နေပြည်တော် နိုဝင်ဘာ ၂၅
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ နံနက်ပိုင်းတွင် ကလောမြို့ရှိ Mya Yar Pin ဟိုတယ်၌ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization- DMO) များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ယခုခရီးသွားရာသီတွင် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည် များ ပိုမိုလာရောက်နိုင်ရေး ပြင်ဆင်ရမည့်ကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားကြရန် တိုက်တွန်းလိုပါကြောင်း၊ ကလောဒေသကို ခရီးသွားမြို့တော် ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကလောမြို့ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း (၂၀၂၂-၂၀၂၅)ကို မဟာဗျူဟာ(၅)ချက်ဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်အကောင် အထည်ဖော်မှုများဖြင့် ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ စီမံကိန်းအကောင်အထည် ဖော်မှုကို အထောက်အကူပြုရန် ကလောမြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ကျင်းပခဲ့ပါကြောင်း၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO)များမှ ကိုယ်စားလှယ်များနှင့် ဒေသခံ ပြည်သူများအနေဖြင့် ဖိုရမ်ဆွေးနွေးမှုရလဒ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန်နှင့် မိမိတို့၏တာဝန်ကျရာ အခန်းကဏ္ဍမှ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) များမှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ကလောဒေသရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယ ဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် နန်းသဲကျေးရွာရှိ Adventure Tourism Site တစ်ခုဖြစ်သည့် Kalawe Glamping & Eco-Activities သို့သွားရောက်ကာ ခရီးသွားဧည့်သည်များအတွက် ဘေးအန္တရာယ် ကင်းရှင်းစွာ စွန့်စားခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ထားရှိမှုနှင့် အပန်းဖြေခရီးသွား လုပ်ငန်း ဖော်ဆောင်ထားရှိမှု၊ နိုင်ငံပိုင်ဟိုတယ်များဖြစ်သည့် ကလောမြို့ရှိ Kalaw Heritage Hotel နှင့် ပင်းတယမြို့ရှိ PINDAYA Hotel တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပင်းတယမြို့ရှိ ရွှေဥမင်ဘုရားသို့ သွားရောက် ဖူးမျော် ကြည်ညို၍ ဘုရားဥမင်အတွင်း လာရောက်ဖူးမျော်ကြမည့် ဘုရားဖူးဧည့်သည်များ အဆင်ပြေစွာ ဖူးမျော်သွားလာနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ဘုရားဂေါပထံ အလှူငွေများပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
သတင်းစဉ်
Source From: Kyemon