Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ကလောမြို့နယ် ပတ္တူပေါက်ကျေးရွာ၊ ပတ္တူပေါက်ဘုန်းကြီးကျောင်းတွင် “ဝါး” လက်မှုအခြေခံ သင်တန်း ဖွင့်လှစ်

နေပြည်တော်၊ စက်တင်ဘာလ (၂၄) ရက် ရှမ်းပြည်နယ်(တောင်ပိုင်း) ၏ ခရီးစဉ်တစ်ခုဖြစ်သော ကလောမြို့နယ် ပတ္တူပေါက်ကျေးရွာရှိ တောကြမ်းခရီးလမ်းလျှောက်ခရီးစဉ် (Trekking Tour)၊ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) စသည့် ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်လည်ပတ်လျှက်ရှိရာ ရိုးရာလူသုံးကုန်အမှတ်တရပစ္စည်းများကို ရောင်းချခြင်းဖြင့် ဒေသခံများ ဝင်ငွေတိုးလာစေရန်နှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန (တောင်ကြီးရုံး) နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (တောင်ကြီးရုံး)၏ ကြီးကြပ်မှု၊ ကလော မြို့နယ် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ဧည့်လမ်းညွှန်များအသင်း၏ စီစဉ်မှုဖြင့် “ဝါး” လက်မှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂၃.၉.၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ကလောမြို့နယ် ပတ္တူပေါက်ကျေးရွာ၊ ပတ္တူပေါက်ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံး) မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (တောင်ကြီးရုံး)မှ သင်တန်းဆရာများနှင့် တာဝန်ရှိသူများ၊ ကလောမြို့နယ် ကမ္ဘာလှည့်ရဲတပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီမှ ခရီးသွားလုပ်ငန်းတတ်သိပညာရှင် ဒေါက်တာကြည်လွင်နှင့် ဧည့်လမ်းညွှန်များအသင်း (ရှမ်း တောင်ဇုန်) မှ တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ ပတ္တူပေါက်ကျေးရွာ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။ သင်တန်းဖွင့်ပွဲတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံး) မှ ညွှန်ကြားရေးမှူး၊ ဦးထင်အောင်နိုင်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (တောင်ကြီးရုံး) မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းလင်းဦးတို့က အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအဖွဲ့ဝင် ခရီးသွားလုပ်ငန်းတတ်သိပညာရှင် ဒေါက်တာကြည်လွင်၊ ဧည့်လမ်းညွှန်များ အသင်း(ရှမ်းတောင်ဇုန်)မှ ဥက္ကဌ နှင့် ကလောမြို့နယ် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဌတို့က သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။ “ဝါး” လက်မှုအခြေခံသင်တန်းကို ပတ္တူပေါက်ကျေးရွာ ဘုန်းကြီးကျောင်းတွင် (၂၃.၉.၂၀၁၉) ရက်နေ့မှ (၇.၁၀.၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသားစုစုပေါင်း (၂၀) ဦး တက်ရောက်သင်ကြားလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

Leave a Reply