Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကာကွယ်ရေးအတွက်ပူးပေါင်းဆောင်ရွက်ကြရန် အကြံပြုခြင်း
နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၁ ရက်
၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။
၂။ (၁၉-၂-၂၀၂၀)ရက်နေ့တွင် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကောင်စစ်ဝန် ချုပ်ရုံးမှ ပေးပို့သောသတင်းအရ မန္တလေးတိုင်းဒေသကြီး၊ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ (၂၅-၁-၂၀၂၀)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်သို့ ထွက်ခွာသွားသည့် လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သည့် ခရီးသည် (၁၁၉)ဦးတွင် ပါဝင်ခဲ့သောခရီးသည်(၂)ဦးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ရောက်ရှိပြီး (၇-၂-၂၀၂၀) ရက်နေ့နှင့် (၁၁-၂-၂၀၂၀)ရက်နေ့တို့၌ အသီးသီး COVID-19 ရောဂါကူးစက်ခံခဲ့ရကြောင်း၊ အဆိုပါသတင်းအရ ၎င်းခရီးသည် (၂)ဦးသည် မန္တလေးမြို့တွင် (၂၀-၁-၂၀၂၀) ရက်နေ့မှ (၂၄-၁-၂၀၂၀) ရက်နေ့အထိ နေထိုင်ခဲ့ပြီး (၂၅-၁-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိပြီး (၇-၂-၂၀၂၀) ရက်နေ့နှင့် (၁၁-၂-၂၀၂၀)ရက်နေ့တို့တွင် အသီးသီး COVID-19 ရောဂါကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါ သတင်းရရှိလျှင်ရရှိချင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနသည် အဆိုပါခရီးသည်များနှင့် အနီးကပ် ထိတွေ့ခဲ့သည့် ဧည့်လမ်းညွှန်များ၊ ဟိုတယ်နှင့်စားသောက် ဆိုင်များမှဝန်ထမ်းများ၊ ယာဉ်မောင်းများ နှင့် ၎င်းတို့၏ မိသားစုဝင်များအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျန်းမာရေး အခြေအနေများ ကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပြီး ရောဂါလက္ခဏာများပေါ်ပေါက်ပါက ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ် သတင်းပို့ရန်နှင့် ရောဂါကာကွယ်ရေး နည်းလမ်းများအား ကျန်းမာရေးအသိပညာပေး၍ ရောဂါကူးစက်ခံရမှု ရှိ/မရှိကို လုပ်ငန်း လမ်းညွှန်များနှင့်အညီ ဆက်လက်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရှိရ ပါသည်။
၃။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် 2019 Novel Coronavirus (2019-nCov) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ရောဂါပိုး (အဆုတ်ရောင်ရောဂါ) ကူးစက်ပြန့်ပွားမှု စောင့်ကြပ် ကြည့်ရှုခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် မိမိနိုင်ငံတွင်တွေ့ရှိပါက လျှင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်လျှက် ရှိပါကြောင်း ဟိုတယ်များ၊ ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက် နေသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အကြံပြုအပ်ပါသည်။