Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် အာဆီယံ – တရုတ်စင်တာအတွင်းရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၉

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့ညနေပိုင်းက ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက် မည့် ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်စင်တာ (ASEAN China Centre – ACC) ၏ အတွင်း ရေးမှူးချုပ် Mr. Shi Zhongjun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများကို တရုတ် နိုင်ငံသားခရီးသည်များ ပိုမိုသိရှိလာရောက်လည်ပတ်ရေး၊ ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် တရုတ်ဘာသာစကားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ နှစ်နိုင်ငံခရီးသွား လုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍမှ ပိုမိုပါဝင်လာနိုင်ရေး၊ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးနှင့် ဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ်စင်တာတို့ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးနိုင်ရေး တို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက အာဆီယံ – တရုတ် စင်တာ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့အား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) နှင့် ဗီယက်နမ်နိုင်ငံ၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဗီယက်နမ်နိုင်ငံ ဟွိုင်အန်းမြို့၌ ဒီဇင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် ပထမအကြိမ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်းညီလာခံ တက်ရောက် ရန် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာသွားကြောင်း သိရသည်။

သတင်းစဉ်

Source From: MyanmarAlin

Leave a Reply