေါင်းကျပ်သန်း (၅၅၆.၆) ကျော် ကောက်ခံရရှိခဲ့ပါကြောင်း သတင်းရရှိပါသည်။