19
Jan
ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး(Assessment) ဆိုင်ရာ သရုပ်ပြ အသိပညာပေးရှင်းလင်းပွဲကျင်းပ
နေပြည်တော် ဇန်နဝါရီ ၁၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး (Assessment) ဆိုင်ရာသရုပ်ပြ အသိပညာပေးရှင်းလင်းပွဲသို့ တက်ရောက်သည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ် ပြုရေးကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (နေပြည် တော်ဇုန်) မှ တာဝန်ရှိသူများ၊ ဟိုတယ်များမှ တာဝန်ရှိသူများ၊ စစ်ဆေးအကဲဖြတ်သူများနှင့် စစ်ဆေးအကဲဖြတ်မှု ခံယူမည့်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (Assessment center) (၃၂) ခုမှ Waiting Staff၊ Room Attendant၊ Bell Person နှင့် Public Area Attendant အလုပ်အကိုင် လေးမျိုးအတွက် ကျွမ်းကျင်လုပ်သားများကို စစ်ဆေးအကဲဖြတ်ပေးလျက်ရှိကြောင်း၊ ယနေ့တက်ရောက်လာကြသည့် စစ်ဆေး အကဲဖြတ်သူများနှင့် စစ်ဆေးအကဲဖြတ်မှု ခံယူမည့်သူများအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျွမ်းကျင်ဝန်ထမ်းများမွေးထုတ် နိုင်ရန်အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း Assessment Center များ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်း ကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စစ်ဆေးအကဲဖြတ်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
၎င်းနောက် ဒုတိယဝန်ကြီးသည် မင်္ဂလာသီရိဟိုတယ်တွင် Room Attendant အလုပ်အကိုင်စစ်ဆေးအကဲဖြတ်နေမှုနှင့် တုံဂပူရိဟိုတယ်တွင် Waiting Staff အလုပ်အကိုင်စစ်ဆေးအကဲဖြတ်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
Source From: Myawady