Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၂/၂ဝ၁၉) အစည်းအဝေးသို့ တက်ရောက် အဖွင့်အမှာစကား ပြောကြား

နေပြည်တော် စက်တင်ဘာ ၂၆ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၂/၂ဝ၁၉) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့အစည်းအဝေးသည် ၂၀၁၈ ခုနှစ် စက်တင်ဘာ (၁၇) ရက်တွင် ပြန်လည်ပြင်ဆင်ပြီး ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဥပဒေသစ်အရ အမျိုးသားခရီးသွားလုပ်ငန်း ဗဟိုကော်မတီ၊ ခရီးသွားလုပ်ငန်း ကော်မတီနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများ ဖွဲ့စည်းခဲ့ပြီးနောက်ကျင်းပသည့် အမျိုးသား ခရီးသွားလုပ်ငန်း ဗဟိုကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေး ဖြစ်ပါကြောင်း၊ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် နိုင်ငံတော်အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်းတို့မှ ဆောင်ရွက်ရန်ရှိသည့် ကိစ္စများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းကြရန် ရည်ရွယ်ကျင်းပသည့် အစည်းအဝေး ဖြစ်ပါကြောင်း။ မိမိတို့ အစိုးရလက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခဲ့ပြီး ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာသည်ကို မြင်တွေ့ရ မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်အစိုးရက ပုဂ္ဂလိက ကဏ္ဍကို လုပ်ကိုင်ခွင့် မြှင့်တင်ပေးခြင်းနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းတို့ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည့်အလျောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးစားပေးစီမံကိန်းများကို အဓိက အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံများ တည်ဆောက်မြှင့်တင်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတော် အစိုးရနှင့် ပုဂ္ဂလိကပိုင်းတို့မှ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူပြည်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာမည်ဖြစ်ပြီး လူနေမှုအဆင့် အတန်းများပါ မြင့်တက်လာနိုင်မည်ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ဖြစ်သည့် ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၁၃-၂၀၂၀) ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ချမှတ်ခဲ့ပါကြောင်း၊ ဆက်လက်ပြီး ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ စီမံကိန်းရေးဆွဲရန် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းဖြစ်သည့် Luxembourg Development Agency တို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်ဟု သိရှိရပါကြောင်း၊ ခရီးသွားလုပ်ငန်း သည်ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ် သည့်အတွက် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းတွင် ဒေသခံများ ပိုမိုပါဝင်နိုင်စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များကလည်း မိမိတို့သက်ဆိုင်ရာ ဒေသအလိုက် ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းများ ညှိနှိုင်းရေးဆွဲဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Digital Marketing စနစ်ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ ခရီးသွားပြပွဲများတွင် ပြသခြင်း၊ မြန်မာနိုင်ငံ သည် တည်ငြိမ်အေးချမ်းမှုရှိပြီး ဘေးအန္တရာယ် ကင်းရှင်းစွာ လာရောက်လည်ပတ် နိုင်ကြောင်း ကမ္ဘာလှည့် ခရီးသွားများ သိရှိနိုင်ရေးအတွက် သတင်းမီဒီယာများကို ဖိတ်ခေါ်ပြီး ရုပ်/သံ ရိုက်ကူးရေးဆောင်ရွက်စေခြင်း၊ လက်ကမ်းစာစောင်များ၊ DVD များ ထုတ်ဝေအသုံးပြုပြီး ပြည်ပရှိမြန်မာသံရုံးများမှတဆင့် မြှင့်တင်ကြော်ငြာခြင်း၊ FAM Trip များစီစဉ်ဖိတ်ခေါ်ခြင်း၊ ပြည်ပနိုင်ငံများတွင် Road Show များပြုလုပ်ခြင်း၊ ခရီးသွားသံတမန်များ ခန့်အပ်ခြင်းတို့ဖြင့် ကြိုးစားဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ ခရီးသွားပုံရိပ် မြင့်တက်အောင် ဆောင်ရွက် လျက်ရှိသည်ဟု သိရှိရ ပါကြောင်း။ မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် ခရီးသွား လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများသည် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေပြီး ခရီးသွားလုပ်ငန်း၏ အကျိုးအမြတ်များကို သက်ဆိုင်ရာ ဒေသခံပြည်သူများက ခွဲဝေခံစားခွင့် ရရှိရေးသည် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့အနေဖြင့် ပေါင်းစပ်ဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များကို ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များက ညှိနှိုင်းတိုင်ပင်ပြီး ပူးပေါင်းဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုပါကြောင်း။ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ခရီးသွားကြသည့် ကမ္ဘာလှည့်ခရီးသည် များကို ဆွဲဆောင်ရန် စဉ်းစားသည့်အခါ အနားယူ အပန်းဖြေခြင်း၊ စီးပွားရေးအတွက် ခရီးသွားခြင်း၊ စွန့်စားမှုပြုလုပ်ခြင်း၊ ဗဟုသုတအတွက် ခရီးသွားခြင်း၊ ဆေးကုသရန် ခရီးသွားခြင်း၊ အားကစား လှုပ်ရှားမှုဆိုင်ရာ ခရီးသွားခြင်း၊ ငှက်ကြည့်ခြင်း၊ သဘာဝအခြေခံ ခရီးသွားခြင်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားခြင်း စသည့် ခရီးသွားလုပ်ငန်း အမျိုးအစားများကို စုံလင်စွာ ဝန်ဆောင်မှုပေးနိုင်အောင် ဖြည့်ဆည်းပေးရန် ကြိုတင်မျှော်တွေး ဖြည့်ဆည်းထားရန် လိုအပ်ပါကြောင်း။ ခရီးသွားလုပ်ငန်း အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ရေးနှင့် ကမ္ဘာ့လှည့်ခရီးသွားများ အတွက် သဘာဝအလှအပများကို ကြည့်ရှုနိုင်ရန် မီးရထားခရီးစဉ်များနှင့် မြစ်ကြောင်း ခရီးစဉ်များ စီစဉ်ဆောင်ရွက် ပေးရေး၊ ဝန်ဆောင်မှုများ မြှင့်တင်ပေးရေးနှင့် ပြည်တွင်းလေဆိပ် အဆောက်အုံများ အဆင့်မြှင့်တင်ရေး စသည့်ကိစ္စရပ်များကို အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရေတိုအကျိုးအမြတ်ကို သာမက ရေရှည် အကျိုးရရှိရန်အတွက် သေချာစွာ ချိန်ဆ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ မိမိတို့တွင်ရှိသည့် ခရီးသွားအရင်းအမြစ်များကို တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အဓိက အခွင့် အလမ်းများအဖြစ် အသုံးချသွားရန် လိုအပ်ကြောင်း၊ ယခုအစည်းအဝေးကို တက်ရောက်လာကြသော ပုဂ္ဂိုလ်များ အနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာ တွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ အကြံပြုလိုသည့် အချက်များ၊ ယခင်ဆောင်ရွက် ပြီးစီးမှုများ၏ အားသာချက်၊ အားနည်းချက်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန် ဖိတ်ခေါ်ပါကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန သာမက အခြားဆက်စပ် ဝန်ကြီးဌာနများနှင့် Tourism Stakeholders များအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာ၊ offline platform များ အသုံးပြုဆောင်ရွက်နေမှု၊ နိုင်ငံတကာ  မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းပြသခြင်း၊ နိုင်ငံတကာက နာမည်ကျော် ရုပ်/သံလိုင်းများ၊ မီဒီယာသမားများ၊ travel bloggers များ၊ celebrities များ၊ ခရီးသွားအေဂျင်စီများကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ပြီးမိမိတို့၏ ဆွဲဆောင်မှုကောင်းသည့် ခရီးစဉ်ဒေသများကို လှည့်လည်ပြသည့် FAM trip များ စီစဉ်ဆောင်ရွက်ပေးနေမှု၊ ခရီးသွားမြှင့်တင်ရေး ဆိုင်ရာ ပွဲတော်များကျင်းပပေးမှု၊ ကျေးလက်နေပြည်သူများ ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက် နိုင်စေရန် လူမှုရေး၊ စီးပွားရေး စသည့် အကျိုးအမြတ်များ ရရှိစေရန်၊ အသိပညာဗဟုသုတများ ဖွံဖြိုးတိုးတက်ရန်နှင့် ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း (CBT) များ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်နေမှုတို့နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက် ပေးရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။ ယင်းနောက် ဗဟိုကော်မတီတွဲဖက် အတွင်းရေးမှူးက ဗဟိုကော်မတီ၏ (၁/၂ဝ၁၉) အစည်းအဝေး ဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ခရီးသွားလုပ်ငန်း ကော်မတီဝင်များနှင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဝင်များ ပြောင်းလဲဖွဲ့စည်းခြင်း၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီများမှ ကော်မတီဝင် ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင် များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်း အဖွဲ့ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ စရိတ်ချီးမြှင့်ငွေများ လျာထား ဆောင်ရွက်မှု၊ အားကစား ခရီးသွားလုပ်ငန်း ဦးဆောင်ကော်မတီ နှင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဦးဆောင် ကော်မတီများ ဖွဲ့စည်းခြင်းနှင့် လက်ရှိကာလအတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ဗဟိုကော်မတီသို့ တင်ပြပြီး အတည်ပြုချက် ရယူသည်။ ထို့နောက် ဒုတိယသမ္မတနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကိုနှင့် ဦးသန့်စင်မောင်တို့က နိုင်ငံခြားသား ခရီးသွားများ၏ လုံခြုံရေး၊ ကျန်းမာရေး၊ ပစ္စည်းပျောက်ရှာဖွေပေးရေးနှင့် စည်းကမ်းထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနေမှု၊ ကန့်သတ်နယ်မြေများတွင်ပါဝင်သည့် ခရီးစဉ်ဒေသများအား ဖြေလျှော့ ပယ်ဖျက်ပေးနေမှု၊ ပထဝီအနေအထားရ၊ သမိုင်းကြောင်း အရ၊ ယဉ်ကျေးမှုအရ ထူးခြားသည့် နေရာဒေသများကို ရေးသားထုတ်လွှင့်ပြသနေမှု၊ ဗီဇာဖြေလျှော့ဆောင်ရွက်နေမှု၊ လေကြောင်းလိုင်း ခရီးစဉ်များ တိုးချဲ့ပျံသန်းနေမှု တို့နှင့် စပ်လျဉ်းပြီး ဆွေးနွေးတင်ပြကြသည်။ ဆက်လက်၍ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရီးသွား လုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိက ခရီးသွား အဖွဲ့အစည်းမှ ကိုယ်စားလှယ် များက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်မှု အခြေအနေ နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ ခရီးစဉ်ဒေသများနှင့် အထင်ကရနေရာများအား ထိန်းသိမ်းထားရှိမှု၊ ခရီးစဉ်ဒေသများ ဖော်ထုတ်ဆောင်ရွက်မှု၊ လူထုအခြေပြု ခရီးသွားလုပ်ငန်းများ၊ ဆင်ထိန်းသိမ်းရေး အခြေပြု ခရီးသွားလုပ်ငန်းများနှင့် သဘာဝအခြေပြု ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးမှု၊ အရည်အသွေးမီ ခရီးသွားဝန်ဆောင်မှုများပေးနိုင်ရန် ဆောင်ရွက်နေမှု၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံ လိုအပ်ချက် များနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ရှင်းလင်း တင်ပြကြ သည်။ တင်ပြချက်များနှင့် စပ်လျဉ်းပြီး ဒုတိယသမ္မတက ပေါင်းစပ်ဆောင်ရွက်နိုင်ရေးညှိနှိုင်းပေးကာ အစည်း အဝေးကို ရုပ်သိမ်း လိုက်သည်။ Source: MOI Webportal Myanmar

Leave a Reply