တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၁/၂၀၁၉ အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန်လ ၁၂ ရက်

တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး ၁/၂၀၁၉ ကို ၁၁.၆.၂၀၁၉ ရက်နေ့၊ နေ့လယ်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ပါသည်။

အစည်းအဝေးကျင်းပရာတွင် တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌဝန်ကြီးချုပ် ဦးမြင့်မောင်က အမှာစကားပြောကြားရာ တနင်္သာရီတိုင်းဒေသသည် ခရီးသွား လုပ်ငန်းတွင် ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများရှိသည့်အတွက် တိုင်းဒေသကြီး အစိုးရ အနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတကာ ခရီးသွားပြပွဲများတွင်လည်း တနင်္သာရီတိုင်းဒေသကြီးအား ဦးစားပေးမြှင့်တင်ကြော်ငြာပေးလျက်ရှိပါ ကြောင်းနှင့် ထားဝယ်မြို့တွင် ကျင်းပပြုလုပ်မည့် Investment Forum တွင်လည်း ခရီးသွားလုပ်ငန်းကို ဦးစားပေးမြှင့်တင်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ထားဝယ်ရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဦးညိုအေးက ကော်မတီအစည်းအဝေးကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်ခွင့်ပြုထုတ်ပေးခြင်း ၊ဟိုတယ်နှင့် တည်းခိုရိပ်သာတည်ဆောက်ခွင့်နှင့် ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်လျှောက်ထားမှု၊ လိုင်စင် သက်တမ်းတိုးလျှောက်ထားမှုများနှင့်ဆက်စပ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်း တင်ပြခဲ့ပါသည်။

ထို့နောက် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြပြီး လိုင်စင်ရယူခြင်းနှင့်ပတ်သက်၍ လိုအပ်ချက်များ၊ ဖြေလျော့၍လိုအပ်မှုများနှင့်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးများကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply