01
Feb
နေပြည်တော်တို့ ပြည်ပခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လာရေးအတွက် ခရီးသွားကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော် ဇန်နဝါရီ ၃၁
ခရီးသွားကုမ္ပဏီများ၏ အစီအစဉ်ဖြင့် လာရောက်လည်ပတ်သော ပြည်ပခရီးသွားဧည့်သည်များ နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ လွယ်ကူအဆင်ပြေချောမွေ့စွာဝင်ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ထိုင်းခရီးသွားဝန်ဆောင်မှု ပေးနေသော ခရီးလှည့်လည်ရေးကုမ္ပဏီများနှင့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နယ်ရုံးခွဲများမှတာဝန်ခံများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ပြည်ထောင်စုနယ်မြေသည် မြန်မာနိုင်ငံရှိ ထင်ရှားသောခရီးစဉ်ဒေသများသို့ သွားရောက်ရန် အချက်အချာကျသောနေရာတွင် တည်ရှိနေပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ခရီးသွားအခြေခံအဆောက် အအုံများ ရှိနှင့်ပြီးဖြစ်ပါကြောင်း၊ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ သွားလာလည် ပတ်ရန်အတွက် ခရီးသွားဆွဲဆောင်ရာ နေရာ ၃၈ နေရာရှိပါကြောင်း၊ မကြာသေးခင်က တည်ထားကိုးကွယ်တော်မူသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးမှာလည်း ထင်ရှားသည့်ခရီးသွား ဆွဲဆောင်ရာ နေရာတစ်ခုပင်ဖြစ်ပါကြောင်း၊ နေပြည်တော်အနေဖြင့် ၂၀၂၂ ခုနှစ်တွင် အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော်ဆုကို ရရှိခဲ့ပါကြောင်း။ နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်ပခရီး သွားဧည့်သည်များ တိုးတက်ဝင်ရောက်လာရေး အကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်း၊ ခရီးလှည့်လည်ရေး ကုမ္ပဏီများအနေဖြင့်လည်း တာဝန်ယူမှုရှိပြီး ရေရှည်တည်တံ့သော ခရီးစဉ်ကောင်းများ ဖြစ်လာစေရေးအတွက် ပူးပေါင်းဆောင် ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက နေပြည်တော်သို့ ပြည်ပခရီးသွားဧည့်သည်များ စင်းလုံးငှား လေယာဉ် ခရီးစဉ်များဖြင့် လာရောက်ရာတွင် လုပ်ဆောင်ရမည့် အခြေအနေများ၊ ထိုင်းခရီးသွား ဝန်ဆောင်မှုပေးနေသော ခရီးလှည့်လည်ရေးကုမ္ပဏီများမှ ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များ၊ နေပြည်တော်သို့ ပြည်ပခရီးသွားများ တိုးတက်ဝင်ရောက်လာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်တက်ရောက်လာကြသောမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် လှည့်လည်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများက ၎င်းခရီးတို့၏လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် တွေ့ကြုံရသည့်အခက်အခဲများ၊ နေပြည်တော်အားခရီးစဉ်များ ရေးဆွဲရောင်းချရာတွင် ထည့်သွင်းရေးဆွဲသွားမည့်အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုဆွေးနွေးတင်ပြကြရာပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ် ပြည်ပ ဆက်ဆံရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျင်းပသော စိန့်ပီတာစဘတ် – မြန်မာခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့ အွန်လိုင်းမှ ပြည်ထောင်စုဝန်ကြီးက တက်ရောက်သည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသများအား ရုရှားခရီးသွား ဧည့်သည်များ ပိုမိုသိရှိလာရောက်လည်ပတ်စေရန် Welcome Russia Program in Myanmar 398 အစဉ်၊ ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်အစီအစဉ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသော ခရီးသွားပြပွဲများသို့ ပါဝင်ပြသခြင်းအစီအစဉ်၊ ခရီးစဉ်ဒေသဆိုင်ရာသတင်း အချက်အလက် များကို မြှင့်တင်ကြော်ငြာခြင်း အစီအစဉ်တို့ကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသော ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် စိန့်ပီတာစဘတ်အပါအဝင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံရှိ ခရီးစဉ်ဒေသမြို့များသို့ နှစ်နိုင်ငံ ခရီးသွားများ အပြန်အလှန် လွယ်ကူချောမွေ့စွာသွားလာလည်ပတ်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး မြန်မာနိုင်ငံနှင့် စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူး၊ စိန့်ပီတာစဘတ်မြို့မှ မြန်မာကောင်စစ်ဝန်ချုပ်၊ စိန့်ပီတာစဘတ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာကုန်သွယ်ရေးတာဝန်ခံ Mr. Madimir S. Kazadayev စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေး ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ Mr. Vyacheslav Kalganov တို့က အမှာစကားများပြောကြားကြသည်။ ထို့နောက် ဆွေးနွေးပွဲအစီအစဉ်အရ မော်စကို အခြေစိုက် စိန့်ပီတာစဘတ်ရုံးမှ FUN SUN Tour Operator Margarita Meshcheryakova မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ခရီးသွား အတွေ့အကြုံများ၊ တွေ့ကြုံရသည့်အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး နှစ်နိုင်ငံမှ တက်ရောက်လာသည့် ကိုယ်စားလှယ်များက သိရှိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဖြေကြားမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Source From: Kyemon