20
Mar
ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး မွန်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံ
နေပြည်တော် မတ် ၁၉
ဟိုတယ်နှင့်ခရီသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ဘိုကုန်းရပ်ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မော်လမြိုင်ရုံးသို့ သွားရောက် ကာ ရုံးအဆောက်အအုံအသစ်တည်ဆောက်မည့် မြေနေရာကိုလှည့်လည်ကြည့်ရှုပြီး မော်လမြိုင်ရုံး တွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်းအမှုထမ်းများနှင့် တွေ့ဆုံသည်။
မှာကြား
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ရည်ရွယ်ချက်များ၊ မူဝါဒများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မွန်ပြည်နယ် အတွင်းရှိ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာတွင် ဒေသခံပြည် သူများ၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သောလုပ်ငန်းများအားလုံး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်မှန်းချက်ထား ကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
မွန်ပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေးနှင့် ယင်းဒေသများသို့ ခရီးသွား ဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတွင် ဝန်ထမ်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးသဖြင့် လုပ်ငန်းနှင့် ဆက်စပ်သောဗဟုသုတများ ကြွယ်ဝနေစေရေးအတွက် စဉ်ဆက်မပြတ်လေ့လာ သင်ယူနေကြရန် လိုအပ်ပါကြောင်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: Kyemon