

27
Sep
တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဝင်/ ထွက် လည်ပတ်လျက်ရှိ
နေပြည်တော်၊ စက်တင်ဘာလ (၂၇) ရက်
နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာသိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက် မပြတ် ဝင်ထွက်သွားလာလည်ပတ်လျက်ရှိပါသည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့မှ စက်တင်ဘာလ (၂၆) ရက်နေ့အထိ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/ နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်း နိုင်ငံသား (၂၄၇၃၆) ဦးနှင့် တတိယနိုင်ငံသားနိုင်ငံခြားသားခရီးသွားဧည့်သည် (၃၆၅) ဦး၊ လန့်တောင်း နေ့ချင်းပြန်ခရီးသွားဧည့်သည် ထိုင်းနိုင်ငံသား (၇) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်အနေဖြင့် ထိုင်း နိုင်ငံသားအများစု ပါဝင်သော တတိယနိုင်ငံသားကမ္ဘာလှည့်ခရီးသည် (၆၆) ဦး၊ ပြည်တွင်းခရီးစဉ်သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်(၁၁၄၈)ဦး ရှိကြောင်း သိရှိရပါသည်။
နေ့ချင်းပြန်ခရီးစဉ်အဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော်နှင့် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြပြီး လန့်တောင်းနေ့ချင်းပြန်ခရီးစဉ်အဖြစ် မိုင်းလင်းဆရာတော်ကျောင်း၊ ရှေးဟောင်း တန်ခိုးကြီးစေတီပုထိုးများ၊ ရှမ်း၊ အာခါ၊ လားဟူစသည့် တိုင်းရင်းသားကျေးရွာများသို့ လေ့လာလည်ပတ်ကြပါသည်။
ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် မိုင်း ဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီးဘုန်းကြီးကျောင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံကျောင်း၊ မြဘုရား ကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်းစေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်းကုန်းဘုန်းကြီးကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန်စသည့် အထင်ကရနေရာများသို့ သွားရောက် လည်ပတ်ခဲ့ကြပြီး တာချီလိတ်မြို့မှ လေကြောင်းဖြင့်တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး- ရန်ကုန်- မန္တလေး- မြစ်ကြီးနား- လားရှိုးမြို့များမှ တဆင့် မြန်မာနိုင်ငံအတွင်းပိုင်းရှိ ခရီးစဉ်များအား ဝင်ရောက်လည်ပတ်ခဲ့ကြပါသည်။
တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ စက်တင်ဘာလ (၂၆) ရက်နေ့အထိ နေ့ချင်းပြန်/ညအိပ် ထိုင်းနိုင်ငံသား (၈၅၀၆၆၅) ဦး ၊ တတိယနိုင်ငံသားအများစုပါဝင် သော ခရီးသည် (၁၁၆၀၂) ဦး၊ လန့်တောင်းနှီးဘုရားနေ့ချင်းပြန်ခရီးစဉ်သို့ ထိုင်းနိုင်ငံသား (၃၀၁) ဦး ၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားခရီးသည် (၈၀၀၈) ဦး၊ ဗီဇာ(ဗီဇာ ကင်းလွတ်ခွင့်) ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီးသည် (၄၆၅၀၀) ဦးတို့ ဝင်ရောက် လည်ပတ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
