
05
Dec
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဧည့်ဝန်ဆောင်မှုဆိုင်ရာ ဆရာဖြစ် (TOT) သင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
နေပြည်တော် ဒီဇင်ဘာ ၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ နေပြည်တော်ဟိုတယ်ဇုန်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ ဆရာဖြစ် (TOT) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တုံဂပူရိဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက် အမှာစကားပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာနှင့် သင်တန်းသား သင်တန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ခရီးသွားလုပ်ငန်းမှာ ဝန်ဆောင်မှုပေးရသော လုပ်ငန်းဖြစ်သည့်အတွက် ဝန်ဆောင်မှုပေးရသူများ၏ စွမ်းဆောင်ရည်များ ပြည့်ဝနေရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အသင်းအဖွဲ့များ လုပ်ငန်းလုပ်ကိုင်သူများနှင့် ပူးပေါင်း၍ ဧည့်ဝန်ဆောင်မှုဆိုင်ရာ ASEAN National Trainer (TOT) သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး ASEAN National Trainer စုစုပေါင်း ၅၈၇ ဦးရှိကာ ASEAN National Trainer သင်တန်းများကို သင်ကြားပို့ချနိုင်သော ASEAN Master Trainers ၁၈ ဦးနှင့် ASEAN Master Assessor ၁၉ ဦး စုစုပေါင်း ၃၇ ဦးရှိပြီဖြစ်ကြောင်း၊ ယခုသင်တန်းကို အာဆီယံမှ သတ်မှတ်ထားသော ASEAN (MRA-TP) Guidelines များနှင့်အညီ ASEAN Master Trainer လက်မှတ်ရရှိထားသူများက သင်ကြားပေးမည်ဖြစ်ကြောင်း၊ တက်ရောက်လာသော သင်တန်းသားသင်တန်းသူများအနေဖြင့် မိမိတို့ဒေသနှင့် ဟိုတယ်ဇုန်များအလိုက် ပြန်လည်မျှဝေသင်ကြားပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်)မှ တာဝန်ရှိသူက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ဆက်လက်ဆောင်ရွက်မည့်အခြေ အနေများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းအား နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် သင်တန်းသား ၂၀ စီ ဖြင့် ငါးရက်ကြာ တစ်ပြိုင်တည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Kyae Mon