ဒေသဧည့်လမ်းပြ (Local Trekking Conductor) သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

နေပြည်တော် ၊ သြဂုတ်လ (၁၃)ရက်
ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ ဒေသခံတိုင်းရင်းသားများ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်နှင့် ပညာရေးလိုအပ်ချက်ကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ပေးလျက်ရှိသော ဧည့်လမ်းညွှန် (အခြေခံ) သင်တန်းနှင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် (အခြေခံ) သင်တန်းများသို့ တက်ရောက်ခွင့်မရရှိခဲ့ကြသည့် ဒေသခံလူငယ် များအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံးခွဲ) ၏ ကြီးကြပ်မှုနှင့် ဧည့်လမ်းညွှန်များအသင်း (ရှမ်းတောင်ဇုန်) ၏ စီစဉ်မှုဖြင့် ဖွင့်လှစ်သည့် ဒေသဧည့်လမ်းပြ (Local Trekking Conductor) သင်တန်း ဖွင့်ပွဲအခမ်းအနားကို (၁၂.၈.၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ကလောမြို့၊ ဓမ္မယာန လူငယ်ဖွံ့ဖြိုးရေး ကျောင်းတွင် ကျင်းပခဲ့ပါသည်။


သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် ၊ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင် နှင့် အဖွဲ့ဝင် ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင် ဒေါက်တာကြည်လွင်၊ ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း နှင့်ဆက်စပ်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ အပါအဝင် ဖိတ်ကြားထားသည့် ဧည့်သည်တော် (၃၀)ဦး နှင့် သင်တန်းသား/သင်တန်းသူ (၁၀၆) ဦး စုစုပေါင်း (၁၃၆) ဦး တက်ရောက် ခဲ့ကြပါသည်။


အခမ်းအနားတွင် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာတတ်သိ ပညာရှင်တို့က အသီးသီးအမှာစကားများ ပြောကြားခဲ့ကြပါသည်။ ထို့နောက် ဧည့်လမ်းညွှန်များအသင်း (ရှမ်းတောင်ဇုန်) ဥက္ကဌ ဒေါ်တင်တင်ညိုမှ သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

အဆိုပါ ဒေသဧည့်လမ်းပြ (Local Trekking Conductor) သင်တန်းကို (၁၂.၈.၂၀၁၉) ရက်နေ့မှ စ၍ (၂၃.၈.၂၀၁၉) ရက်နေ့အထိ ရက်သတ္တ (၂) ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင်လည်း ဆက်လက်ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း သတင်း ရရှိပါသည်။

About the author

Leave a Reply