31
Jan
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဌာနတွင်း ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
နေပြည်တော် ဇန်နဝါရီ ၃၀
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ရုံးလုပ်ငန်းတာဝန်များကို စနစ်တကျထမ်းဆောင်နိုင်စေရန်နှင့် ရုံးလုပ်ငန်းစွမ်းဆောင်ရည်များ တိုးမြင့်လာစေရန် ရည်ရွယ်၍ ဌာနတွင်းရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး / ပြည်နယ်ရုံးခွဲများမှ သင်တန်းသား၊ သင်တန်းသူများက Hybrid စနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျရှိခြင်းနှင့် စည်းစနစ်ကျနစွာ လုပ်ကိုင်ဆောင်ရွက်ခြင်းသည် လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍဖြစ်သောကြောင့် ကြိုးစားလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများကို စနစ်တကျပြီးမြောက်အောင် အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စီမံနိုင်ရေးမှာလည်း အရေးကြီးပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်ကြမည့် အငယ်တန်းစာရေးဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏သမိုင်းကြောင်း၊ လုပ်ငန်းစဉ်၊ မူဝါဒ၊ စံချိန်စံနှုန်းများကို သိရှိအောင် ကြိုးစားသင်ယူလေ့လာကြရန်နှင့် ခေတ်နှင့်လျော်ညီသော စွမ်းဆောင်ရည်များ ပြည့်ဝအောင်ကြိုးစားပြီး ဝန်ထမ်းကောင်းတစ်ဦးဖြစ်အောင် အကောင်းဆုံးလေ့လာသင်ယူကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ဝန်ကြီးဌာနမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု၊ ဟောပြောပွဲ၊ စာတမ်းဖတ်ပွဲနှင့် အတွေ့အကြုံနှီးနှော ဖလှယ်ပွဲများ၊ ဘာသာစကားသင်တန်းများနှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု၊ ပြည်တွင်း/ ပြည်ပသင်တန်းများသို့ စေလွှတ်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ဌာနတွင်း ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်သင်ကြားပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: Kyemon