09
Jan
ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ငွေဆောင်ကမ်းခြေဒေသ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
နေပြည်တော် ဇန်နဝါရီ ၈
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ ညနေပိုင်းတွင် ငွေဆောင်ကမ်းခြေဒေသ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ သွားလာ လည်ပတ်လေ့ရှိသည့် မြွေကျွန်းသို့ သွားရောက်ကာ ခရီးသွားဧည့်သည်များ အဆင်ပြေစွာ သွားလာ လည်ပတ်နိုင်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး စီမံ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ငွေဆောင်ကမ်းခြေရှိ Aureum Palace Hotel ၊ Sunny Paradise Hotel နှင့် Ngwe Saung Square ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဟိုတယ်များ အနေဖြင့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (Hotels Guest List Management System-HGLMS) ကို စနစ်တကျ အသုံးပြုကြရန်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ထုံးလုပ်နည်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (Health and Safety Protocols – HSP) ကို ဒေသအဆင့်ရရှိထားသော ဟိုတယ်များက အမျိုးသားအဆင့် အသိအမှတ်ပြုလက်မှတ်ရရှိအောင် ဆက်လက်ဆောင်ရွက်သွား ကြရန်၊ အမှတ်တရပစ္စည်းများ ရောင်းချရာတွင် ဒေသထုတ်ကုန်များ ပိုမိုထည့်သွင်းရောင်းချနိုင်ရေး စီမံဆောင်ရွက်သွားကြရန်နှင့် ငွေဆောင်ကမ်းခြေဒေသတွင် ဆောင်ရွက်ထားသော Ngwe Saung Square ကို ရေရှည်တည်တံ့အောင် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ဒုတိယ ဝန်ကြီးသည် ငွေဆောင်ကမ်းခြေဒေသရှိ ယမုံနာဦးဟိုတယ်၌ ကျင်းပသည့် ရုရှားဘာသာစကား (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးပြီး ငွေဆောင်ကမ်းခြေဒေသရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် ဆက်စပ်လုပ်ငန်း လုပ်ကိုင်နေကြသူ များအား တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်အတူ Diving Site အဖြစ်သတ်မှတ်ထားသည့် ခရီးစဉ်ဒေသများဖြစ်သော ငှက်ကျွန်း၊ ကျွန်းလျားရှည်ကျွန်းနှင့် လိပ်ကျွန်း၊ ချစ်သူများကျွန်းနှင့် ငွေဆောင်ကမ်းခြေရှိ Yacht Club and Merina Resort Hotel သို့ သွားရောက်ကာ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များကို ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချစွာ သွားလာ လည်ပတ်နိုင်ရေးနှင့် သန့်ရှင်းသာယာလှပပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရေး စီမံဆောင်ရွက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: Kyemon