Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအဝင် နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေး အတွက် ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များ၊ ဟိုတယ်နှင့် ခရီးသွားကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၂၆   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် နေပြည်တော် ကောင်စီနယ်မြေအတွင်း တည်ထားကိုးကွယ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါ အဝင် နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ ပိုမို လာရောက်လည်ပတ်စေရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း များ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်)၊ နေပြည်တော်ခရီးသွားလုပ်ငန်း ရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရီးသွားကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ တွေ့ဆုံသည်။   တွေ့ဆုံပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။   တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်တွင် နေပြည်တော်ရှိ ခရီးသွားဆွဲဆောင်ရာ (၃၈) နေရာသို့ ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်ကြသည်ကို တွေ့ရှိရပါကြောင်း၊ မကြာသေးမီက ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားပူဇော်ထားသည့်အတွက် ဘုရားဖူး ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖော်ဆောင်နိုင်မည်ဖြစ်ပါ ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များ၊ ခရီးသွားကုမ္ပဏီများအနေဖြင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များအတွက် ပြည်တွင်း၌ သွားရောက်လည်ပတ်သော ခရီးစဉ်များ ရေးဆွဲရာ တွင် ခရီးစဉ်ဒေသတစ်ခုအဖြစ် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်အနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ခရီးသွားအဆောက် အအုံများ ရှိနှင့်ပြီးဖြစ်သည့်အတွက် ပြည်တွင်း/ ပြည်ပ ခရီးသွားဈေးကွက်ရရှိရေးအတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံရှိ ခရီးစဉ် ဒေသများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။   ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအေးထွန်းက ပြည်တွင်း/ ပြည်ပ ဘုရားဖူးခရီးစဉ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ဆောင်ရွက်သင့်သည်များ၊ ဖြစ်ပေါ်လာမည့် အခက်အခဲ များအပေါ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်သင့်သည်များ၊ ဘုရားဖူးခရီးစဉ်နှင့် တွဲဖက်၍ အခြား ခရီးသွားဆွဲဆောင်ရာနေရာများသို့ လည်ပတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသင့်သည်များ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်ရေးအတွက် အကြံပြုချက်များကို ဆွေးနွေးပြောကြားသည်။   ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။   ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေး တင်ပြကြပြီး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   သတင်းစဉ် Source From: Myanmar Alin

Leave a Reply