
27
Jun
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေး တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်
နေပြည်တော် ဇွန် ၂၄
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန နီလာ အစည်းအဝေးခန်းမ၌ အင်ဒိုနီးရှားနိုင်ငံ၊ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးတီထွင် ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီးဌာနမှ Hybrid စနစ်ဖြင့် ဦးဆောင်ကျင်းပသော နိုင်ငံအဆင့် ခရီးသွားလုပ်ငန်း ကျွမ်းကျင် ပညာရှင်များအဖွဲ့ (National Tourism Professional Board-NTPB) နှင့် ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးအဖွဲ့ (Tourism Professional Certification Board-TPCB) ဆိုင်ရာ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ NTPB နှင့် TPCB အဖွဲ့ဝင်ဖြစ်သော ဆက်စပ်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၊ အရှေ့တောင်အာရှဒေသတွင်း သင်ကြားရေးစင်တာများ ဖွင့်လှစ်ရေးဆိုင်ရာ ပညာရေး ဝန်ကြီးများအဖွဲ့၊ အာဆီယံနှင့် အရှေ့အာရှစီးပွားရေးသုတေသနအဖွဲ့မှ Speaker များ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ NTPB နှင့် TPCB အဖွဲ့ဝင်များနှင့် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံစီးပွားရေး အသိုက်အဝန်း ပေါင်းစည်းရေးကို အရှိန်အဟုန်မြှင့်တင်ရန်ဆောင်ရွက်ရာ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန်အသိအမှတ်ပြုမှု အကောင်အထည်ဖော်ရေး ဆိုင်ရာ ဒေသတွင်းအတွင်းရေးမှူးရုံးတို့အနေဖြင့် ခရီးသွားလုပ်ငန်းကျွမ်းကျင် အလုပ်သမား များနှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေသူများအတွက် အာဆီယံ ခရီးသွားလုပ်ငန်း အပြန်အလှန် အသိအမှတ်ပြုရေးအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရာတွင် တွန်းအား ပေး မြှင့်တင် ဆောင်ရွက်သွားနိုင်ရေး၊ ASEAN Master Trainer နှင့် ASEAN Master Assessor များ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အာဆီယံ-သြစတြေးလျဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အောက်တွင် Freelance Professionals များအတွက် ဆရာဖြစ် သင်တန်း အစီအစဉ်များ ပံ့ပိုးပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ပါဝင်ဆွေးနွေးပြောကြားသည်။
ယင်းနောက် အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ် ပြုရေး အစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရာ၌ လိုအပ်သည့် အခြေခံအရင်းအမြစ်များ တည်ဆောက်မှုများ၊ NTPB နှင့် TPCB များ၏ အခန်းကဏ္ဍ၊ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စနှင့် ခရီးသွား လုပ်ငန်း၏ အနာဂတ်လုပ်ငန်းစဉ်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အစိုးရ၊ ပုဂ္ဂလိက ကျွမ်းကျင် ပညာရှင်များက ဦးဆောင်ဆွေးနွေးကြသည်။ ဆက်လက်၍ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာ ရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ NTPB နှင့် TPCB ကိုယ်စားလှယ်များက နိုင်ငံအလိုက် NTPB နှင့် TPCB အဖွဲ့များဖွဲ့စည်းဆောင်ရွက်မှု အခြေအနေ များ၊ အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင်မှုစံနှုန်းများကို အခြေခံသည့် National Trainers နှင့် Assessors သင်တန်းများပို့ချပေးနေမှုများ၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနေမှု အခြေအနေ များ၊ အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းနှင့် အာဆီယံခရီး သွားလုပ်ငန်းဘုံသင်ရိုးညွှန်းတမ်း အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ အတွေ့အကြုံကောင်းများ ကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးဖလှယ်ကြသည်။
အဆိုပါ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲကို အာဆီယံစီးပွားရေးအသိုက်အဝန်း ပေါင်းစည်းမှုကို အထောက်အကူဖြစ်စေသည့် အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်မှုတွင် NTPB နှင့် TPCB အဖွဲ့များ၏ အတွေ့အကြုံကောင်းများ မျှဝေနိုင်ရန်နှင့် ဆွေးနွေးနိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Source From: Myanma Alinn