Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင် စကားပြောကြေးနန်းဖြင့် ဆက်သွယ်ဆွေးနွေး

နေပြည်တော် မေ ၂၀

     ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် ယနေ့ညနေ ၆ နာရီ ၁၀ မိနစ်တွင် စကားပြောကြေးနန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။

    ထိုသို့ဆက်သွယ်ပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ချီးကျူးဖွယ်ရာ အောင်မြင်မှုများရရှိခဲ့သည့် အခြေအနေ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကြိုးပမ်းရာ တွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊ မြန်မာနိုင်ငံအား တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆေးပစ္စည်းများနှင့် ကူညီပံ့ပိုးမှုများ ဆက်လက်တိုးမြှင့်ပေးအပ်ရေး ကိစ္စများကို အလေးပေးဆွေးနွေးခဲ့ကြသည်။

    ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း စိတ်ဓာတ်ကို အခြေခံ၍ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု အရှိန်အဟုန် မြှင့်တင်ရေး ကိစ္စ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်မြောက်သည့် ၂၀၂၀ ပြည့်နှစ်တွင် အထိမ်းအမှတ် အခမ်းအနားများကို ကိုဗစ်-၁၉ အခြေအနေ တည်ငြိမ်လာသည့်အခါ ကျင်းပသွားနိုင်ရေး ကိစ္စ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စ၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာ များတွင် နှစ်နိုင်ငံ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စ၊ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ယခုနှစ် ဉီးပိုင်းက လာရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်အတွင်း အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ မြန်မာ-တရုတ်စီးပွားရေး စင်္ကြံအောက်မှ စီမံကိန်းများကို အရှိန် အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်သွားရေးနှင့် ကိုဗစ် ကပ်ရောဂါအခြေအနေ တည်ငြိမ်လာသည့်အခါ နှစ်နိုင်ငံအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် လည်ပတ်ရေးကိစ္စရပ်တို့နှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြသည်။

Source from; ကြေးမုံ