
15
Jul
ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
နေပြည်တော် ဇူလိုင် ၁၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်သို့ ရောက်ရှိရာ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးက နန်းတော်ရာနောက်ခံသမိုင်း အကျဉ်း၊ တူးဖော်သုတေသနပြုဆောင်ရွက်ခဲ့သည့်အခြေအနေ၊ တွေ့ရှိမှုအပေါ်အခြေခံ၍ နန်းဆောင်ပြန်လည် တည်ဆောက်မှုအခြေအနေနှင့် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် Emerald Lake Company မှ ဦးဖြိုးလင်းအောင်က ကမ္ဘောဇသာဒီနန်းတော်ရာ Historical Park အဖြစ် ဆောင်ရွက်မည့်အခြေအနေနှင့် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များ ဝင်ရောက်လည်ပတ်မှုကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နန်းတော်ရာအဆင့်မြှင့်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များတွင် မသန်စွမ်းသူများအတွက် အဟန့်အတားမဲ့ခရီးသွားလုပ်ငန်း (Barrier Free Tourism) ကို ဖော်ဆောင်နိုင်ရေးအတွက် ထည့်သွင်းဆောင်ရွက်ရန်အချက်များကို မှာကြားပြီး နန်းတော်ရာအတွင်းရှိ ဟံသာဝတီအမျိုးသားပြတိုက်နှင့် နန်းတော်ရာသို့ လာရောက်လေ့လာလည်ပတ်သူများအတွက် စားသောက်ဖွယ်ရာများကို စုပေါင်းရောင်းချနိုင်ရန် ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့ ရွှေဝါထွန်းဟိုတယ်၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် ပဲခူးမြို့ရွှေဝါထွန်းဟိုတယ် ကမ္ဘောဇသာဒီခန်းမ၌ ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိသူများကို တွေ့ဆုံကာ Enchanting Myanmar Health and Safety Protocol အစီအစဉ်အရ စစ်ဆေးပြီးသော ဟိုတယ်၊ တည်းခိုရိပ်သာများအား အမျိုးသား အဆင့် အသိအမှတ်ပြုလက်မှတ်များရယူနိုင်ရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၌ ဝန်ဆောင်မှု ပေးနေသော ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် Booster Dose ထပ်ဆောင်းထိုးနှံနိုင်ရေး၊ ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System) အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဟိုတယ်နှင့် တည်းခိုရိပ်သာများ စနစ်တကျမှတ်ပုံတင်၍ ပါဝင်ဖြည့်သွင်းနိုင်ရေး၊ ဟိုတယ်နှင့် တည်းခိုရိပ်သာများ၏ လုံခြုံရေးနှင့် သန့်ရှင်းသာယာလှပရေး ဆိုင်ရာကိစ္စရပ်များ မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက Regional Level Certificate များ ပေးအပ်ရာ ဟိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းရှင်များအသင်းကိုယ်စား ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
Source From: Kyemon