
06
Mar
တောင်ကြီးမြို့၌ အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေး
နေပြည်တော် မတ် ၄
အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တော်ဝင်တောင်ကြီးဟိုတယ်၌ မတ် ၃ ရက်က ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းအမှုထမ်းများ၊ တိုင်းဒေသကြီးနှင့်ပြည် နယ် ရုံးခွဲများမှ အရာထမ်းအမှုထမ်းများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မန္တလာ တက္ကသိုလ် (မန္တလေး)၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်(ရန်ကုန်) တို့မှ ဆရာ၊ ဆရာမကြီး များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရှမ်းတောင်ဇုန်)မှ ကိုယ်စားလှယ် များ၊ တောင်ကြီးမြို့ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ခရီးလှည့်လည်ရေးလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက အာဆီယံဒေသကို မတူထူးခြားကွဲပြားသော အတွေ့အကြုံများ စုစည်းထားသည့် အရည်အသွေးမြင့်ခရီးစဉ်ဒေသတစ်ခု ဖြစ်စေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး အများပြည်သူများ စုပေါင်းပါဝင်ခြင်းဖြင့် ဟန်ချက်ညီဖွံ့ဖြိုး တိုးတက်သော ခရီးသွားလုပ်ငန်းဖြစ်စေရေး ဟူသော အာဆီယံခရီးသွားလုပ်ငန်းမဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၅ ပါ မျှော်မှန်းချက်များနှင့်အညီ အာဆီယံ Green Hotel စံနှုန်း၊ အာဆီယံ MICE (Meeting, Incentive, Convention, Exhibition) Venue စံနှုန်းနှင့် အာဆီယံ Spa ဝန်ဆောင်မှု ဆိုင်ရာစံနှုန်း၊ အာဆီယံရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းစံနှုန်း၊ အစိုးရဌာနများမှ ဦးဆောင် အကောင်အထည်ဖော်ရမည့် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်စံနှုန်း၊ အာဆီယံ အများ ပြည်သူသုံးသန့်စင်ခန်းများစံနှုန်းနှင့် အစိုးရဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက် ရမည့် အာဆီယံရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်း ဆိုင်ရာစံနှုန်းစသည်ဖြင့် စံနှုန်းများ ရေးဆွဲပြုစုထားသည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဘာသာရပ်တာဝန်ခံများနှင့် ပုဂ္ဂလိက ကျွမ်းကျင်ပညာရှင်များက အာဆီယံ ခရီးသွားလုပ်ငန်းမဟာဗျူဟာအစီအစဉ် (၂၀၁၆-၂၀၂၅) ပါ ခရီးသွားလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်စံနှုန်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းစံနှုန်း၊ အာဆီယံရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းစံနှုန်းနှင့် အကောင်အထည် ဖော်ဆောင်ခြင်းအတွေ့အကြုံများ၊ အာဆီယံ Green Hotel စံနှုန်း၊ အာဆီယံ MICE Venue စံနှုန်းများနှင့် အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အပြန်အလှန်အသိအမှတ်ပြုရေး အစီအစဉ်(MRA-TP) အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ဆွေးနွေးပို့ချခဲ့ကြပြီး တက် ရောက်လာသူများ သိရှိလိုသည့် ဆွေးနွေးမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
သတင်းစဉ်
Source From: Myanmar Alin