
24
Jan
ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်တွင်း/ ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်ရေးအတွက် လိုအပ်သောအစီအမံများ ဆွေးနွေးပြောကြား
နေပြည်တော် ဇန်နဝါရီ ၂၃
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့် ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းနှင့် ပြည်နယ်များ အလိုက် ဟိုတယ်ဇုန်များနှင့် ခရီးသွားအသင်းအဖွဲ့များမှ ဥက္ကဌများနှင့် အတွင်းရေးမှူးများ၊ တွဲဖက် အတွင်းရေးမှူးများ၊ နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့် တွေ့ဆုံ၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဆိုင်ရာ လမ်းညွှန်ချက်များ၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်း/ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရန် လိုအပ်သော အစီအမံများကို ဆွေးနွေးပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် နိုင်ငံတော်အဆင့်အစည်းအဝေးများ၊ အခမ်းအနားများ၊ ခရီးစဉ်များ၊ တွေ့ဆုံပွဲများတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားပြီး ခရီးသွားလုပ်ငန်း၏ အရေးပါမှုကို ထည့်သွင်းပြောကြားလမ်းညွှန်လေ့ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇန်နဝါရီ ၂၀ ရက် ငပလီခရီးစဉ်၌ လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် ခရီးစဉ်ဒေသများဖွံ့ဖြိုးရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းများ တစ်ဦးချင်းအလိုက်နှင့် အဖွဲ့လိုက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် အချက် (၁၄) ချက်ကို မှတ်သားရပါကြောင်း၊ ယင်းအချက်များကို ငပလီသာ မက ခရီးစဉ်ဒေသအားလုံးက လုပ်ငန်းလမ်းညွှန်ချက်အဖြစ် အထူးအလေးထားဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာ့ခရီးသွားလုပ်ငန်း စနစ်တကျ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေတိုရေရှည်စီမံကိန်းများ၊ မူဝါဒများ၊ စံသတ်မှတ်ချက်များ၊ ဆောင်ရန် ရှောင်ရန်များကို နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များ နှင့်ပူးပေါင်း၍ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ လုပ်ငန်းလုပ်ကိုင်သူများက မိမိတို့လုပ်ငန်း အောင်မြင်အောင် ကိုယ်တိုင်ကြိုးပမ်းဆောင်ရွက်ကြရမည်ပါကြောင်း။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ နိုင်ငံခြားသားခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ယမန်နှစ်ဝင်ရောက် မှုနှင့် နှိုင်းယှဉ်ပါက (၇၈ ရာခိုင်နှုန်း) ပိုမိုတိုးတက်ဝင်ရောက်လာသည်ကို တွေ့ရှိရပါကြောင်း၊ အဓိက လာရောက်ကြသော လူမျိုးများမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်ဝမ်၊ အမေရိကန်၊ ဗြိတိန်နှင့် ရုရှားတို့ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်ပခရီးသွား တိုးတက် ဝင်ရောက်လာရန် ပြည်ပနိုင်ငံများ၏ ခရီးသွားဈေးကွက်ရရှိအောင် နှစ်နိုင်ငံ အစိုးရများအကြားသာ မက ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိကအသင်းအဖွဲ့များမှ အင်တိုက်အားတိုက် လိုက်ပါ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ အလားတူ ပြည်ပနိုင်ငံများ၌ ကျင်းပလေ့ရှိသော နိုင်ငံတကာခရီးသွားပြပွဲများ၊ ခရီးသွားမြှင့်တင်ရေး ညီလာခံများတွင်သာမက ယင်းနိုင်ငံများရှိ လေကြောင်းလိုင်းများတွင်ပါ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများအား မြှင့်တင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်း/ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်ရန် လိုအပ်သောအစီအမံများအား ဝန်ကြီးဌာနက ရေးဆွဲထားရှိပြီးဖြစ် သည့် အတွက် ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်းတိုက်တွန်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌနှင့် တက်ရောက် လာကြသူများက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုအခြေ အနေများ၊ ဝန်ကြီးဌာနကရေးဆွဲထားရှိသော အစီအမံများတွင် ပါဝင်ဆောင်ရွက်သွားမည့် အခြေ အနေများနှင့် ဆက်လက်အကောင်အထည်ဖော်သွားမည့် အစီအစဉ်များအား ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ အစိုးရ- ပုဂ္ဂလိက- ပြည်သူလူထု အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
Source From: Kyemon