28
Jul
ခရီးသွားအကြံပြုချက် (၂၈) ပြည်တွင်းခရီးသွားများနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများ လိုက်နာဆောင်ရွက်ရန် အကြံပြုခြင်း
နေပြည်တော်၊ ဇူလိုင်လ (၂၈) ရက်
၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူ နိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။
၂။ ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြို့အဝင်/အထွက်ဂိတ်များရှိ ကျန်းမာရေး စစ်ဆေးဆောင်ရွက်မှုများ ရုပ်သိမ်းပြီးနောက်ပိုင်းတွင် ပြည်တွင်းခရီးသွားများနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများသည် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ပြန်လည်သွားလာ လည်ပတ်လျက်ရှိပါသည်။
၃။ လာမည့် ဇူလိုင်လ (၃၁) ရက်နေ့မှ သြဂုတ်လ (၃) ရက်နေ့ထိ အစိုးရရုံးပိတ်ရက် (၄) ရက်တွင် ပုံမှန်ထက် ပိုမိုခရီးသွားလာကြမည်ဟု မျှော်မှန်းထားပါသဖြင့် ခရီးသွားများ၊ ၎င်းတို့ကို ဝန်ဆောင်မှုပေး နေသည့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် COVID-19 ကူးစက်ပျံ့ပွားမှုမရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ၊ Physical Distancing ဆိုင်ရာ သတ်မှတ်ချက်များကို တိတိကျကျလိုက်နာဆောင်ရွက်ကြရန် အကြံပြုအပ်ပါသည်။
(ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် ဆက်စပ်ဝန်ကြီးဌာနများ၏ ထုတ်ပြန်ချက်များကို ပေါင်းစပ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြုစုထားရှိသော Tourism National Guidelines For COVID-19 Safe Services (Beta Version – IV) ကို https://bit.ly/2UNTWhi တွင် Download ရယူနိုင်ပါသည်။)