
20
Jun
ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို လိုက်နာဆောင်ရွက်မှသာ နိုင်ငံတကာခရီးသွားများ၏ ယုံကြည်မှု ရရှိမည်ဖြစ်ပြီး ဝန်ဆောင်မှုပေးသူ ဝန်ထမ်းများအနေဖြင့် မိမိကိုယ်ကို ယုံကြည်မှုရရှိမည်
နေပြည်တော်၊ ဇွန်လ ၁၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားဧည့်သည်များ လွယ်ကူအဆင်ပြေစွာသွားလာနိုင်ရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ခရီးစဉ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှတဆင့် နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံ တကာခရီးသွားများ ဝင်ရောက်လည်ပတ်သွားလာနေပြီဖြစ်သည်။
မိတ်ဆက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်သည် ယနေ့ နံနက် ၉ နာရီတွင် ဝန်ကြီးဌာနရှိကျောက်စိမ်းခန်းမ၌ ကျင်းပသော Golden TMH ကုမ္ပဏီက ရေးဆွဲထားသည့် Health and Security Screening for Travelers အတွက် Travel Safe Application စီမံချက် ရှင်းလင်းတင်ပြသည့် မိတ်ဆက်အခမ်းအနားသို့ ပါဝင်တက်ရောက်သည်။
အခမ်းအနားသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုးချုပ်များနှင့် အရာထမ်း များ၊ Golden TMH Telecom မှ ဥက္ကဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသ ကြီး/ပြည်နယ်ရုံးခွဲ တာဝန်ခံများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်နှင့် ကောလိပ်များမှ ဆရာ ဆရာမများက အွန်လိုင်းမှ တက်ရောက် ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုနှစ် ဧပြီ ၁၇ ရက်နေ့မှစ၍ အပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်းများကို ပြန်လည်ပျံသန်းပြေးဆွဲခဲ့ ကြောင်း၊ စီးပွားရေးလုပ်ငန်းဗီဇာများကို စတင်ခွင့်ပြုခဲ့ပြီး မေလ ၂၀ ရက်မှ စတင်၍ ကမ္ဘာလှည့် ဗီဇာများကို ခွင့်ပြုပေးလျက်ရှိရာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ၁၁ လိုင်းဖြင့် ဧည့်သည် များဝင်ရောက်လျက်ရှိကြောင်း၊ Electronic System ဖြင့် ယခုကဲ့သို့ ခရီးသွားဧည့်သည်များ ဝင်ရောက်ရာတွင် ခရီးသွားများ၏ လုံခြုံရေး၊ ကျန်းမာရေးနှင့်ဘေးအန္တရာယ် ကင်းရှင်းရေးသည် အရေးကြီးကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုများမှာ လျော့ပါးလာပြီဖြစ်သော်လည်း အခြားမျိုးကွဲများနှင့် ကူးစက်ရောဂါ များရှိနေသောကြောင့် ဂရုတစိုက်ကာကွယ်စောင့်ကြည့်ရန် လိုအပ်နေသေးကြောင်း၊ ယခုအခါ ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ခရီးသွားလုပ်ငန်းနယ်ပယ် ခုနှစ် ရပ်အတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး Health and Safety Protocol (HSP) လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ HSP ကို လိုက်နာဆောင်ရွက်မှသာ နိုင်ငံ တကာခရီးသွားများ၏ ယုံကြည်မှု (Trust) ကို ရရှိမည်ဖြစ်ပြီး ဝန်ဆောင်မှုပေးသူ ဝန်ထမ်းများအနေဖြင့်လည်း မိမိကိုယ်ကို ယုံကြည်မှု (Confidence) ရရှိမည်ဖြစ်ကြောင်း၊ ယနေ့ရှင်းလင်း တင်ပြမည့် Safe Travel Application ကို လေ့လာ၍သိရှိလိုသည်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
မေးမြန်းဆွေးနွေး
ဆက်လက်၍ Golden TMH ကုမ္ပဏီဥက္ကဌမှ မိတ်ဆက်စကားပြောကြားရာတွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအတွက်မြန်နှုန်းမြင့် ဖိုက်ဘာ၊ ကြိုးမဲ့နှင့် ဂြိုလ်တု နည်းပညာများကို ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ ကုမ္ပဏီသည် ယခု မျက်မှောက်ခေတ် ခရီးသွားလာရေးမှာ မရှိမဖြစ်လိုအပ်လာနေသည့် ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ လုပ်ငန်းများ စစ်ဆေးခြင်းလုပ်ငန်းရပ်များကို လွယ်ကူလျင်မြန်စေရန်၊ အချက်အလက် တိကျခိုင်မာ စေဖို့အတွက် Travel Safe Application ကိုရေးဆွဲတင်ပြခြင်းဖြစ်ပါကြောင်း ပြောကြားပါသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးမှ Travel Safe Application နှင့်ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ် အမှာ စကားပြောကြားကာ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: Kyemon