Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံ ဟွိုင်အန်းမြို့၌ ကျင်းပသည့် ပထမအကြိမ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်းညီလာခံ တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁၃

          ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) နှင့် ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတို့ ပူးပေါင်း၍ပထမအကြိမ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်းညီလာခံကို ဗီယက်နမ်နိုင်ငံ ဟွိုင်အန်းမြို့၌ ဒီဇင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

          ညီလာခံသို့ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ပစိဖိတ်-အာရှခရီးသွားလုပ်ငန်းအဖွဲ့၊ မဲခေါင်ခရီးသွားညှိနှိုင်းရေးရုံး၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့စားနပ် ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့တို့မှတာဝန်ရှိသူများနှင့် Fliggy, Intrepid, Japan Travel Bureau, Meta, Traveloka အစရှိသည့် ခရီးသွားကုမ္ပဏီများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ရုပ်သံမီဒီယာများမှ ကိုယ်စားလှယ်များ စသည့် နိုင်ငံပေါင်း ၅၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

          ပထမအကြိမ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်း ညီလာခံကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် ခရီးသွားလုပ်ငန်း၏ အရေးပါမှုများကို အလေးထား ဆွေးနွေးရန်နှင့် နိုင်ငံအဆင့်၊ ဒေသတွင်းအစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၀  ရက်နေ့နံနက်ပိုင်းတွင် ပထမအကြိမ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်း ညီလာခံသို့ တက်ရောက်ခဲ့ကြပြီး ညီလာခံတွင် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Pham Minh Chinh၊ ဗီယက်နမ်နိုင်ငံ၊ ယဉ်ကျေးမှု၊ အားကစားနှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Nguyen Van Hung၊ ဒုတိယဝန်ကြီး H.E. Mr. Ho An Phong၊   ကွမ်နမ်ပြည်နယ် ပြည်သူ့ကော်မတီ၏ Secretary H.E. Mr. Luong Nguyen Minh Triet ၊ ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Ms. Zoritsa Urosevic တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။

          ထို့နောက် ခရီးသွားလုပ်ငန်းမှတဆင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် မူဝါဒများ ချမှတ်ရေး၊ အကောင်းဆုံးခရီးသွားကျေးရွာများ ဖော်ဆောင်ရာတွင် ဒေသခံများ၏ ဦးဆောင်မှုအခန်းကဏ္ဍ၊ စိုက်ပျိုးရေးနှင့်ခရီးသွားလုပ်ငန်း၏ဆက်နွယ်မှု၊ ကျေးလက်ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေရရှိနိုင်မည့် အခွင့်အလမ်းများ၊ ခရီးသွားကျေးရွာများဖော်ဆောင်ရာတွင် လူငယ်များ၏အခန်းကဏ္ဍ၊ စစ်မှန် သည့် ခရီးသွားအတွေ့အကြုံကောင်းများ ဖန်တီးပေးနိုင်မှု၊ ကျေးလက်ခရီးသွားလုပ်ငန်းတွင် ဒီဂျစ် တယ်၏အခန်းကဏ္ဍ အစရှိသည့် ခေါင်းစဉ်များဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပခဲ့ကြသည်။

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ ကြသည်။

          ဒီဇင်ဘာ ၁၁ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၂၀၂၄ ခုနှစ်အတွက် အကောင်း ဆုံးခရီးသွားကျေးရွာအဖြစ် ရွေးချယ်ခြင်းခံရသည့် Tra Que စိုက်ပျိုးရေးကျေးရွာ၊ အိုးလုပ်ငန်းများ ဆောင်ရွက်သည့် Thanh Ha ကျေးရွာနှင့် ဟွိုင်အန်းရှေးဟောင်းမြို့များသို့သွားရောက်၍ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဖြစ်သတ်မှတ်ထားသည့် ဟွိုင်အန်းဟင်းလျာများ ချက်ပြုတ်နိုင်ရန် အတွက်ဆောင်ရွက်ထားရှိမှု၊ နှစ်ပေါင်း ၅၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းရိုးရာ အိုးလုပ်ငန်း များနှင့်  ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟွိုင်အန်းမြို့ဟောင်းရှိ အနောက်တိုင်းနှင့်အရှေ့တိုင်း ယဉ်ကျေးမှု အဆောက်အအုံများ၊ ဗိသုကာလက်ရာများ၊ နှစ်ပေါင်း၄၀၀ကျော်သက်တမ်းရှိ Cau ဘုရား၊ စဉ့်ထည်ပြတိုက်နှင့် လက်မှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

          ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  လေကြောင်းခရီးဖြင့် ဗီယက်နမ်နိုင်ငံမှ ပြန်လည်ထွက်ခွာရာ ရန်ကုန်မြို့သို့ ညနေပိုင်းတွင် ရောက်ရှိပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်

Source From: Kyemon

Leave a Reply