05
Feb
ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၌ ပြင်ဦးလွင်ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးတို့သည် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၌ ကျင်းပသော ပြင်ဦလွင်ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြင်ဦးလွင်ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ်ကို သေနတ်ပစ်ဖောက်၍ တာလွှတ် ပေးသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ဒုတိယဝန်ကြီး တို့သည် ပြင်ဦးလွင်ကျေးလက်ဒေသစက်ဘီးစီးခရီးစဉ် (၂၀၂၄) ပန်းဝင်ကြိုဆိုပွဲ အခမ်းအနား ပြုလုပ်သည့် ဒီဇင်ဘာခြံပန်းဥယျာဉ်သို့သွားရောက်ကာ ပန်းဝင်လာကြသည့် စက်ဘီးစီးအားကစားသမားများအား ဂုဏ်ပြုစုများ ပေးအပ်ချီးမြှင့်ကြပြီး စက်ဘီးစီးခရီးစဉ် ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီကြသူများအား ဂုဏ်ပြုလက်မှတ်များပေးအပ်ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့တွင် ဖွင့်လှစ်ထားသည့် ရွှေနန်းထိုက် ဟိုတယ်သို့သွားရောက်ပြီး ဟိုတယ်လုပ်ငန်း များလည်ပတ်နေမှုနှင့် ခရီးသည်တည်းခိုမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များပေါင်းစပ်ညှိနှိုင်း ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးမြို့သို့ ရောက်ရှိပြီး ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များကို ခရီးစဉ်ဒေသဆိုင်ရာအချက်အလက်များ အလွယ် တကူ သိရှိနိုင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ၆၈ လမ်းတွင် ဖွင့်လှစ် ထားသည့် သတင်းနှင့်ပြန်ကြားရေးကောင်တာ၊ နိုင်ငံပိုင်ဟိုတယ်များဖြစ်သည့် မန္တလေးစွမ်းဟိုတယ်နှင့် ထွန်းလှဟိုတယ်တို့သို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် သင်တန်းနှင့် သင်တန်းကျောင်း အသိ အမှတ်ပြုမှုအစီအစဉ် (Accreditation Program)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် အာဆီယံမှသတ်မှတ်ထားသော ASEAN (MRA-TP) Guidelines များနှင့်အညီ ASEAN National Trainer (TOT)သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ASEAN Master Trainer လက်မှတ်ရရှိသူများက သင်တန်းနည်းပြများအဖြစ် သင်ကြားပေးလျက် ရှိကြောင်း၊ ဟိုတယ်ပရိဝုဏ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ဟိုတယ်အဆောက်အဦများ နိုင်ငံတကာအဆင့်မီ ကောင်းမွန်ပြီး အမြင်တင့်တယ်မှုရှိစေရေး ဆောင်ရွက်သွားကြရန် မှာကြားသည်။
ထို့အပြင် ဒုတိယဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းကလည်း ပြင်ဦးလွင်မြို့ရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: Kyemon